Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ယူကရိန်းရဲ့ ထိုးစစ် ဒုတိယလှိုင်း စတင်

ရုရှားအတွက် မျှော်လင့်မထားတဲ့ အခြေအနေ တစ်ခုအဖြစ် ယူကရိန်း တပ်တွေဟာ ရုရှားရဲ့ ကာ့စ်ခ်ဒေသထဲမှာ ထိုးစစ်ဆင် တိုက်ခိုက်မှု ဒုတိယလှိုင်းကို စတင်လာခဲ့ပါတယ်။

ရုရှားအတွက် မျှော်လင့်မထားတဲ့ အခြေအနေ တစ်ခုအဖြစ် ယူကရိန်း တပ်တွေဟာ ရုရှားရဲ့ ကာ့စ်ခ်ဒေသထဲမှာ ထိုးစစ်ဆင် တိုက်ခိုက်မှု ဒုတိယလှိုင်းကို စတင်လာခဲ့ပါတယ်။

မနှစ်က ဩဂုတ် ၆ ရက်နေ့မှာ အင်အား ထောင်နဲ့ချီ များပြားတဲ့ ယူကရိန်း တပ်တွေဟာ နယ်စပ်ကို ဖြတ်ကျော်ပြီး ရုရှားနိုင်ငံ အနောက်ဖက်ခြမ်းက ကာ့စ်ခ်ဒေသကို ဝင်ရောက်ခဲ့သလို နယ်မြေတွေ တော်တော်များများကို သိမ်းယူနိုင်ခဲ့ပါတယ်။ အဲဒီ စစ်ဆင်ရေးကို ရုရှားက လုံးဝ မျှော်လင့်မထားမိခဲ့တာကြောင့် အငိုက်မိခဲ့ပြီး ထိန်းချုပ် နယ်မြေတွေ လက်လွှတ်ခဲ့ရပါတယ်။

ယူကရိန်း အစိုးရကတော့ အဲဒီ စစ်ဆင်ရေးဟာ ရုရှားပိုင်နက်ထဲက နယ်မြေတွေကို သိမ်းယူဖို့ မဟုတ်ဘဲ ယူကရိန်း ပိုင်နက်ထဲမှာ ရုရှားတပ်တွေ အရှိန်မြှင့်လာတဲ့ တိုက်ခိုက်မှုကို တန်ပြန်ဖို့သာ ဖြစ်တယ်လို့ ပြောကြားခဲ့ဖူးပါတယ်။

နောက်ပိုင်းလတွေမှာတော့ ယူကရိန်းရဲ့ ထိုးစစ်ဟာ ရပ်တန့်သွားသလို ရုရှားက လက်လွှတ်ခဲ့ရတဲ့ နယ်မြေတွေကို တစ်စထက်တစ်စ ပြန်လည် ထိန်းချုပ်လာနိုင်ပါတယ်။ ဒါ့အပြင် ၂၀၂၄ နှစ်ကုန်ပိုင်းကစလို့ မြောက်ကိုရီးယား တပ်တွေပါ ကာ့စ်ခ်မှာ ဖြန့်ကျက်ပြီး ရုရှားဖက်က ကူညီ တိုက်ခိုက်လာတာကြောင့် ယူကရိန်းအတွက် ပိုပြီး အကျပ်ရိုက်လာရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ အနေအထားမျိုးကနေ နောက်ထပ် ထင်မှတ်မထားတဲ့ အလှည့်အပြောင်း တစ်ခုအဖြစ် ယူကရိန်းဟာ ဇန်နဝါရီ ၅ ရက်နေ့ကစလို့ ကာ့စ်ခ်မှာ ထိုးစစ် အသစ်ကို အရှိန်မြှင့်လာခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ စစ်ပွဲတလျှောက် ယူကရိန်းအတွက် စစ်လက်နက်တွေ အလုံးအရင်း ထောက်ပံ့ပေးခဲ့တဲ့ အမေရိကန် နိုင်ငံမှာ ဒေါ်နယ်လ်ထရမ့်က သမ္မတရာထူး မဆက်ခံခင် ရက်ပိုင်းအလိုမှာ ယူကရိန်းက ရွေးချယ်ခဲ့တဲ့ စစ်ရေး အခင်းအကျင်းသစ်လို့လည်း ဆိုနိုင်ပါတယ်။

ထရမ့်ဟာ သူသမ္မတ ဖြစ်လာပြီးရင် ယူကရိန်းစစ်ပွဲ အမြန်ဆုံး ရပ်ဆိုင်းရေးကို တွန်းအားပေး လုပ်ဆောင်သွားမယ်လို့ ပြောကြားထားပေမယ့် ဘယ်လိုနည်းလမ်းမျိုးကို ရွေးချယ်မှာလဲ ဆိုတာကိုတော့ တိတိကျကျ မှတ်ချက် ပေးမထားပါဘူး။ ဒါပေမဲ့ ထရမ့်ဟာ ယူကရိန်းက ရုရှားထိန်းချုပ်ထားတဲ့ နယ်မြေတွေကို စွန့်လွှတ်ပေးဖို့ နားချတာမျိုး လုပ်ဆောင်လာနိုင်ကြောင်း ခန့်မှန်းမှုတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေထဲမှာတော့ ယူကရိန်း သံချပ်ကာ တပ်တွေဟာ နှင်းဖုံးနေတဲ့ လွင်ပြင်တွေကို ဖြတ်ပြီး ရုရှားရဲ့ ဘော်လ်ရှို ဆိုလ်ဒက်စ်ကို ကျေးရွာဆီ ချီတက်သွားတာ တွေ့ရပါတယ်။ အဲဒီရွာဟာ ကာ့စ်ခ်ဒေသထဲမှာ ယူကရိန်းတပ်တွေ ထိန်းချုပ်ထားရာ ဆူဒ်ဇာဟ်မြို့ရဲ့ အရှေ့မြောက်ပိုင်းမှာ တည်ရှိပါတယ်။

