Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်ကိုရီးယား သမ္မတ အဖမ်းခံရကြောင်း သတင်းတွေ ထွက်ပေါ်

ရာထူးကနေ ဆိုင်းငံ့ခံထားရတဲ့ သမ္မတ ယွန်ဆွတ်ခ်ယောဟာ အမှုစစ် အရာရှိတွေရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

ရာထူးကနေ ဆိုင်းငံ့ခံထားရတဲ့ သမ္မတ ယွန်ဆွတ်ခ်ယောဟာ အမှုစစ် အရာရှိတွေရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဒီဇင်ဘာ ၃ ရက်နေ့တုန်းက သက်တမ်းတိုတောင်းတဲ့ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သမ္မတကို စုံစမ်းစစ်ဆေးဖို့ ကြိုးစားနေတဲ့ အာဏာပိုင်တွေဟာ ဇန်နဝါရီ ၁၅ ရက်နေ့မှာ သမ္မတ အိမ်တော်ထဲကို ဝင်ရောက်ပြီး ယွန်ကို ဖမ်းဆီးနိုင်ဖို့ ဒုတိယ အကြိမ်မြောက်အဖြစ် အားထုတ်ခဲ့ကြပါတယ်။

ယွန်ကို အမှုစစ် အရာရှိတွေက အခုတစ်ကြိမ်မှာ ဖမ်းဆီးနိုင်ခဲ့ပြီလို့ သတင်းတွေက ဖော်ပြနေခဲ့ပြီး အဲဒါက အမှန်ဆိုရင် တောင်ကိုရီးယား သမိုင်းတလျှောက်မှာ ပထမဆုံး အဖမ်းခံရတဲ့ လက်ရှိ သမ္မတအဖြစ် မှတ်တမ်းဝင်လာမှာပါ။

စစ်အုပ်ချုပ်ရေး အမိန့် ကြေညာခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဇန်နဝါရီ ၃ ရက်နေ့တုန်းကလည်း တောင်ကိုရီးယား အမှုစစ်တွေဟာ သမ္မတ အိမ်တော်ထဲ ဝင်ရောက်ခဲ့ဖူးပေမယ့် ယွန်ရဲ့ လုံခြုံရေးတွေက ပိတ်ဆို့တားဆီးခဲ့တာကြောင့် သမ္မတကို မဖမ်းဆီးနိုင်ဘဲ လက်လျှော့ခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

တောင်ကိုရီးယား သတင်းဌာန ယွန်ဟပ်ရဲ့ အဆိုအရ ဒုတိယအကြိမ် အိမ်တော် စီးနင်းမှုမှာတော့ စုစုပေါင်း အင်အား ၃၀၀၀ လောက်ထိကို အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

ယွန်ဟာ ၆ နာရီသာ သက်တမ်းရှည်လျားခဲ့တဲ့ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့မှုနဲ့ ပတ်သက်ပြီး ပုန်ကန်မှု စွပ်စွဲချက်နဲ့ ရင်ဆိုင်နေရပါတယ်။ အဲဒီ စွပ်စွဲချက်ဟာ တောင်ကိုရီးယားမှာတော့ သမ္မတ တစ်ဦးအတွက် လွတ်ငြိမ်းချမ်းသာခွင့် မရနိုင်တဲ့ ပြစ်ချက် အရေအတွက် နည်းနည်းလေးမှာ ပါဝင်နေပြီး အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် သေဒဏ်ထိ ချမှတ်လို့ ရပါတယ်။

ယွန်ဟာ မအောင်မြင်ခဲ့တဲ့ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာမှုအပြီး လူမြင်ကွင်းကို ထွက်မလာတော့ဘဲ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားတဲ့ အိမ်တော်ထဲမှာပဲ ဆက်ရှိနေပါတော့တယ်။ သူ့ရဲ့ လုပ်ရပ်အပေါ် တရားဝင် စွပ်စွဲရှုတ်ချကြောင်းအဆို လွှတ်တော်မှာ မဲခွဲမှု အောင်မြင်ခဲ့တဲ့နောက် ယွန်ဟာ သမ္မတ ရာထူးကနေ ဆိုင်းငံ့ခြင်း ခံထားရပါတယ်။

နောက်တစ်ဆင့် အနေနဲ့ သူ့ကို သမ္မတ ရာထူးကနေ အပြီးတိုင် ဖယ်ရှားဖို့ သင့်မသင့် ကြားနာစစ်ဆေးမယ့် အခြေခံ ဥပဒေ ခုံရုံးရဲ့ ပထမဆုံး တရားခွင်ကိုလည်း ယွန်က လုံခြုံရေး အကြောင်းပြချက်နဲ့ မတက်ရောက်ခဲ့ပါဘူး။ တရားခွင်ဆီ လာရောက်ဖို့ ဆိုတာဟာ သမ္မတရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်နေတယ်လို့ ယွန်ရဲ့ ရှေ့နေအဖွဲ့က ပြောကြားခဲ့ပြီး ဇန်နဝါရီ ၁၄ ရက် ရုံးချိန်းကို သွားမှာမဟုတ်ကြောင်း ကြိုတင် ကြေညာခဲ့ပါတယ်။

ယွန်ဟာ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာမှု နောက်ဆက်တွဲအဖြစ် သူ့ကို စုံစမ်းမေးမြန်းဖို့ ဆင့်ခေါ်တာတွေ၊ အာဏာအလွဲသုံးစားမှုနဲ့ ပုန်ကန်မှုလို ပြင်းထန်တဲ့ စွဲချက်တွေနဲ့ ဖမ်းဆီးဖို့ ကြိုးစားတာတွေကို တောက်လျှောက် ဖီဆန်နေဆဲ ဖြစ်ပါတယ်။ ယွန်က သူ့ရဲ့ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့စဉ်အတွင်း အထိတ်တလန့် ဖြစ်ခဲ့ကြတဲ့ ပြည်သူတွေကို တောင်းပန်စကား ပြောထားပေမယ့် အဆုံးထိ တိုက်ပွဲဝင်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်းလည်း အသိပေးထားခဲ့ပါတယ်။

ကိုးကား: CNBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တစ်နိုင်ငံနဲ့ တစ်နိုင်ငံကြား အပြန်အလှန် သူလျှိုလုပ်ပြီး သတင်းထောက်လှမ်းကြတယ် ဆိုတာက လူတိုင်းသိတဲ့ လျှို့ဝှက်ချက် ဆိုပေမယ့် နိုင်ငံ ခေါင်းဆောင်တွေကြားမှာတော့ ဒီကိစ္စကို လူသိရှင်ကြား ထုတ်ပြောလေ့ မရှိပါဘူး။ ဒါပေမဲ့ တရုတ်နဲ့ တောင်ကိုရီးယား သမ္မတတွေ တွေ့ဆုံကြတဲ့ အချိန်မှာတော့ ဖုန်းတွေကို အသုံးပြုပြီး သူလျှိုလုပ်နိုင်ခြေနဲ့...

နိုင်ငံတကာ

တောင်ကိုရီးယား သမ္မတ လီဂျေမြောင်ဟာ ကြောင်သူတော် တစ်ဦးဖြစ်တယ်လို့ မြောက်ကိုရီးယားက စွပ်စွဲ ပြောကြားသွားခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းနဲ့ တွေ့ဆုံဖို့ ဆန္ဒရှိကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့တာကို အကြောင်းပြုပြီး ရာထူးကနေ ဆိုင်းငံ့ ခံထားရတဲ့ တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယောဟာ ရာထူးကနေ ဖယ်ရှားခံလိုက်ရပြီ ဖြစ်ပါတယ်။