ပညာရေးကြောင့် ကလေးတွေ ဝန်မပိစေဖို့ အစီအမံသစ်တွေကို တရုတ် ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာခဲ့ပါတယ်။
အဲဒီ မူဘောင်တွေဟာ ကျောင်းသူကျောင်းသားတွေရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း ကျန်းမာရေးကို မြှင့်တင်ပေးနိုင်ဖို့လည်း ရည်ရွယ်ကြောင်း ဝန်ကြီးဌာနရဲ့ မတ်လ ၂၇ ရက်နေ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
သတ်မှတ်ချက် အသစ်တွေမှာတော့ ကျောင်းတွေက အိမ်စာတွေ အလွန်အကျွံပေးတာ၊ စာမေးပွဲ ခဏခဏ စစ်တာတွေကို တားမြစ်ထားပါတယ်။ ပြီးတော့ ကျောင်းသူကျောင်းသားတွေအတွက် သတ်မှတ်ပေးထားတဲ့ အားလပ်ချိန်တွေမှာ စာဝင်သင်တာမျိုးတွေကိုလည်း ကန့်သတ်ထားပါတယ်။
တရုတ်မှာ ကျောင်းသူကျောင်းသားတွေဟာ စာကြိုးစားပြီး အမှတ်တွေ ကောင်းနေဖို့ လိုတယ်ဆိုတဲ့ အစဉ်အလာ အယူအဆစွဲ ကြီးစိုးထားတာကို ပြောင်းလဲဖို့ အစိုးရက ကြိုးစားနေပြီး ကလေးတွေအပေါ် ပညာရေးကြောင့် ဖြစ်ပေါ်လာတဲ့ ဖိအားတွေကို လျှော့ချပေးဖို့၊ ကလေးတွေရဲ့ စိတ်ကျန်းမာရေး အခြေအနေကို မြှင့်တင်ပေးဖို့ အစီအစဉ်တွေ ရေးဆွဲနေပါတယ်။

Public Service Announcement
တရုတ် စာသင်ကျောင်းတွေမှာ အိမ်စာတွေ တနင့်တပိုး ပေးတာဟာ လုပ်ရိုးလုပ်စဉ် ကိစ္စလိုတောင် ဖြစ်နေပြီး ကလေးအများအပြား အိပ်ရေးပျက်တာ၊ စိတ်ဖိစီးတာ၊ စိတ်ပူပန်တွေ ခံစားနေရတယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းကလည်း တရုတ်အစိုးရဟာ ကျောင်းအသီးသီး အနေနဲ့ ကလေးတွေကို အိမ်စာပေးရာမှာ ပမာဏ အတိုင်းအတာကို တင်းတင်းကျပ်ကျပ် ကန့်သတ်ဖို့ ညွှန်ကြားဖူးပါတယ်။ နောက်ပြီး မူလတန်းနဲ့ အလယ်တန်း ကလေးတွေအတွက် တစ်နေ့ကို အနည်းဆုံး နှစ်နာရီ ကိုယ်လက်လှုပ်ရှား ကစားနိုင်အောင် အချိန်သတ်မှတ် စီစဉ်ပေးဖို့လည်း လမ်းညွှန်ခဲ့ပါတယ်။
ကျောင်းတွေ အနေနဲ့ အောင်ချက်အပေါ် မူတည်ပြီး ဆရာဆရာမတွေကို ဆုပေးဒဏ်ပေး စနစ် ကျင့်သုံးတာမျိုးကိုလည်း ပညာရေး ဝန်ကြီးဌာနက တင်းတင်းကျပ်ကျပ် တားမြစ်ထားပါတယ်။ ရည်ရွယ်ချက်ကတော့ ဆရာဆရာမတွေက ကလေးတွေကို လွန်လွန်ကျွံကျွံ စာလုပ်ခိုင်းတာမျိုး ဖိအားတွေ ပေးလာနိုင်တာကို တားဆီးဖို့ပါ။
တရုတ်မှာ နွေရာသီနဲ့ ဆောင်းရာသီ ပုံမှန် ရက်ရှည် ကျောင်းပိတ်ရက်တွေ ရှိနှင့်ပြီး ဖြစ်ပေမယ့် ဆောင်းဦးနဲ့ နွေဦး ကာလတွေမှာပါ ပိတ်ရက်တချို့ သတ်မှတ်ပေးဖို့လည်း အစိုးရက စီစဉ်ထားကြောင်း သိရပါတယ်။
ကိုးကား: Reuters


















































