Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ခရစ္စမတ်နေ့ လေယာဉ်ပျက်ကျမှုဟာ ရုရှားရဲ့ မှားယွင်းပစ်ချမှုကြောင့်လို့ အဇာဘိုင်ဂျန် သမ္မတပြော

ခရစ္စမတ်နေ့တုန်းက ခရီးသည်တင်လေယာဉ် ပျက်ကျမှုဟာ ရုရှားက မှားယွင်းပစ်ချခဲ့တာဖြစ်ပြီး အဲဒီအချက်ကို ရုရှားဖက်က ဖုံးကွယ်ထားတာလို့ အဇာဘိုင်ဂျန် သမ္မတက စွပ်စွဲ ပြောကြားလိုက်ပါတယ်။

ခရစ္စမတ်နေ့တုန်းက ခရီးသည်တင်လေယာဉ် ပျက်ကျမှုဟာ ရုရှားက မှားယွင်းပစ်ချခဲ့တာဖြစ်ပြီး အဲဒီအချက်ကို ရုရှားဖက်က ဖုံးကွယ်ထားတာလို့ အဇာဘိုင်ဂျန် သမ္မတက စွပ်စွဲ ပြောကြားလိုက်ပါတယ်။

ဒီဇင်ဘာ ၂၅ ရက်နေ့တုန်းက အဇာဘိုင်ဂျန်ကနေ ရုရှားတောင်ပိုင်းမှာရှိတဲ့ ဂရော့ဇ်နီမြို့ဆီ ဦးတည် ပျံသန်းခဲ့တဲ့ အဇာဘိုင်ဂျန် လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်ဟာ လမ်းကြောင်းပြောင်းလဲသွားပြီး ကက်စ်ပီယန် ပင်လယ်ခြားလျက် တည်ရှိရာ ကာဇက်စတန် နိုင်ငံရဲ့ အက်ခ်တာအူ လေဆိပ်မှာ အရေးပေါ် ဆင်းသက်ဖို့ ကြိုးစားရင်း ပျက်ကျခဲ့ပါတယ်။

အဲဒီဖြစ်စဉ်မှာ လေယာဉ်ပေါ် ပါသွားသူ ၆၇ ယောက်ထဲက ၃၈ ယောက် သေဆုံးခဲ့ပါတယ်။ ရုရှား ဖက်ဒရယ် လေကြောင်း သယ်ယူပို့ဆောင်ရေး အေဂျင်စီက လေယာဉ်ဟာ ငှက်အုပ်နဲ့ ဝင်တိုက်မိခဲ့ရာက အရေးပေါ် အခြေအနေ ကြုံတွေ့သွားခဲ့တာလို့ မှတ်ချက် ပေးခဲ့ပါတယ်။

ဒါပေမဲ့လည်း ရုရှားပိုင် ချေချင်းညာ ဒေသထဲ ပျံသန်းဝင်ရောက်လာတဲ့ ခရီးသည်တင် လေယာဉ်ကို ရုရှား လေကြောင်း ကာကွယ်ရေး စနစ်တွေက ယူကရိန်း ဒရုန်းတစ်စီးနဲ့ အမှတ်မှားပြီး ပစ်ချခဲ့တာ ဖြစ်နိုင်ကြောင်း ထင်ကြေးတွေ ပျံ့နှံ့လာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နာမည် မဖော်လိုတဲ့ အမေရိကန် စစ်ဘက် အရာရှိ တစ်ယောက်က လေယာဉ်ပျက် ကိုယ်ထည် အစိတ်အပိုင်းတွေမှာ အပေါက်တွေ ဖြစ်နေတာကို ထောက်ပြခဲ့ပြီး ဒါဟာ ရုရှား လေကြောင်းကာကွယ်ရေး စနစ်တစ်ခုက ပစ်ခတ်တာ ခံထားရတဲ့ အဓိပ္ပါယ်လို့ ယူဆချင်စရာ အများကြီး ရှိနေတယ်လို့ ပြောကြားသွားပါတယ်။

ဒီဇင်ဘာ ၂၉ ရက်နေ့မှာတော့ အဇာဘိုင်ဂျန် သမ္မတ အီလ်ဟမ် အလီယက်ဗ်ကလည်း လေယာဉ်ကိုယ်ထည်မှာ တွေ့ရတဲ့ အပေါက်တွေကို မြင်ရုံနဲ့ လေယာဉ်ဟာ ငှက်အုပ်နဲ့ ဝင်တိုးခဲ့တာဆိုတဲ့ သီအိုရီကို လုံးဝဥဿုံ ဖယ်ထုတ်လို့ ရသွားပြီလို့ မှတ်ချက် ပေးခဲ့ပါတယ်။

သူက လေယာဉ်ဟာ ရုရှားပိုင်နက်ထဲမှာ ထိခိုက်မိခဲ့တာ ဖြစ်ကြောင်း၊ အီလက်ထရောနစ် စစ်လက်နက် စနစ်တစ်ခုခုရဲ့ လက်ချက်ကြောင့် လေယာဉ်ဟာ ထိန်းချုပ်လို့ မရတဲ့ အခြေအနေ ကြုံသွားခဲ့တာ ဖြစ်နိုင်ကြောင်းလည်း သမ္မတက ဆိုပါတယ်။

