ဉာဏ်ရည်တု နည်းပညာ (AI)နဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ကြီးလာအောင် အင်မတန် အဆိုးမြင်တဲ့ အစုအဖွဲ့တွေက ပုံကြီးချဲ့ သတင်းလွှင့်နေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။
နာမည်ကျော် အမေရိကန် AI နည်းပညာ ကုမ္ပဏီ Anthropicရဲ့ သုတေသီ နှစ်ယောက်က အလျင်အမြန် တိုးတက်လာနေတဲ့ AI နည်းပညာတွေကို စနစ်တကျ စီမံကိုင်တွယ်မှု မရှိရင် လူသားမျိုးနွယ် ပျက်သုဉ်း ပျောက်ကွယ်သွားမယ့် အနာဂတ်က မဝေးတော့ဘူးလို့ သတိပေးခဲ့တဲ့နောက် ထရမ့်က အခုလို တုံ့ပြန်ခဲ့တာပါ။
အင်မတန် အဆိုးမြင်တဲ့ အစုအဖွဲ့တွေဟာ AIနဲ့ ပတ်သက်ပြီး တကယ်ဖြစ်မလာနိုင်တာတွေကို အစိုးရိမ်ကြီးအောင် ပုံကြီးချဲ့နေကြောင်း ထရမ့်က စက်တင်ဘာ ၁၃ ရက်နေ့မှာ စွပ်စွဲပြောကြားခဲ့ပါတယ်။ သူက အမေရိကန်ဟာ AI နည်းပညာ နယ်ပယ်မှာ ခေါင်းဆောင်မှု နေရာကို ရယူထားလိုကြောင်းလည်း သူက ဆိုပါတယ်။ လောလောဆယ်မှာတော့ အမေရိကန်နဲ့ တရုတ်တို့ဟာ AI နယ်ပယ်ကို ကြီးစိုးဖို့အတွက် အကြိတ်အနယ် ပြိုင်ဆိုင်နေပါတယ်။
AIပြိုင်ပွဲမှာ အမေရိကန်က တရုတ်အပေါ် ဦးဆောင်နေကြောင်း၊ အမေရိကန်ဟာ ကမ္ဘာပေါ်မှာ နည်းပညာ ခေတ်ရှေ့အပြေးဆုံး နိုင်ငံဖြစ်ကြောင်း၊ ပွင့်ပွင့်လင်းလင်း ပြောရရင် လက်ရှိ အားသာချက်ကို သူဆက်ပြီး ထိန်းထားချင်ကြောင်း၊ AIပြိုင်ပွဲမှာ နိုင်တဲ့သူဟာ တကယ့် အနိုင်ရသူဆိုတာ သေချာကြောင်း အိုင်ယာလန် နိုင်ငံကို ရောက်ရှိနေတဲ့ ထရမ့်က AIနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ဖြေကြားချိန်မှာ ပြောဆိုသွားပါတယ်။

Public Service Announcement
AI နည်းပညာနဲ့ ပတ်သက်လို့ ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်တာ မှန်ပေမယ့် အထိန်းအကွပ်တွေ သတ်မှတ်ထားလို့ ရကြောင်း၊ အဲဒီလို အစီအမံတွေကိုလည်း လုပ်ဆောင်နေကြောင်း၊ ဒါပေမဲ့ တစ်ဖက်မှာတော့ အရမ်း အဆိုးမြင်တဲ့ အင်အားစုတွေက AIကို ဆက်ပြီး တိုးတက်မလာအောင် တားဆီးသင့်ပြီ ဆိုတာမျိုး ပြောဆိုနေကြောင်း၊ တကယ်တမ်း ဖြစ်မလာနိုင်တဲ့ ကိစ္စတွေကို လျှောက်ပြောပြီး စိုးရိမ်စရာဖြစ်အောင် တမင်လုပ်နေကြကြောင်း ထရမ့်က ဆိုပါတယ်။
