Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖမ်းဝရမ်းကို ဖီဆန်ခဲ့မှုအတွက် သမ္မတကို အမှုဖွင့်ဖို့ တောင်ကိုရီးယား ရဲတပ်ဖွဲ့ စီစဉ်နေ

ဖမ်းဝရမ်းကို ဖီဆန်ခဲ့မှုအတွက် တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယောကို စွဲချက်တင်နိုင်ဖို့ ရဲတပ်ဖွဲ့က အမှုတည်ဆောက်နေတယ်လို့ သိရပါတယ်။

ဖမ်းဝရမ်းကို ဖီဆန်ခဲ့မှုအတွက် တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယောကို စွဲချက်တင်နိုင်ဖို့ ရဲတပ်ဖွဲ့က အမှုတည်ဆောက်နေတယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက လက်ရှိ ဖမ်းဆီး ထိန်းသိမ်းခံထားရသူ သမ္မတကို စွဲချက်တင်မယ့်ကိစ္စ ဆောင်ရွက်နေတယ် ဆိုတာကို ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။

ယွန်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၃ ရက်နေ့တုန်းက တောင်ကိုရီးယားမှာ ရုတ်တရက် အရေးပေါ် စစ်အုပ်ချုပ်ရေး အမိန့်ကို ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ လူထုရဲ့ ဆန့်ကျင်မှု၊ တောင်ကိုရီးယား လွှတ်တော် အမတ်တွေ စုဝေးပြီး မဲခွဲ ဆန့်ကျင်ခဲ့မှုတွေကြောင့် ၆ နာရီကျော် အကြာမှာ အဲဒီအမိန့် ပျက်ပြယ်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ယွန်ဟာ အဲဒီဖြစ်စဉ်ကို အကြောင်းပြုပြီး လွှတ်တော် မဲခွဲဆုံးဖြတ်ချက်အရ သမ္မတ ရာထူးကနေ ဆိုင်းငံ့ခြင်း ခံခဲ့ရသလို စုံစမ်းစစ်ဆေးမှုတွေ ခံယူဖို့အတွက် ဒီဇင်ဘာ ၃၁ ရက်နေ့မှာ တရားရုံး တစ်ခုက ဝရမ်းထုတ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ယွန်ဟာ အစောင့်အရှောက်တွေ အများအပြား ထားရှိတဲ့ အိမ်တော်ထဲမှာ နေထိုင်ရင်း ဖမ်းဝရမ်းကို ဖီဆန်နေခဲ့တာကြောင့် ဇန်နဝါရီ ၁၅ ရက်နေ့ထိ သူ့ကို ဖမ်းဆီးနိုင်ရေး ကိစ္စက အထမမြောက်ခဲ့ပါဘူး။

တောင်ကိုရီးယား ရဲတပ်ဖွဲ့၊ တောင်ကိုရီးယား အဆင့်မြင့် အရာရှိများ အဂတိ တိုက်ဖျက်ရေးဌာန အရာရှိတွေ ပူးပေါင်းပြီး ယွန်ကို ဖမ်းဆီးဖို့ ဇန်နဝါရီ ၃ ရက်မှာ စတင် အားထုတ်ခဲ့ပေမယ့် သမ္မတ ကိုယ်ရံတော်တွေရဲ့ အားထုတ်မှုကြောင့် မအောင်မြင်ခဲ့ပါဘူး။ ဇန်နဝါရီ ၁၅ ရက်မှာတော့ ယွန်က ကိုယ်တိုင် အလျှော့ပေးပြီး ရဲတွေဆီမှ အဖမ်းခံခဲ့တာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၃ ရက်နေ့ကစပြီး ယွန်က သူ့ကို ဖမ်းဆီးမယ့် ကိစ္စတွေကို ဖီဆန် ငြင်းဆိုနေခဲ့တဲ့အပေါ် ရဲတပ်ဖွဲ့က ဝတ္တရား နှောင့်ယှက်မှု စွပ်စွဲချက်နဲ့ အမှုတည်ဆောက်ပြီး သမ္မတကို စွဲချက်တင်ဖို့ ကြိုးစားနေတာပါ။ တောင်ကိုရီးယား ဥပဒေအရ အဲဒီ စွပ်စွဲချက်အတွက် အမြင့်ဆုံး ထောင်ဒဏ် ၅ နှစ်ထိ ပြစ်ဒဏ် ချမှတ်ခံရနိုင်ပါတယ်။