မြေပြင်ပေါ် ပျက်ကျတဲ့နောက် လောင်ကျွမ်းတဲ့မီးကြောင့် လေယာဉ် အမြီးပိုင်းမှာလည်း ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးထားခဲ့ကြောင်း သူက ဆက်ပြောပါတယ်။

နောက်ထပ် စိတ်ထိခိုက် ဝမ်းနည်းစရာ ကိစ္စတစ်ခုကတော့ ရုရှားဟာ ဒီကိစ္စ တစ်ခုလုံးကို ဖုံးဖိ သတင်းဖျောက်ချင်နေတယ် ဆိုတာကို ထင်ထင်ရှားရှား တွေ့မြင်လာရတာ ဖြစ်ကြောင်းလည်း အလီယက်ဗ်က ဝေဖန်သွားခဲ့ပါတယ်။

ဒီဇင်ဘာ ၂၈ ရက်နေ့က ပူတင်ဟာ အလီယက်ဗ်နဲ့ ဖုန်းပြောခဲ့ပြီး ရုရှား လေပိုင်နက်ထဲမှာ ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုအတွက် တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ပူတင်ဟာ လေယာဉ်ပျက်ကျမှုက ရုရှားလေကြောင်းကာကွယ်ရေး စနစ်တွေကြောင့် ဖြစ်တယ်လို့တော့ ဝန်မခံခဲ့ပါဘူး။ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ပူတင်နဲ့ အလီယက်ဗ်တို့ နောက်တစ်ကြိမ် ဖုန်းပြောခဲ့ပေမယ့် ဘာတွေကို ဆွေးနွေးခဲ့သလဲ ဆိုတာကိုတော့ မသိရပါဘူး။

အလီယက်ဗ်က လေယာဉ် ပျက်ကျမှုနဲ့ ပတ်သက်လို့ တောင်တောင်အီအီ သီအိုရီတွေ လျှောက်ထုတ်နေမယ့်အစား ရုရှားဟာ အမှားကို ဝန်ခံပြီး အပြည့်အဝ တောင်းပန်သင့်တယ်လို့လည်း ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

လေယာဉ်ဟာ မတော်တဆ မှားယွင်း ပစ်ချခံရတယ် ဆိုတာကို ယုံကြည်ကြောင်း၊ ဒီကိစ္စမှာ ရုရှားက ရည်ရွယ်ချက်ရှိရှိနဲ့ အကြမ်းဖက်မှုဆန်ဆန် လုပ်ခဲ့တယ်ဆိုတဲ့ အထောက်အထား ဘာတစ်ခုမှ မရှိကြောင်း အလီယက်ဗ်က ဆိုပါတယ်။ ဒါကြောင့် ရုရှားဟာ ဖြစ်ရပ်ကို အမှန်အတိုင်း ဝန်ခံပြီး အဇာဘိုင်ဂျန် လူထုကို တောင်းပန်သင့်ကြောင်း၊ ပြီးတော့ သတင်း အချက်အလက်တွေကို စနစ်တကျ အသိပေး ထုတ်ပြန်သင့်ကြောင်းလည်း သူက ဆက်ပြောသွားပါတယ်။

ဒါပေမဲ့လည်း ဖြစ်ရပ်အပြီး ရက်အတော် ကြာတဲ့ထိ ပထမဆုံး အဆင့်က အထမြောက်မလာသေးတာကတော့ စိတ်ပျက်စရာ ဖြစ်ခဲ့ကြောင်း အလီယက်ဗ်က ဝေဖန်သွားခဲ့ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားနိုင်ငံ အတွင်းပိုင်းက ပစ်မှတ်တွေကို စစ်ပွဲတလျှောက် အတိုင်းအတာ အကြီးမားဆုံး စစ်ဆင်ရေး အစီအမံမျိုးနဲ့ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ယူကရိန်းက ကြွေးကြော်ခဲ့ပါတယ်။

နိုင်ငံတကာ

ဖမ်းဆီး ရမိထားတဲ့ မြောက်ကိုရီးယား စစ်သားတွေကို ရုရှားလက်ထဲက ယူကရိန်း သုံ့ပန်းတွေနဲ့ လဲလှယ်ဖို့ ဆန္ဒရှိကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ကမ်းလှမ်းခဲ့ပါတယ်။

သတင်း

မြန်မာ စစ်ကောင်စီရဲ့ လေတပ်ဟာ ရုရှားနိုင်ငံလုပ် SU-30 SME တိုက်လေယာဉ် အသစ် ၆ စီးကိုဝယ်ယူထားတာမှ ပြီးခဲ့တဲ့ဒီဇင်ဘာ လမှာ ​နောက်ဆုံး ၂ စီးကိုထပ်မံလက်ခံ ရရှိထားကြောင်း သိရပါတယ်။

နိုင်ငံတကာ

နှစ် ၄၀ လောက် ကြာမြင့်ခဲ့တဲ့နောက် ယူကရိန်း ပိုင်နက်ကို ဖြတ်သန်းပြီး ရုရှားရဲ့ ဓာတ်ငွေ့တွေ ဥရောပကို တင်ပို့နေခဲ့မှုဟာ အဆုံးသတ်သွားခဲ့ပြီ ဖြစ်ပါတယ်။