Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာမှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိ

၁၅ လတာ ကြာမြင့်ခဲ့တဲ့ သွေးချောင်းစီး စစ်ပွဲကြီးကို အဆုံးသတ်ဖို့ ကနဦး ခြေလှမ်းအဖြစ် အစ္စရေးနဲ့ ပါလက်စတိုင်းကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ်။

Photo : Anadolu/Getty Images

၁၅ လတာ ကြာမြင့်ခဲ့တဲ့ သွေးချောင်းစီး စစ်ပွဲကြီးကို အဆုံးသတ်ဖို့ ကနဦး ခြေလှမ်းအဖြစ် အစ္စရေးနဲ့ ပါလက်စတိုင်းကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ်။

အဲဒီ အပစ်ရပ်ရေး ကိစ္စ ညှိနှိုင်းမှုမှာ တက်တက်ကြွကြွ ပါဝင်ခဲ့တဲ့ ကာတာ ဝန်ကြီးချုပ် ရှိတ်ခ်မိုဟာမက် ဘင် အက်ဘ်ဒူလာမန် အယ်လ်သာနီက ဒိုဟာမြို့တော်မှာ အဲဒီ သတင်းကောင်းကို ထုတ်ပြန် ကြေညာခဲ့ပါတယ်။ သူက အပစ်ရပ် သဘောတူညီမှုဟာ ဇန်နဝါရီ ၁၉ ရက်နေ့မှာ စတင် အသက်ဝင်လာမယ်လို့ ပြောပါတယ်။

အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုရဲ့ နောက်ခံ အခြေအနေတွေက ရှုပ်ထွေးမှု ရှိပေမယ့် အနှစ်ချုပ် အနေနဲ့ဆိုရင် နှစ်ဖက်ကြား သီတင်းခြောက်ပတ်ကြာ ပထမအဆင့် အပစ်ရပ်မှာ ဖြစ်ပါတယ်။ ပြီးတော့ ဂါဇာအခြေစိုက် ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်က ဖမ်းဆီးထားတဲ့ အစ္စရေး သုံ့ပန်းတွေနဲ့ အစ္စရေးက ထိန်းသိမ်းထားတဲ့ ပါလက်စတိုင်း အကျဉ်းသားတွေကို အလဲအလှယ် လုပ်ဖို့လည်း ညှိနှိုင်းထားပါတယ်။

အခြေအနေတွေ တည်ငြိမ်တိုးတက်လာတယ်ဆိုရင် ဂါဇာ ကမ်းမြှောင်ဒေသက အစ္စရေးတပ်တွေ တဖြည်းဖြည်းချင်း ဆုတ်ခွာဖို့လည်း သဘောတူထားပါတယ်။

Public Service Announcement

Public Service Announcement

Photo : Bashar Taleb/AFP/Getty Images

အပစ်ရပ် သဘောတူညီမှုအရ ဂါဇာက စစ်ပွဲတွေဟာ သဘောတူညီမှု စတင်အသက်ဝင်တာနဲ့ ရပ်တန့်သွားမှာ ဖြစ်ကြောင်း၊ ပြီးတော့ ပါလက်စတိုင်း ပြည်သူတွေ အပူတပြင်း လိုအပ်နေတဲ့ လူသားချင်း စာနာမှု အထောက်အပံ့တွေလည်း အလုံးအရင်း စတင် ဝင်ရောက်လာမှာဖြစ်ပြီး ဓားစာခံတွေဟာ ၁၅ လ အကြာမှာ မိသားစုနဲ့ ပြန်ဆုံခွင့် ရမှာဖြစ်ကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကလည်း ဝါရှင်တန်ဒီစီ မြို့တော်မှာ ကြေညာခဲ့ပါတယ်။

ဘိုင်ဒန်ဟာ သူ့လက်ထက်မှာ ဖြစ်ပွားခဲ့တဲ့ ဂါဇာစစ်ပွဲကို ရာထူးသက်တမ်း ကုန်ဆုံးခါနီး ရက်ပိုင်းအလိုမှသာ အပစ်ရပ် သဘောတူညီမှု ရရှိအောင် ပါဝင်ညှိနှိုင်းပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့မှာ ဟားမားစ်တွေက နယ်စပ်ဖြတ်ကျော်ပြီး အစ္စရေးကို တိုက်ခိုက်ရာက ဂါဇာစစ်ပွဲ အစပြုခဲ့တာ ဖြစ်ပြီး ပါလက်စတိုင်း ၄၆၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ပြီး ဂါဇာရဲ့ အစိတ်အပိုင်းအများစု ဆိုးဆိုးရွားရွား ပျက်စီးခဲ့ပါတယ်။

