တစ်နိုင်ငံလုံး ကျီးလန့်စာစား ဖြစ်စေခဲ့တဲ့ စစ်အုပ်ချုပ်ရေးအမိန့်ကို ကြေညာခဲ့သူ သမ္မတ ယွန်ဆွတ်ခ်ယောကို ပုန်ကန်မှု၊ အာဏာအလွဲသုံးစားမှုတွေနဲ့ တရားစွဲဆိုသင့်ကြောင်း တောင်ကိုရီးယား အမှုစစ် အရာရှိတွေက ထောက်ခံ တင်ပြခဲ့ပါတယ်။
ဇန်နဝါရီ ၃ ရက်နေ့က ယွန်ဟာ စစ်အုပ်ချုပ်ရေး အမိန့်ကို ရုတ်တရက် ကြေညာခဲ့ပြီး လွှတ်တော် နိုင်ငံရေး စနစ်ကို အဆုံးသတ်ဖို့ ကြိုးစားခဲ့ပေမယ့် လူထုရဲ့ ဆန့်ကျင်မှု၊ တောင်ကိုရီးယား လွှတ်တော် အမတ်တွေ စုဝေး မဲခွဲဆုံးဖြတ်ပြီး အဲဒီ အမိန့်ကို ကန့်ကွက်မဲပေးခဲ့မှုတွေကြောင့် ၆ နာရီကျော် အကြာမှာ ပြန်ရုပ်သိမ်းခဲ့ရပါတယ်။
အဲဒီဖြစ်စဉ်နဲ့ ဆက်စပ်ပြီး ယွန်ဟာ လွှတ်တော်မှာ စွပ်စွဲပြစ်တင်မှု ခံခဲ့ရသလို ရာထူးကနေ ဆိုင်းငံ့ ခံထားရပါတယ်။ ဒါ့အပြင် သူဟာ တောင်ကိုရီးယား နိုင်ငံသမိုင်းမှာ ပထမဆုံး အဖမ်းဆီးခံရတဲ့ အာဏာလက်ရှိ သမ္မတ ဖြစ်လာပြီး လတ်တလောမှာ အချုပ်နှောင်ခံရင်း စစ်ဆေးမေးမြန်းမှုတွေကိုလည်း ခံယူနေရပါတယ်။
ယွန်ဟာ သူ့လုပ်ရပ်ကို အကြောင်းပြုပြီး ပုန်ကန်မှုကို ဦးဆောင်ခြင်း၊ အာဏာအလွဲသုံးစား ပြုခြင်းဆိုတဲ့ စွပ်စွဲမှုတွေအောက်မှာ တရားစွဲဆို ခံထိုက်တယ်လို့ သူ့ကို စုံစမ်းစစ်ဆေးနေတဲ့ အဆင့်မြင့် အရာရှိများ အဂတိ လိုက်စားမှု စုံစမ်းရေးရုံး (CIO)ရဲ့ အမှုစစ် အရာရှိတွေက ပြောပါတယ်။

Public Service Announcement
ရုံးရဲ့ အမှုစစ် အရာရှိတွေဟာ သမ္မတ ယွန်ကို ဒီဇင်ဘာ ၃ ရက်နေ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ တရားဥပဒေအရ စွဲချက်တင်သင့်ကြောင်း အစိုးရ ရှေ့နေတွေဆီ တင်ပြ တိုက်တွန်းခဲ့တယ်လို့ CIOက ထုတ်ပြန်ခဲ့ပါတယ်။
ယွန်ရဲ့ လုပ်ရပ်မှာ ပူးပေါင်းကြံစည်ခဲ့သူ ကာကွယ်ရေး ဝန်ကြီးဟောင်းနဲ့ စစ်ဘက် အရာရှိတချို့ဟာ နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ သက်ရောက်မှုတွေကို ဖျက်ဆီး နှောင့်ယှက်ခဲ့ကြတယ်လို့ CIO အရာရှိတွေက ပြောပါတယ်။
အငြင်းပွားစရာ စစ်အုပ်ချုပ်ရေး အမိန့်ကို ကြေညာခြင်းအားဖြင့် ယွန်ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လွှမ်းခြုံသက်ရောက်မှုကို ထိပါးခဲ့ပြီး နောက်ဆက်တွဲ ဆူပူအုံကြွမှုတွေ ဖြစ်ပေါ်လာစေခဲ့တယ်လို့လည်း CIOက စွပ်စွဲခဲ့ပါတယ်။
ဇန်နဝါရီ ၂၄ ရက်နေ့မှာတော့ CIOရဲ့ အမှုစစ်တွေဟာ ယွန်ကို တရားရုံးတင် စစ်ဆေးသင့်တယ်ဆိုတဲ့ ထောက်ခံချက်ကို အစိုးရ ရှေ့နေတွေဆီ တရားဝင် အဆိုပြု ပေးအပ်ခဲ့ပါတယ်။ တောင်ကိုရီးယားရဲ့ ဥပဒေကြောင်း လုပ်ထုံးလုပ်နည်းတွေအရ အစိုးရ ရှေ့နေတွေဟာ အဲဒီ ထောက်ခံ တင်ပြချက်ကို လက်ခံပြီး ရာဇဝတ်ကြောင်းအရ ခုံရုံးတင် စစ်ဆေးမှုတွေ လုပ်မလား ဆိုတာကို ၁၁ ရက်အတွင်း အဆုံးအဖြတ် ပေးရမှာ ဖြစ်ပါတယ်။
ယွန်က အစောပိုင်းမှာ သူ့ကို ဖမ်းဆီးစစ်ဆေးဖို့ အားထုတ်မှုတွေကို ဖီဆန်ခဲ့သလို အဆုံးထိ တိုက်ပွဲဝင်သွားမယ်လို့ ကြုံးဝါးထားပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ ယွန်ရဲ့ အိမ်တော်ထဲမှာ သူ့ကို အာဏာပိုင်တွေက ဝင်ရောက် ဖမ်းဆီးခဲ့သလို လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေအတွက် ရမန်ချုပ်ရက် သက်တမ်းကို နောက်ထပ် ရက် ၂၀ ထပ်တိုးခဲ့ပါတယ်။ ဒါကြောင့်လည်း ယွန်ဟာ တောင်ကိုရီးယားနိုင်ငံ သမိုင်းမှာ ဖမ်းဆီးခံရတဲ့ ပထမဆုံး သမ္မတအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။
ကိုးကား: Reuters
