Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆွီဒင် စာသင်ကျောင်း ပစ်ခတ်မှုမှာ လူ ၁၀ ဦးထက်မနည်း သေဆုံး

ဆွီဒင်နိုင်ငံက ကျောင်းဝင်းတစ်ခုထဲမှာ ဖြစ်ပွားတဲ့ ပစ်ခတ်မှုအတွင်း လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရဲတွေက အတည်ပြုခဲ့ပါတယ်။

ဆွီဒင်နိုင်ငံက ကျောင်းဝင်းတစ်ခုထဲမှာ ဖြစ်ပွားတဲ့ ပစ်ခတ်မှုအတွင်း လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရဲတွေက အတည်ပြုခဲ့ပါတယ်။

ဖေဖော်ဝါရီ ၄ ရက်နေ့ ညပိုင်းက တိုက်ခိုက်မှုမှာ အစောပိုင်းတုန်းက ဒဏ်ရာရသူ ၅ ဦး ရှိတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပေမယ့် အခြေအနေ တည်ငြိမ်သွားချိန် စိစစ်မှုတွေအရ အသေအပျောက် ဆယ်ဂဏန်းထိ ရှိလာခဲ့တာပါ။

မြို့တော် စတော့ခ်ဟုမ်းရဲ့ အနောက်ဖက် ကီလိုမီတာ ၂၀၀ လောက်အကွာ အော်ရီဘရို မြို့ထဲက ရစ်ဘက်စ်ကာ ပညာရေး စင်တာမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သူတွေထဲမှာ သေနတ်သမား ကိုယ်တိုင်လည်း ပါဝင်ခဲ့တယ်လို့ ယုံကြည်ရကြောင်း ရဲတွေက ဆိုပါတယ်။

ပစ်ခတ်မှုရဲ့ နောက်ကွယ်က အကြောင်းရင်းကို တိတိကျကျ မသိရသေးသလို သံသယ တရားခံဟာ ရဲတွေဆီမှာ ပြစ်မှုမှတ်တမ်းဟောင်း မရှိဘူးလို့လည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆွီဒင် ဝန်ကြီးချုပ် အူလ်ဖ်ခရစ္စတာဆန်က ဖေဖော်ဝါရီ ၄ ရက်နေ့ ဖြစ်စဉ်ဟာ ဆွီဒင်နိုင်ငံ သမိုင်းမှာ အဆိုးရွားဆုံး အစုအပြုံလိုက် ပစ်ခတ်သတ်ဖြတ်မှုလို့ ပြောကြားခဲ့ပါတယ်။ ဒီကိစ္စမျိုးရဲ့ သက်ရောက် ရိုက်ခတ်မှုကို ဆွီဒင်နိုင်ငံသားအားလုံး လက်ခံ ကျော်လွှားနိုင်ဖို့ ခက်ခဲလွန်းတယ်လို့ ဝန်ကြီးချုပ်က သတင်းစာ ရှင်းလင်းပွဲမှာ မှတ်ချက်ပေးခဲ့ပါတယ်။

ရဲတွေရဲ့ အဆိုအရ ဒဏ်ရာရသူတွေထဲမှာ အခြေအနေ မကောင်းသူတွေ ပါဝင်နေပြီး အသေအပျောက် ကိန်းဂဏန်း မြင့်တက်လာနိုင်တယ်လို့လည်း သိရပါတယ်။ ဒဏ်ရာရသူတချို့ကို ဆေးရုံတွေက လက်ခံ ကုသပေးနေပြီး အနည်းဆုံး ၄ ဦးဟာ အရေးပေါ် ခွဲစိတ်မှုတွေ ခံယူနေရကြောင်း ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

လောလောဆယ်တော့ ကျောင်းတွင်း ပစ်ခတ်မှုကို လူသတ်မှု၊ မီးရှို့မှု၊ လက်နက်ကို လွန်လွန်ကဲကဲ အသုံးချမှုတွေနဲ့ အမှုဖွင့် စစ်ဆေးနေပြီး နောက်ကွယ်မှာ အကြမ်းဖက်ဝါဒ ဆက်စပ်နိုင်တဲ့ အထောက်အထားတော့ မတွေ့ရဘူးလို့ ဆိုပါတယ်။

အခင်းဖြစ်ပွားရာ စာသင်ကျောင်းဟာ မူလတန်းနဲ့ အထက်တန်း ပညာရေး မပြီးမြောက်ခဲ့သူတွေကို အဓိက သင်ကြားပေးတဲ့ ကျောင်းလည်း ဖြစ်ပါတယ်။ အဲဒီကျောင်း တည်ရှိရာ ပရဝုဏ်နဲ့ ဆက်စပ်တဲ့ တခြားကျောင်းတွေလည်း ရှိနေပြီး ပစ်ခတ်မှု ဖြစ်ပွားနေချိန် အတောအတွင်း အနီးတဝိုက်က ကျောင်းတွေကိုလည်း တံခါးတွေ လုံခြုံအောင် ပိတ်ထားကြဖို့ ရဲတွေက သတိပေးခဲ့ပါတယ်။

ရဲတွေက နာမည် မကြေညာသေးတဲ့ သေနတ်သမားဟာ တစ်ကိုယ်တော် ကျူးလွန်ခဲ့တာလို့ ယုံကြည်ရကြောင်း ပြောကြားခဲ့ပြီး ပစ်ခတ်မှုအတွင်း သေဆုံးခဲ့တယ်လို့ ဆိုပေမယ့် အသေးစိတ်ကိုတော့ မထုတ်ပြန်သေးပါဘူး။

အော်ရီဘရို မြို့ထဲမှာတင် ရှိနေတဲ့ သေနတ်သမားရဲ့ နေအိမ်ကို ရဲတွေက စီးနင်းရှာဖွေခဲ့ပြီး သူ့မှာ လက်နက်ကိုင်ဆောင်ခွင့် လိုင်စင် ရှိနေတာကို အတည်ပြု တွေ့ရှိခဲ့ပါတယ်။

ဝန်ကြီးချုပ်နဲ့ ရဲတပ်ဖွဲ့ကတော့ စုံစမ်းသိရှိထားတဲ့ အချက်အလက်တွေကို လာမယ့် ရက်ပိုင်းတွေမှာ ဆက်လက် ထုတ်ပြန်ပေးသွားမယ်လို့ ပြောကြားထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