အပစ်ရပ် သဘောတူညီမှု ရရှိထားပေမယ့် စတင်အသက်ဝင်လာမယ့်နေ့ မတိုင်ခင် အစ္စရေးနဲ့ ဟားမားစ်ကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေဖွယ် ရှိပါတယ်။ဇန်နဝါရီ ၁၅ ရက် ညနေပိုင်းမှာတင် ဂါဇာစီးတီးမြို့မှာ အစ္စရေး လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူ ၃၂ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

၁၅ လတာ ဖြတ်သန်းမှုအတွင်း ဂါဇာစစ်ပွဲဟာ အရှေ့အလယ်ပိုင်း ဒေသတွင်းက တခြားပဋိပက္ခတွေကိုပါ ဖြစ်ပေါ်စေခဲ့ပြီး အစ္စရေးစစ်တပ်နဲ့ လက်ဘနွန် အခြေစိုက် ဟစ်ဇ်ဘိုလာ ပြောက်ကျားအဖွဲ့ကြားမှာ ကာလ တိုတောင်းပေမယ့် ဟစ်ဇ်ဘိုလာတွေ အကြီးအကျယ် အထိနာခဲ့တဲ့ စစ်ပွဲတစ်ခုလည်း ပေါ်ပေါက်ခဲ့ပါသေးတယ်။

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုဟာ အစောပိုင်းတုန်းက ဟားမားစ်တွေကို အမြစ်ပြတ် မရှင်းလင်းနိုင်မချင်း စစ်ပွဲကို မရပ်ဘူးလို့ ကြုံးဝါးခဲ့ဖူးပေမယ့် အခုအခြေအနေကို လက်ခံလိုက်တာ ဖြစ်ပါတယ်။ သူက အမေရိကန် သမ္မတ ဘိုင်ဒန်၊ ရွေးကောက်ပွဲ အနိုင်ရ သမ္မတလောင်း ဒေါ်နယ်လ်ထရမ့်တို့ကို ဖုန်းဆက်ပြီး ကျေးဇူးတင်စကား ပြောခဲ့သလို မကြာခင် အမေရိကန်ကို လာရောက်ဖို့ ရည်ရွယ်ထားကြောင်းလည်း အသိပေးခဲ့ပါတယ်။

ဟားမားစ်တွေကတော့ အပစ်ရပ် သဘောတူညီမှုဟာ ပါလက်စတိုင်း ပြည်သူတွေအတွက် အောင်ပွဲတစ်ခု၊ ပြီးတော့ အလှည့်အပြောင်း တစ်ခုလို့ လူမှုကွန်ရက် မီဒီယာမှာ ကြေညာထားပါတယ်။

အပစ်ရပ် သဘောတူညီမှုရဲ့ ပထမအဆင့်မှာ ဟားမားစ်တွေ ထိန်းသိမ်းထားတဲ့ အစ္စရေး ဓားစာခံတွေထဲက အမျိုးသမီးတွေ၊ ကလေးတွေနဲ့ အသက် ၅၀ အထက် အမျိုးသားတွေ စုစုပေါင်း ၃၃ ဦးကို ပြန်လွှတ်ပေးရမှာ ဖြစ်ပါတယ်။ အဲဒီထဲမှာ အမေရိကန် နိုင်ငံသားနှစ်ဦးလည်း ပါဝင်မယ်လို့ သိရပါတယ်။

တစ်ချိန်တည်းမှာပဲ ကုလမဂ္ဂနဲ့ နိုင်ငံတကာ ကြက်ခြေနီ အသင်းကလည်း ဂါဇာကို ထောက်ပံ့ရေး ပစ္စည်းတွေ အလုံးအရင်း ပို့ဆောင်ဖို့ အသင့်ပြင်ဆင်နေပြီလို့ ပြောပါတယ်။

