တရုတ်မှာ တုပ်ကွေး၊ ကိုဗစ်တို့နဲ့ လက္ခဏာတွေ ဆင်တူတဲ့ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါမျိုး ဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ်တစ်မျိုး ကူးစက်နေကြောင်း လူမှုကွန်ရက်ပေါ်မှာ သတင်းတွေ ပိုမို ပျံ့နှံ့လာနေပါတယ်။
တရုတ်ရဲ့ ရောဂါ ထိန်းချုပ်ရေးနဲ့ တိုက်ဖျက်ရေးဌာန (CDC)က HMPVလို့ ခေါ်ဝေါ်တဲ့ Human metapneumovirus ကူးစက်မှုတွေနဲ့ ပတ်သက်လို့ အသေးစိတ် ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ ဒါပေမဲ့ ဒီဇင်ဘာလ နောက်ဆုံးအပတ်မှာ ကောက်ယူထားတဲ့ အချက်အလက်တွေအရ တရုတ်မှာ တုပ်ကွေးနဲ့ အလားသဏ္ဍန် ဆင်တူတဲ့ ဖျားနာမှုတွေ ပိုမို မြင့်တက်လာနေတယ်လို့ CDCက ကြေညာထားပါတယ်။
ဓာတ်ခွဲ စစ်ဆေးထားတဲ့ အချက်အလက်တွေအရ တုပ်ကွေး ဗိုင်းရပ်စ်ဟာ အဲဒီလို ဖျားနာမှုတွေရဲ့ အဓိက အကြောင်းရင်းအဖြစ် ၃၀.၂ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ တစ်ပတ်ကထက် ၆.၂ ရာခိုင်နှုန်း တိုးလာတဲ့ အဓိပ္ပါယ်ပါ။ ဆေးရုံတက်ရတဲ့ထိ လက္ခဏာ ပြင်းထန်တဲ့ အသက်ရှူ လမ်းကြောင်းဆိုင်ရာ လူနာတွေရဲ့ ၁၇.၇ ရာခိုင်နှုန်းဟာ တုပ်ကွေး ကူးစက်ခံရတာလို့ ဆိုပါတယ်။
တစ်ဖက်မှာလည်း HMPVကြောင့် တုပ်ကွေးဆန်တဲ့ လက္ခဏာတွေ ခံစားရသူ ဦးရေဟာလည်း တခြား သဘောတရား တူညီတဲ့ ဗိုင်းရပ်စ်တွေကို ကျော်တက်ပြီး ဒုတိယ နေရာကို ရောက်နေပါတယ်။ အဒီနိုဗိုင်းရပ်စ်၊ ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာ ဗိုင်းရပ်စ်တွေထက် HMPV ဗိုင်းရပ်စ် ကူးစက်ခံရသူ ဦးရေက ပိုများနေပြီး အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါ ကူးစက်မှုတွေရဲ့ ၆.၂ ရာခိုင်နှုန်း ရှိနေသလို ဆေးရုံတက်ရသူတွေထဲက ၅.၄ ရာခိုင်နှုန်းဟာ HMPVကြောင့်ဆိုတာ တွေ့ရှိထားပါတယ်။
HMPVကို ၂၀၀၁ ခုနှစ်မှာ စတင် တွေ့ရှိခဲ့ပြီး အသက်အရွယ် အားလုံးမှာ တုပ်ကွေးဆန်တဲ့ ရောဂါလက္ခဏာမျိုးတွေ ဖြစ်ပွားစေပါတယ်။ ဒါပေမဲ့ ငယ်ရွယ်တဲ့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေမှာ ကိုယ်ခံအားစနစ် အားနည်းမှုကြောင့် ရောဂါဒဏ် ပိုမိုခံစားရစေနိုင်ပါတယ်။
HMPVအကြောင်း နှိုက်နှိုက်ချွတ်ချွတ် သိရှိမှု နည်းပါးနေသေးတာကြောင့် ကုသဆေးနဲ့ ကာကွယ်ဆေးလည်း မရှိသေးပါဘူး။ ဒါပေမဲ့ HMPVဟာ တုပ်ကွေးနဲ့ ဆင်တူပြီး အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေ ဖြစ်ပွားစေတဲ့ RSV ဗိုင်းရပ်စ် မိသားစုဝင် ဖြစ်တယ်ဆိုတာကို အတည်ပြုထားပါတယ်။ လူနာတွေကိုလည်း တုပ်ကွေးရောဂါ ခံစားရသူတွေမှာ အသုံးပြုတဲ့ နည်းလမ်းတွေနဲ့ပဲ ကုသပေးလေ့ ရှိပါတယ်။ ရောဂါ လက္ခဏာတွေက တုပ်ကွေးနည်းတူ နှာစေးတာ၊ ချောင်းဆိုတား၊ ဖျားနာတာတွေ ခံစားရတတ်ပါတယ်။ ပိုမိုပြင်းထန်တဲ့ အခြေအနေမှာ အဆုတ်ရဲ့ လေပြွန်တွေ ရောင်ရမ်းပြီး နမိုးနီးယား ဖြစ်စဉ်မျိုး ကြုံနိုင်ပါတယ်။ ဖျားနာချိန် ဘယ်လောက် ကြာမြင့်သလဲ ဆိုတာက တိတိကျကျ သတ်မှတ်လို့ မရဘဲ များသောအားဖြင့် တုပ်ကွေးကြောင့် ဖြစ်ပွားတဲ့ ဖျားနာမှုတွေလိုပဲ ရက်ပိုင်းနဲ့တင် ပျောက်ကင်းသက်သာတတ်ပါတယ်။ ဒါပေမဲ့ လက္ခဏာတွေ အရမ်းပြင်းထန်ရင်တော့ အသက်အန္တရာယ်အတွက် စိုးရိမ်စရာ ရှိပါတယ်။ တကယ်လို့ တရုတ်မှာ တုပ်ကွေးဆန်ဆန် ရောဂါလက္ခဏာ ခံစားနေရသူ အားလုံးကိုသာ ကျယ်ကျယ်ပြန့်ပြန့် ဓာတ်ခွဲ စမ်းသပ်နိုင်မယ်ဆိုရင် HMPV ဖြစ်ပွားမှုတွေ ပိုမို တွေ့ရှိရမယ်လို့ ယုံကြည်ရပါတယ်။