လောလောဆယ်မှာ ရာထူးကနေ ဆိုင်းငံ့ခံရပြီး ဖမ်းဆီး ထိန်းသိမ်း ခံထားရတဲ့ ယွန်ကတော့ အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာမှုဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ချိုးဖောက်ခဲ့ခြင်း မရှိဘူးလို့ ခုခံ ပြောဆိုထားပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဘောင်ကျော် ချိုးဖောက်တယ် ဆိုတာဟာ တောင်ကိုရီးယားမှာ သမ္မတ တစ်ဦးအတွက် ပြစ်ဒဏ်စီရင်ချက်ကနေ ကင်းလွတ်လို့ မရနိုင်တဲ့ စွပ်စွဲချက် နှစ်ခုထဲမှာ အပါအဝင် ဖြစ်ပါတယ်။

တောင်ကိုရီးယား သမ္မတဟာ ရာဇဝတ်ကြောင်းဆိုင်ရာ စွပ်စွဲချက် အများစုကနေ ကင်းလွတ်ပိုင်ခွင့် ရထားပေမယ့်လည်း တကယ်လို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးကသာ ယွန်ကို ရာထူးကနေ ဖယ်ရှားစေဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် သူဟာ အဲဒီ စွဲချက်တွေကိုပါ အမှုရင်ဆိုင်ရမယ့် အဓိပ္ပါယ်ပါပဲ။

လောလောဆယ်မှာတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးဟာ ယွန်ရဲ့ စစ်အုပ်ချုပ်ရေး ကြေညာအမိန့်ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ချိုးဖောက်ရာ ရောက်မရောက် ဆိုတာကို ကြားနာ စစ်ဆေးနေဆဲဖြစ်ပြီး အပြီးသတ် ဆုံးဖြတ်ချက်ကို မတ်လလောက်မှာ ချမှတ်ဖွယ် ရှိတယ်လို့ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

နိုင်ငံတကာ

သမ္မတရဲ့ အသက်ကို လူသိရှင်ကြား ခြိမ်းခြောက်စကား ပြောခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အတွက် ဖိလစ်ပိုင် ဒုတိယ သမ္မတ ဆာရာဒူတာတေးကို ဖိလစ်ပိုင် တရားရုံး တစ်ခုက ဖမ်းဝရမ်း ထုတ်ခဲ့ပါတယ်။

သတင်း

ထိုင်းတရားရုံးကဖမ်းဝရမ်းထုတ်ထားတဲ့အာဏာသိမ်းစစ်တပ်လက် အောက်ခံ ကရင့်နယ်ခြားစောင့်တပ် (BGF) အမှတ် (၄) ရဲ့တပ်န​ယ်မှုး ဗိုလ်မှုးချုပ်စောမုတ်သုန် လူမြင်ကွင်းကနေ ပျောက်သွားတာ တစ်လနီးပါးရှိလာပြီလို့ သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့အခြေစိုက် စစ်တပ်လက်အောက်ခံကရင်နယ်ခြားစောင့်တပ်(BGF)အမှတ်(၄)တပ်နယ်မှူး ဗိုလ်မှူးကြီးစောမုတ်သုန်ကို လူကုန်ကူးမှု နဲ့ ထိုင်းရာဇဝတ်တရားရုံးက ဖမ်း၀ရမ်းအမိန့် ထုတ်ပြန်လိုက်ပါတယ်။