ဒုတိယ အဆင့်ကတော့ အပစ်ရပ် သဘောတူညီမှု စတင်အသက်ဝင်ပြီး ၁၆ ရက် အကြာမှာ အကောင်အထည် ဖော်ဖွယ်ရှိပြီး လက်ကျန် ဓားစာခံ အားလုံး လွတ်မြောက်ရေး၊ အပစ်ရပ် သဘောတူညီမှုက အခိုင်အမာ ရေရှည် တည်မြဲစေရေး၊ ဂါဇာမှာရှိတဲ့ အစ္စရေးတပ်အားလုံး ဆုတ်ခွာရေး ကိစ္စတွေ လုပ်ဆောင်လာဖွယ် ရှိပါတယ်။

တတိယ အဆင့်မှာတော့ သေဆုံးခဲ့သူတွေရဲ့ ရုပ်အလောင်းတွေ အပြန်အလှန် လွှဲပြောင်းပေးရေးနဲ့ ဒေါ်လာ ဘီလီယံပေါင်းများစွာ နိုင်ငံတကာ မတည်ပေးထားမယ့် ဂါဇာ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းစဉ်တွေကို အီဂျစ်၊ ကာတာနဲ့ ကုလသမဂ္ဂတို့ ဦးဆောင်ပြီး အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။

ထရမ့်ကတော့ သူသမ္မတ ဖြစ်လာမယ့် အချိန်မှာ ဂါဇာ အပစ်ရပ် သဘောတူညီမှုကို အသုံးချပြီး အစ္စရေးနဲ့ အာရပ်နိုင်ငံ တချို့ကြား သံတမန် ဆက်ဆံရေး ပြန်လည် စတင်စေမယ့် အေဘရာဟမ် သဘောတူညီမှုကို ချဲ့ထွင်နိုင်အောင် အားထုတ်သွားမယ်လို့ ပြောပါတယ်။

လက်ရှိ အချိန်ထိ ပဟေဠိ ဆန်နေဆဲ မေးခွန်းတစ်ခုကတော့ ဂါဇာကို ဘယ်သူစီမံ အုပ်ချုပ်မလဲ ဆိုတာပါ။ အစ္စရေးက အဲဒီပါလက်စတိုင်း နယ်မြေမှာ ၂၀၀၇ ခုနှစ်ကတည်းက အုပ်စိုးလာတဲ့ ဟားမားစ်တွေ ဆက်လက် အုပ်ချုပ်မယ့် ကိစ္စကို တူးတူးခါးခါး ငြင်းဆိုထားပါတယ်။ ပြီးတော့ နော်ဝေးနိုင်ငံမှာ အခြေစိုက်တဲ့ ပါလက်စတိုင်း အာဏာပိုင် အဖွဲ့က ဂါဇာကို အုပ်ချုပ်မယ် ဆိုတာကိုလည်း အစ္စရေးက မလိုလားပါဘူး။ အဲဒီအင်အားစုဟာ နောက်ထပ် ပါလက်စတိုင်း နယ်မြေတစ်ခုဖြစ်တဲ့ အနောက်ဖက် ကမ်းခြေဒေသမှာ အကန့်အသတ် ဩဇာသက်ရောက်ပြီး အစ္စရေးနဲ့ ခါးသီးတဲ့ ဆက်ဆံရေးမျိုး ရှိနေပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင် ဒေသကို အမေရိကန် ထိန်းချုပ်မှုအောက် သွတ်သွင်းချင်တဲ့ သူ့စိတ်ကူးဟာ အလေးအနက် ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဂျော်ဒန်ဘုရင်ကို ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကြိုတင် ကတိထားရှိတဲ့ သုံ့ပန်းလဲလှယ်ရေးကိစ္စက စီစဉ်ထားတဲ့နေ့မှာ အထမမြောက်ဘူးဆိုရင် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ပျက်ပြယ်ပြီလို့ သတ်မှတ်မှာဖြစ်ကြောင်း အစ္စရေးက ဟားမားစ် ပြောက်ကျားတွေကို ခြိမ်းခြောက် သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသမှာ အပစ်အခတ် ရပ်စဲရေးရဲ့ အစိတ်အပိုင်းအဖြစ် သုံ့ပန်းတွေ အလဲအလှယ် လုပ်တာကို ဆိုင်းငံ့ထားမယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသကို တောင်နဲ့မြောက် ပိုင်းခြားထားရာ စင်္ကြံ နယ်မြေကနေ အစ္စရေး စစ်တပ်တွေ စတင် ဆုတ်ခွာသွားကြောင်း သိရပါတယ်။