တစ်ချိန်တုန်းက အမေရိကန် ထိန်းချုပ်နယ်မြေ ဖြစ်ခဲ့ဖူးတဲ့ ပနားမား တူးမြောင်းကို ပြန်လည် ရယူသွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။
အလယ်ပိုင်း အမေရိက နိုင်ငံနဲ့ အမေရိကန်ကြား သံတမန်ရေးရာ တင်းမာမှုတွေဟာ အမေရိကန် ရွေးကောက်ပွဲမှာ ထရမ့် အနိုင်ရခဲ့ချိန် ကတည်းက သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။
ထရမ့်က နိုင်ငံတကာ ကုန်သွယ်ရေး ကဏ္ဍမှာ အသက်သွေးကြော အခြေခံ အဆောက်အအုံ တစ်ခုဖြစ်တဲ့ တူးမြောင်းကို ထိန်းချုပ်ထားရာ ပနားမား နိုင်ငံအပေါ် တရုတ် ဩဇာ လွှမ်းမိုးမှုတွေ ရှိနေတယ်လို့ စွပ်စွဲပြီး ပနားမား တူးမြောင်းကို အမေရိကန် ပိုင်နက်အဖြစ် ပြန်ရယူဖို့ ရည်ရွယ်ထားကြောင်း ပြောပါတယ်။
တရုတ်ဟာ ပနားမား တူးမြောင်းကို စိတ်တိုင်းကျ ထိန်းချုပ်နေကြောင်း၊ အမေရိကန်ဟာ အဲဒီတူးမြောင်းကို ပနားမားဆီ ပြန်ပေးခဲ့တာဖြစ်ပြီး တရုတ်ဆီ ပေးအပ်ခဲ့တာ မဟုတ်ကြောင်း၊ အဲဒီ ဆုံးဖြတ်ချက်ဟာ ရူးမိုက်မှု တစ်ခုဖြစ်ခဲ့ပြီး ပနားမားကလည်း သဘောတူညီမှုတွေကို ချိုးဖောက်နေကြောင်း၊ ဒါကြောင့် အမေရိကန် ပိုင်နက် ဖြစ်ခဲ့ဖူးတဲ့ တူးမြောင်းကို အမေရိကန်က ပြန်ရယူမှာဖြစ်ကြောင်း၊ ဒါမှမဟုတ်ရင် အရမ်း ပြင်းထန်အားကောင်းတဲ့ တစ်ခုခု ဖြစ်လာနိုင်ကြောင်း ထရမ့်က ဖေဖော်ဝါရီ ၂ ရက်နေ့မှာ သတင်းထောက်တွေကို ပြောကြားသွားပါတယ်။

Public Service Announcement
လတ်တလောမှာတော့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုဟာ ဝန်ကြီးဘဝ သူ့ရဲ့ ပထမဆုံး ပြည်ပ ခရီးစဉ်အဖြစ် ပနားမားကို သွားရောက်ခဲ့ပြီး သမ္မတ ရာအူးလ် မူလီနိုနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
မူလီနိုက ပနားမား တူးမြောင်းဟာ ပနားမား နိုင်ငံရဲ့ အချုပ်အခြာ အာဏာ ပိုင်နက် ဖြစ်တယ်ဆိုတဲ့ အချက်ဟာ ဘာမှ အငြင်းပွားစရာ မလိုကြောင်း ရူဘီရိုကို ပြောကြားခဲ့ပါတယ်။ ရူဘီရိုကတော့ ပနားမား အစိုးရဟာ တူးမြောင်းကို ထိန်းချုပ်မှုမှာ တရုတ် လွှမ်းမိုးမှု တိုးပွားလာနေတာကို လျှော့ချဖို့ လိုလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။ သမ္မတ မူလီနိုက အမေရိကန်ဆီက အင်အားသုံးပြီး တူးမြောင်း ပိုင်ဆိုင်ခွင့်ကို ရယူထိန်းချုပ်လာမယ့် ခြိမ်းခြောက်မှုမျိုး မရှိနိုင်လောက်ဘူးလို့လည်း သတင်းထောက်တွေကို သီးခြား မှတ်ချက် ပေးခဲ့ပါတယ်။
