Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကုလသမဂ္ဂပိုင် အဆောက်အအုံ တချို့ထဲမှာ ချုပ်နှောင်ခံခဲ့ရတယ်လို့ လွတ်မြောက်လာသူ အစ္စရေး ဓားစာခံပြော

ဟားမားစ် ပြောက်ကျားတွေဆီက ပြန်လွတ်လာတဲ့ အစ္စရေး ဓားစာခံ အမျိုးသမီး တစ်ဦးက သူဟာ ကုလသမဂ္ဂပိုင် အဆောက်အအုံ တချို့ထဲမှာ ဖမ်းဆီးထိန်းသိမ်းထားတာ ခံခဲ့ရကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ဟားမားစ် ပြောက်ကျားတွေဆီက ပြန်လွတ်လာတဲ့ အစ္စရေး ဓားစာခံ အမျိုးသမီး တစ်ဦးက သူဟာ ကုလသမဂ္ဂပိုင် အဆောက်အအုံ တချို့ထဲမှာ ဖမ်းဆီးထိန်းသိမ်းထားတာ ခံခဲ့ရကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ဗြိတိန်-အစ္စရေး နိုင်ငံသူ အီမလီ ဒါရာမီဟာ ဂါဇာ စစ်ပွဲတလျှောက် ၁၅ လကြာအောင် ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ အခြေအနေကနေ လက်ရှိ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကြောင့် လွတ်မြောက်လာခဲ့ပါတယ်။ ဗြိတိန် ဝန်ကြီးချုပ် ကီရာ စတာမာနဲ့ တိုက်ရိုက် ဖုန်းဆက်သွယ် စကားပြောခဲ့တဲ့ အခါမှာတော့ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ကာလအတွင်း သူ့ကို ဟားမားစ်တွေက ကုလသမဂ္ဂရဲ့ ပါလက်စတိုင်း ထောက်ပံ့ရေး အေဂျင်စီ (UNRWA) အဆောက်အအုံ တချို့ထဲမှာ ချုပ်နှောင်ထားတယ်ဆိုတာ သတိထားမိခဲ့ကြောင်း ဒါရာမီက ပြောပြခဲ့ပါတယ်။

သူ့ခြေထောက်နဲ့ လက်တွေမှာ သေနတ်ကျည်ဆန် ထိမှန်ခဲ့ပေမယ့်လည်း ဆေးကုသခွင့် မရခဲ့ကြောင်းလည်း ဒါရာမီက ဆိုပါတယ်။

UNRWAကတော့ ကုလသမဂ္ဂပိုင် အဆောက်အအုံတွေထဲမှာ ဓားစာခံတွေ ဖမ်းဆီးချုပ်နှောင် ခံခဲ့ရတယ်ဆိုတဲ့ ထုတ်ဖော် ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး အထူးအလေးအနက်ထား စုံစမ်းနေတယ်လို့ ပြောကြားထားပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေးအစိုးရနဲ့ အစ္စရေးစစ်တပ် (IDF)တို့ဟာ စစ်ပွဲကာလတလျှောက်မှာ UNRWAရဲ့ အဆောက်အအုံတွေ၊ အရင်းအမြစ်တွေကို ဟားမားစ်တွေက အလွဲသုံးစား လုပ်ခဲ့တယ်လို့ အစဉ်တစိုက် စွပ်စွဲခဲ့ပါတယ်။ UNRWAကတော့ အဲဒီ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့ ကော်မတီတစ်ခု ဖွဲ့စည်း စစ်ဆေးစေသင့်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။

ဂါဇာစစ်ပွဲကို အစပြုစေခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းတုန်းက အစ္စရေးနယ်စပ်ကို ဟားမားစ်တွေ ကျူးကျော် တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်မှာလည်း UNRWA ဝန်ထမ်းတွေ ကိုယ်ထိလက်ရောက် ပါဝင်ခဲ့ကြောင်း စွပ်စွဲထားပါတယ်။ နောက်ပြီး အစ္စရေး ပိုင်နက်ထဲမှာ UNRWAရဲ့ လုပ်ငန်းတွေ လည်ပတ်ခွင့်ကို ပိတ်ပင်ဖို့ပါ အစ္စရေး အစိုးရက စီစဉ်ထားပြီး ဖြစ်ပါတယ်။