HMPVဟာ တခြားသော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတွေရဲ့ ဗိုင်းရပ်စ် အများစုနည်းတူ ချောင်းဆိုးတာ၊ နှာချေတာမျိုးကနေ လေထုထဲ ရောက်သွားတဲ့ အမှုန်အမွှားတွေကို ကပ်ငြိပြီး လူအချင်းချင်း ကူးစက်နိုင်ပါတယ်။ နောက်ပြီး ပွေ့ဖက်တာ၊ နမ်းရှုပ်တာ၊ ဗိုင်းရပ်စ် ကပ်ငြိနေတဲ့ အရာဝတ္ထုတွေကို ကိုင်တွယ်ထားတဲ့ လက်နဲ့ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို ထိမိရာကလည်း ကူးစက်လေ့ ရှိပါတယ်။
အမေရိကန်မှာတော့ HMPVကို တုပ်ကွေး၊ အလားတူ ဗိုင်းရပ်စ်တွေနဲ့အတူ ရာသီအလိုက် ဖြစ်ပွားတဲ့ ရောဂါတွေ စာရင်းထဲ ထည့်သွင်းထားပြီး ဆောင်းတွင်းနဲ့ နွေဦးပေါက်တွေမှာ အဓိက ကူးစက်တတ်တယ်လို့ ဆိုပါတယ်။ အမေရိကန် ကျန်းမာရေး အာဏာပိုင်တွေက ဆပ်ပြာနဲ့ သေချာဆေးတာ၊ မျက်နှာကို လက်နဲ့ ပွတ်သပ်တာတွေကနေ ရှောင်ကြဉ်တာ၊ နေမကောင်းသူတွေနဲ့ အရမ်းနီးနီးကပ်ကပ် မနေတာမျိုး နည်းလမ်းတွေကို သုံးပြီး ရောဂါ ကူးစက်နိုင်ခြေကို လျှော့ချနိုင်တယ်လို့ အကြံပြုထားပါတယ်။
လူမှုကွန်ရက်တွေမှာတော့ ကိုဗစ်ကပ်ရောဂါ စတင်ခဲ့ပြီး နောက်ထပ် ၅ နှစ်အကြာမှာ တရုတ်ကနေ နောက်ထပ် ကပ်ရောဂါဆိုးတစ်ခု ထပ်မံ ပျံ့နှံ့လာမလား ဆိုတာမျိုး စိုးရိမ်တကြီး ရေးသားမှုတွေ ရှိနေပါတယ်။ တရုတ်မှာ HMPV ကူးစက်မှုတွေ ဘယ်လောက် ကျယ်ပြန့်နေသလဲ ဆိုတာကို တိတိကျကျ မှတ်တမ်းမရှိသေးတဲ့အတွက် ကပ်ရောဂါအဆင့်ထိ စိုးရိမ်ရသလား ဆိုတာကို စနစ်တကျ ချဉ်းကပ်ပြီး ကောက်ချက်ချဖို့ မဖြစ်နိုင်သေးပါဘူး။
ဒါပေမဲ့ HMPVအကြောင်း သိရှိမှု နည်းနေသေးတဲ့တိုင် ဗိုင်းရပ်စ် အသစ်ကျပ်ချွတ် မဟုတ်သလို အရင်နှစ်တွေ ကတည်းက ကူးစက်မှုတွေလည်း ရှိထားပြီး ဖြစ်တာကြောင့် ကိုယ်တိုင်တောင် သတိမထားမိဘဲ အဲဒီဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ လူစုလူဝေးနဲ့ ကိုယ်ခံအား တည်ဆောက်မှု (herd immunity) ဖြစ်စဉ်မျိုး ရှိနှင့်နေနိုင်တယ်လို့ ပညာရှင်တွေက ယူဆထားပါတယ်။ ဥပမာ ကိုဗစ်ရောဂါ စတင်ကူးစက်တုန်းက ဗိုင်းရပ်စ်ဟာ အသစ်စက်စက်ဖြစ်ပြီး လူတွေမှာ အဲဒီ ဗိုင်းရပ်စ်ကို ဆန့်ကျင် တိုက်ခိုက်နိုင်တဲ့ ကိုယ်ခံအား အခြေခံ လုံးဝ မရှိခဲ့ဘဲ အစိမ်းသက်သက် ရင်ဆိုင်ခဲ့ရတာပါ။
ဒါကြောင့် ကူးစက်ခံရရင်တောင် လူနာ အများစုဟာ တုပ်ကွေးရောဂါ ကုသမှု နည်းလမ်းတွေနဲ့ အဆင်ပြေ ပျောက်ကင်းနိုင်သလို အနားယူ အားမွေးရင်း ကိုယ်ခံအား စနစ်နဲ့ အဲဒီဗိုင်းရပ်စ်ကို တွန်းလှန် တိုက်ထုတ်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
ကိုးကား: Newsweek