တရုတ်အခြေစိုက် ဉာဏ်ရည်တု (AI) နည်းပညာ ကုမ္ပဏီ တစ်ခုရဲ့ ဂယက်ကြောင့် အမေရိကန် နည်းပညာ လုပ်ငန်းစုကြီးတွေ ရှယ်ယာစျေးကွက်မှာ အထိနာကုန်တာဟာ အမေရိကန်အတွက် သတိပေး တပ်လှန့်မှု တစ်ခုလို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။
AI နည်းပညာနဲ့ ပတ်သက်ရင် ဒေါ်လာတွေ ဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားတဲ့ Nvidiaလို အမေရိကန် နည်းပညာ ကုမ္ပဏီကြီးတွေဟာ တရုတ် AI နည်းပညာ ကုမ္ပဏီ DeepSeekကြောင့် ရှယ်ယာတန်ဖိုး ဒေါ်လာ ၆၀၀ ဘီလီယံလောက် ကျဆင်းသွားတာမျိုး ကြုံခဲ့ပါတယ်။ Nvidiaဟာ AI နည်းပညာအတွက် လိုအပ်တဲ့ အဆင့်မြင့် chipတွေကို အဓိက ထုတ်လုပ်ပေးနေတဲ့ ကုမ္ပဏီကြီးပါ။
အမေရိကန် နည်းပညာ လုပ်ငန်းစုကြီးတွေဟာ AIနည်းပညာ နယ်ပယ်မှာ တရုတ်ကို ပြတ်ပြတ်သားသား အသာစီးယူဖို့ စိတ်ပိုင်းဖြတ်ထားပြီး ဘီလီယံပေါင်း များစွာသော ဒေါ်လာတွေအပြင် ရုပ်ဝတ္ထု အထောက်အပံ့ အများအပြားကို AI နည်းပညာ တိုးတက်ရေးအတွက် မြှုပ်နှံထားခဲ့ပါတယ်။
ဒါပေမဲ့ DeepSeekဟာ စတင်မိတ်ဆက်ပြီး တစ်ပတ်အတွင်းမှာတင် အမေရိကန်မှာ အခမဲ့ ရရှိနိုင်တဲ့ appတွေထဲမှာ downloadရယူမှု အများဆုံးအဖြစ် ရပ်တည်လာခဲ့ပါတယ်။ အမေရိကန် နည်းပညာ လုပ်ငန်းစုကြီးတွေအတွက် အရှိုက်ထိစေတဲ့ ကိစ္စကတော့ သူတို့ရဲ့ တရုတ်ပြိုင်ဘက် အသစ်ဟာ ဒေါ်လာ ၆ သန်းလောက်သာ တန်ကြေးရှိတဲ့ DeepSeek-V3 modelပေါ် အခြေခံ အလုပ်လုပ်ပြီး အမေရိကန်ရဲ့ AI အထောက်အပံ့တွေကို ယှဉ်ပြိုင်နိုင်တဲ့ အရိပ်အယောင်တွေ ပြသနေတာပါပဲ။

Public Service Announcement
DeepSeek ထွက်ပေါ်လာမှုဟာ ထိုင်ဝမ်နဲ့ တောင်ကိုရီးယားမှာရှိတဲ့ စွမ်းဆောင်ရည်မြင့် chipတွေ ထုတ်လုပ်ရာ လုပ်ငန်းစုတွေကိုပါ ရှယ်ယာစျေးကွက်မှာ ထိခိုက်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ ဂျပန်ရဲ့ AI နည်းပညာနဲ့ ဆက်စပ်တဲ့ Advantest၊ Softbankနဲ့ Tokyo Electronတို့ရဲ့ ရှယ်ယာတွေဟာလည်း ဇန်နဝါရီ ၂၇ ရက်နေ့မှာ သိသိသာသာ စျေးထိုးကျကုန်ပါတယ်။
ထရမ့်ကတော့ ကောင်းမွန်တဲ့ AI ဝန်ဆောင်မှုကို အမေရိကန် နိုင်ငံသားတွေ စျေးသက်သက်သာသာ အသုံးပြုနိုင်မယ်ဆိုရင် ကြိုဆိုရမယ့် ကိစ္စလို့ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ DeepSeekဟာ အမေရိကန် နည်းပညာ လုပ်ငန်းစုတွေအတွက် အချက်ပေး ခေါင်းလောင်းသံ ဖြစ်လာတယ် ဆိုတာကိုတော့ မမေ့ဖို့လိုကြောင်း သူက ဖလော်ရီဒါမှာ သမ္မတစီးတော်လေယာဉ် Air Force Oneပေါ် မတက်ခင် သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ မှတ်ချက် ပေးခဲ့ပါတယ်။
တရုတ်မှာ DeepSeekဆိုတဲ့ AIဝန်ဆောင်မှု ပေါ်ထွန်းလာတာကို ကြည့်ရင် အမေရိကန် လုပ်ငန်းကြီးတွေ အနေနဲ့ ယှဉ်ပြိုင်မှု ကဏ္ဍမှာ နည်းနည်းလေးတောင် အာရုံလျော့သွားလို့ မရဘဲ အပြည့်အဝ စိတ်နှစ်ထားရမယ်ဆိုတဲ့ နှိုးဆော်မှုမျိုးလို့ သတ်မှတ်နိုင်ကြောင်း ထရမ့်က ပြောပါတယ်။
ဒါပေမဲ့ တရုတ် AIကုမ္ပဏီတစ်ခု ရုတ်တရက် သတင်းကြီးလာတာကို မစိုးရိမ်ကြောင်းနဲ့ AIနည်းပညာ နယ်ပယ်မှာ အမေရိကန်က ဆက်ပြီး လွှမ်းမိုးထားမယ်ဆိုတာ ယုံကြည်ကြောင်းလည်း ထရမ့်က ဆိုပါတယ်။
DeepSeekဟာ လူသုံးများတဲ့ ChatGPTလို AI appတွေကို အနီးစပ်ဆုံး ယှဉ်ပြိုင်နိုင်တယ်လို့ သတင်းကြီးနေပြီး အဲဒီစွမ်းဆောင်ရည်မျိုးကို အရင်းအနှီး အရမ်းနည်းနည်းလေးနဲ့ လည်ပတ်ထားတာကြောင့် အမေရိကန် လုပ်ငန်းကြီးတွေ သိက္ခာကျစရာ ဖြစ်လာခဲ့တာပါ။ ကုမ္ပဏီဖက်ကတော့ တရုတ်မှာ AI သုတေသနပြုသူတွေဟာ ရရှိထားတဲ့ သတင်းအချက်အလက်တွေကို အချင်းချင်း ဝေမျှလေ့ ရှိတာကြောင့်လည်း အရမ်း အားကောင်းတဲ့ ကွန်ပျူတာ စွမ်းဆောင်ရည်တွေ မလိုအပ်ဘဲ ထိရောက်တဲ့ AI အထောက်အပံ့ကို ဖန်တီးလာနိုင်တာ ဖြစ်တယ်လို့ ပြောပါတယ်။
DeepSeek ကုမ္ပဏီကို တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဟန်ကျိုးမှာ ၂၀၂၃ ခုနှစ်တုန်းကမှ စတင်ထူထောင်ခဲ့တာလည်း ဖြစ်ပါတယ်။
ကိုးကား: NBC