ယူကရိန်း စစ်တပ် အရာရှိ တချို့ကလည်း အသေးစိတ် အကြောင်းအရာတွေကို မထုတ်ပြန်ပေမယ့် ကာ့စ်ခ်မှာ အင်အား အတော်များများ အသုံးပြုထားတဲ့ စစ်ဆင်ရေးတစ်ခု စတင်နေပြီလို့ မှတ်ချက်ပေးခဲ့ပါတယ်။ ယူကရိန်း ပူးပေါင်းစစ်ဆင်ရေး ကွပ်ကဲမှု ဌာနက ကာ့စ်ခ်မှာ ဇန်နဝါရီ ၅ ရက်နေ့က ရင်ဆိုင်တိုက်ပွဲ ၄၂ ကြိမ် ဖြစ်ခဲ့ပြီး ၁၂ ခုက မပြီးဆုံးသေးဘူးလို့ ညပိုင်းမှာ ကြေညာခဲ့ပါတယ်။

ရုရှားဟာ ကာ့စ်ခ်မှာ ယူကရိန်းတပ်တွေ သိမ်းယူထားတဲ့ နယ်မြေတွေရဲ့ ၄၀ ရာခိုင်နှုန်းကို ပြန်လည် ထိန်းချုပ်ထားပြီးတဲ့ အချိန်မှာ ယူကရိန်းဆီက နောက်ထပ် အင်အားကောင်းတဲ့ ထိုးစစ်တစ်ခုကို ကြုံလာရတာ ဖြစ်ပါတယ်။

စစ်မြေပြင် အခြေအနေကို အသေးစိတ် မထုတ်ပြန်ပေမယ့် အဲဒီ စစ်ဆင်ရေးဟာ ယူကရိန်းအတွက် အောင်မြင်မှုတွေ ရရှိနေစေတယ်လို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးရဲ့ သမ္မတရုံး ဝန်ထမ်းရေးရာ အကြီးအကဲ အန်ဒရီ ယာမက်ခ်က ပြောကြားခဲ့ပါတယ်။

ရုရှား စစ်ရေး bloggerတွေကတော့ ယူကရိန်းဟာ ကာ့စ်ခ်နျူကလီးယား ဓာတ်အားပေး စက်ရုံကို သိမ်းယူဖို့ ကြိုးစားနေတာ ဖြစ်နိုင်ကြောင်း သုံးသပ်ထားပါတယ်။ ကာချာတော့ဗ် မြို့မှာတည်ရှိတဲ့ အဲဒီစက်ရုံကို ပစ်မှတ်ထားနေကြောင်း စွပ်စွဲမှုတွေကို အရင်အကြိမ်တွေမှာတော့ ယူကရိန်းဖက်က ငြင်းဆိုခဲ့ပါတယ်။ လက်ရှိ အနေအထား အရတော့ တိုက်ပွဲတွေ ဖြစ်နေတဲ့ ဧရိယာတွေနဲ့ အဲဒီ နျူကလီးယား ဓာတ်အားပေး စက်ရုံက ကွာလှမ်းနေဆဲ ဖြစ်ပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားနိုင်ငံ အတွင်းပိုင်းက ပစ်မှတ်တွေကို စစ်ပွဲတလျှောက် အတိုင်းအတာ အကြီးမားဆုံး စစ်ဆင်ရေး အစီအမံမျိုးနဲ့ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ယူကရိန်းက ကြွေးကြော်ခဲ့ပါတယ်။

နိုင်ငံတကာ

ဖမ်းဆီး ရမိထားတဲ့ မြောက်ကိုရီးယား စစ်သားတွေကို ရုရှားလက်ထဲက ယူကရိန်း သုံ့ပန်းတွေနဲ့ လဲလှယ်ဖို့ ဆန္ဒရှိကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ကမ်းလှမ်းခဲ့ပါတယ်။

နိုင်ငံတကာ

နှစ် ၄၀ လောက် ကြာမြင့်ခဲ့တဲ့နောက် ယူကရိန်း ပိုင်နက်ကို ဖြတ်သန်းပြီး ရုရှားရဲ့ ဓာတ်ငွေ့တွေ ဥရောပကို တင်ပို့နေခဲ့မှုဟာ အဆုံးသတ်သွားခဲ့ပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ရုရှားဆီက ဓာတ်ငွေ့တွေ ဖြတ်သန်းသယ်ယူခွင့် အငြင်းအခုံကို အကြောင်းပြုပြီး ဆလိုဗက်ကီးယားနဲ့ ယူကရိန်းကြားက သဘောထား တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။