ထရမ့်ဟာ သမ္မတ ဖြစ်မလာခင် ကတည်းက ပနားမား အစိုးရ အနေနဲ့ တူးမြောင်းမှာ အမေရိကန် အရပ်ဖက်နဲ့ စစ်ဘက် ရေယာဉ်တွေ ဖြတ်သန်း ခုတ်မောင်းခွင့်ကို ငွေကြေး အလွန်အကျွံ ကောက်ယူနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။
ပနားမားတူးမြောင်းဟာ တစ်ချိန်က အမေရိကန် ထိန်းချုပ်မှုအောက်မှာ ရှိခဲ့ပေမယ့် ၁၉၇၇ ခုနှစ်တုန်းက ချုပ်ဆိုခဲ့တဲ့ စာချုပ်အရ တူးမြောင်းတဝိုက်က နယ်မြေတွေကို အမေရိကန်က လက်လွှတ်ပေးခဲ့ပြီး အဆုံးမှာတော့ တူးမြောင်းကိုပါ ပနားမား အစိုးရ လက်ထဲ ပြန်ပေးအပ်ခဲ့ပါတယ်။ စာချုပ်အရ အမေရိကန်ဟာ ပနားမား တူးမြောင်းရဲ့ ရေကြောင်း သွားလာခွင့်ကို နိုင်ငံတကာ ပဋိပက္ခ တစ်ခုခုကြောင့်ဖြစ်စေ၊ နိုင်ငံခြားတိုင်းပြည် တစ်ခုခုရဲ့ နှောင့်ယှက်မှုကြောင့်ဖြစ်စေ ထိခိုက်လာမှသာ စစ်ရေးအရ ကြားဝင် စွက်ဖက်နိုင်မယ်လို့ သဘောတူထားပါတယ်။
မျက်မှောက်ကာလမှာတော့ အဲဒီ တူးမြောင်းဟာ ကမ္ဘာ့ပင်လယ် ရေကြောင်းသွားလာမှု ကဏ္ဍမှာ အရေးအပါဆုံး အခြေခံ အဆောက်အအုံ တစ်ခု ဖြစ်လာသလို အမေရိကန် ထိန်းချုပ်ထားစဉ် ကာလတွေတုန်းကထက် အများကြီး အရေအတွက်ပိုတဲ့ သင်္ဘောတွေ အသုံးပြု ဖြတ်သန်းနေကြပါတယ်။
မူလီနိုက တူးမြောင်း စီမံခန့်ခွဲမှုကို တရုတ်က လွှမ်းမိုးလာတယ်ဆိုတဲ့ စွပ်စွဲချက်ကို ပယ်ချခဲ့ပြီး တူးမြောင်းရဲ့ terminal နှစ်ခုကို လုပ်ကိုင်ခွင့် စာချုပ်ရထားတဲ့ တရုတ်ကုမ္ပဏီ တစ်ခုကို ပနားမား အာဏာပိုင်တွေက စာရင်းစစ်နေတယ်လို့ ပြောပါတယ်။
ထရမ့်ဟာ ပနားမားတူးမြောင်းကို ပြန်လည် သိမ်းယူမယ်လို့ ခြိမ်းခြောက်တာအပြင် ဒိန်းမတ် လက်အောက်ခံ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဖြစ်တဲ့ ဂရင်းလန်ကျွန်းကို အမေရိကန် ပိုင်နက်အဖြစ် ဝယ်ယူလိုကြောင်း အငြင်းပွားစရာ စကားမျိုးတွေကို အတိအလင်း ပြောကြားထားခဲ့ပါတယ်။
ကိုးကား: CNN
https://th-i.thgim.com/public/incoming/i6vjcd/article69174795.ece/alternates/FREE_1200/Panama_US_Rubio_62405.jpg


















