Anthropicရဲ့ သုတေသီ နှစ်ဦးက အလေးအနက် သတိပေးစကား ပြောခဲ့ပြီးတဲ့နောက် အမေရိကန်မှာ AIနဲ့ ပတ်သက်လို့ ငြင်းခုံမှုတွေ ပိုပြီး အရှိန်မြင့်လာနေပါတယ်။ ကုမ္ပဏီရဲ့ ပညာရှင်တွေက ကိုယ်တိုင် ဆတိုးမြှင့်တင်နိုင်တဲ့ AIတွေကို ထိန်းချုပ်ရ ခက်လာတာနဲ့ လူသားတွေရဲ့ အကျိုးစီးပွားနဲ့ ကိုက်ညီအောင် ထိန်းသိမ်းကြပ်မတ်ပေးမယ့် အစီအမံတွေ ရှိမနေသေးတာကြောင့် လက်ရှိ အတိုင်း ဆက်သွားနေမယ်ဆိုရင် နောက်ထပ် ၁၀ နှစ်အတွင်း လူသားမျိုးနွယ် တစ်ခုလုံး ပျက်သုဉ်းသွားနိုင်ခြေ ၁၀ ရာခိုင်နှုန်းလောက် တိုးလာလိမ့်မယ်လို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။
တချို့ AIတွေဟာ ကိုယ့်ကိုယ်ကိုယ် စွမ်းဆောင်ရည်ပိုင်း အဆပေါင်းများစွာ ထပ်မြှင့်တင်နိုင်တဲ့ ကုတ်ဒ်တွေ ရေးသားပြီး ပိုမို အဆင့်မြင့်လာစေသလို အဲဒီ AIတွေကို လူသားတွေ ထိန်းချုပ်နိုင်စွမ်း ကင်းလွတ်တဲ့ အခြေအနေထိ ရောက်သွားရင် ဘာတွေ ဖြစ်လာမလဲဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။
Anthropicရဲ့ သတိပေးချက် ထွက်ပေါ်လာပြီးတဲ့နောက် ပြိုင်ဘက်တွေ အပါအဝင် AI ကုမ္ပဏီ တချို့ရဲ့ အမှုဆောင်ချုပ်တွေကလည်း AI နည်းပညာကို အထိန်းအကွပ်မရှိတဲ့ မြန်နှုန်းမျိုးနဲ့ အဆင့်မြှင့်တင်နေတာကို ထိန်းသိမ်း လျှော့ချသင့်ပြီလို့ မှတ်ချက်ပေးလာကြပါတယ်။ ဒါပေမဲ့ အဲဒီ စိုးရိမ်မှုတွေဟာ AIကို အရှိန်အဟုန်နဲ့ မြှင့်တင်ပြီး နည်းပညာ ဦးဆောင်နေရာကို ရယူချင်နေတဲ့ ထရမ့်ရဲ့ သဘောထားနဲ့တော့ မကိုက်ညီပါဘူး။
Anthropicရဲ့ အမှုဆောင်ချုပ် ဒါရီယို အမ်မိုဒိုင်က AIရဲ့ တိုးတက်မှု မြန်နှုန်းထိ ထိန်းသိမ်းပြီး ကြုံလာနိုင်တဲ့ ဆိုးကျိုးတွေကို စီမံကိုင်တွယ်ပေးမယ့် အစီအမံတွေ ရေးဆွဲနိုင်ရေး ပိုမို အချိန်ပေးဖို့ လုပ်ငန်းစဉ် ၃ ရပ်ကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အဆိုပြုခဲ့ပါတယ်။ အဲဒီသဘောထားကို OpenAIရဲ့ အမှုဆောင်ချုပ် ဆမ်အဲ့လ်ထ်မန်းနဲ့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် နည်းပညာ လုပ်ငန်းရှင် သူဌေးကြီး အီလွန်မတ်စ်ခ်တို့ကလည်း ထောက်ခံခဲ့ပါတယ်။
Anthropicကနေ နုတ်ထွက်ခဲ့ပြီးသား သုတေသီ တစ်ဦးဖြစ်တဲ့ ဂျက်ကော့ဘ် ကော့ဆန်ကလည်း အမေရိကန် အစိုးရ အနေနဲ့ AI တိုးတက်မှုကို ဘေးကင်းတဲ့ အရှိန်တစ်ခုထိ ထိန်းသိမ်းထားဖို့အတွက် နိုင်ငံတကာနဲ့ ညှိနှိုင်းဆွေးနွေး အဖြေရှာဖို့ လိုနေပြီလို့ အလေးအနက် အကြံပြုထားခဲ့ပါတယ်။
ကိုးကား: Reuters


















