UNRWAရဲ့ ဆက်သွယ်ရေး ဒါရိုက်တာ ဂျူးလိယက် တူမာက ဒါရာမီရဲ့ ထွက်ဆိုချက်နဲ့ ပတ်သက်ပြီး ဖြေရှင်းရာမှာ စစ်ပွဲကာလအတွင်း အေဂျင်စီ လက်အောက်ခံ အဆောက်အအုံ တချို့နဲ့ လတွေအများကြီး အဆက်အသွယ် ပြတ်တောက်နေတာတွေ ရှိခဲ့ကြောင်း၊ နောက်ပြီး စစ်ပွဲမှာ UNRWAရဲ့ အဆောက်အအုံတွေဟာ ဒုက္ခသည် စခန်းတွေ ဖြစ်လာပြီး အဲဒီထဲမှာ လူပေါင်း သန်းဂဏန်းလောက် ခိုလှုံနေခဲ့ကြတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဗြိတိန် အစိုးရကတော့ အခုကိစ္စနဲ့ ပတ်သက်ပြီး UNRWAက လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ရှိသင့်ကြောင်း အဆိုပြုခဲ့တာကို ကြိုဆိုတယ်လို့ မှတ်ချက် ပေးထားပါတယ်။

အသက် ၂၈ နှစ်အရွယ် ဒါမာရီက သူဓားစာခံအဖြစ် ဖမ်းဆီးခံထားရချိန် အတောအတွင်း သူလွတ်မြောက်အောင် ဝိုင်းဝန်း လှုပ်ရှား တောင်းဆိုပေးခဲ့ကြတဲ့ ဗြိတိန် ပြည်သူတွေကို အထူးကျေးဇူးတင်ကြောင်းလည်း ဝန်ကြီးချုပ်ဆီ ပြောကြားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှာတော့ ဟားမားစ်တွေဟာ နောက်ထပ် ဓားစာခံ ၃ ဦးကို ပြန်လွှတ်ပေးဖွယ် ရှိနေပြီး အပြန်အလှန်အဖြစ် အစ္စရေးက ထိန်းသိမ်းထားတဲ့ ပါလက်စတိုင်း ၁၈၃ ဦး လွတ်မြောက်လာမယ်လို့ ယုံကြည်ရပါတယ်။

ဇန်နဝါရီ ၁၉ ရက်နေ့မှာ စတင် အသက်ဝင်တဲ့ အပစ်ရပ် သဘောတူညီမှုအတွင်း အစ္စရေးနဲ့ ဟားမားစ်တို့ဟာ နှစ်ဖက် ဖမ်းဆီးထားသူတွေကို တစ်သုတ်ချင်းစီ ပြန်လွှတ်ပေးသွားမှာ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့တုန်းက ဟားမားစ်တွေဟာ အစ္စရေး နယ်စပ်ကို အလစ်အငိုက် စီးနင်းတိုက်ခိုက်ပြီး လူ ၁၂၀၀ ဝန်းကျင်ကို သတ်ဖြတ်ခဲ့သလို အစ္စရေး နိုင်ငံသား အများစု အပါအဝင် ဓားစာခံ ၂၅၁ ဦးကို ဂါဇာဖက် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါတယ်။ အဲဒီအတွက် အစ္စရေးက စစ်ကြေညာပြီး အပြင်းအထန် လက်တုံပြန်ခဲ့ရာက ဂါဇာ ကမ်းမြှောင်ဒေသကို ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးစေတဲ့ ၁၅ လကြာ စစ်ပွဲ အစပြုခဲ့ပါတယ်။ အဲဒီ စစ်ပွဲကြောင့် ဂါဇာမှာ အရပ်သား အများအပြား အပါအဝင် လူပေါင်း ၄၇၄၆၀ သေဆုံးခဲ့တယ်လို ဟားမားစ် လက်အောက်ခံ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသမှာ အပစ်အခတ် ရပ်စဲရေးရဲ့ အစိတ်အပိုင်းအဖြစ် သုံ့ပန်းတွေ အလဲအလှယ် လုပ်တာကို ဆိုင်းငံ့ထားမယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုရဲ့ အစိတ်အပိုင်းအဖြစ် ဟားမားစ် ပြောက်ကျားတွေဟာ အစ္စရေးနဲ့ ထိုင်းနိုင်ငံသား ဓားစာခံ ၈ ဦးကို ထပ်ပြီး လွှတ်ပေးလိုက်ပါတယ်။

နိုင်ငံတကာ

ဟားမားစ်တွေ လွှတ်ပေးဖို့ သဘောတူထားတဲ့ ဓားစာခံတွေထဲက ၈ ယောက်ဟာ သေဆုံးသွားခဲ့ပြီးသား ဖြစ်တယ်ဆိုတာ သတင်းရရှိခဲ့ကြောင်း အစ္စရေးက ပြောပါတယ်။

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသမှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု စတင် အသက်ဝင်ခြင်းနဲ့အတူ နှစ်ဖက် အကျဉ်းသားတွေ လဲလှယ်မှု အစီအစဉ်တွေလည်း စတင်နေပြီ ဖြစ်ပါတယ်။