Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ခရီးသည်ခုံ အပေါ်ဖက် အိတ်သိုလှောင်ခန်းတွေမှာ power bankတွေ ထားရှိမှုကို ဘူဆန် လေကြောင်းလိုင်း ပိတ်ပင်

လေယာဉ် မီးလောင်မှု ဖြစ်စဉ် ကြုံတွေ့ခဲ့တဲ့နောက် တောင်ကိုရီးယားရဲ့ ဘူဆန် လေကြောင်းလိုင်းဟာ ခရီးသည်ခုံတွေရဲ့ အပေါ်ဖက် အိတ်သိုလှောင် ခန်းတွေထဲမှာ power Bankတွေ ထားရှိခွင့် ပိတ်ပင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

လေယာဉ် မီးလောင်မှု ဖြစ်စဉ် ကြုံတွေ့ခဲ့တဲ့နောက် တောင်ကိုရီးယားရဲ့ ဘူဆန် လေကြောင်းလိုင်းဟာ ခရီးသည်ခုံတွေရဲ့ အပေါ်ဖက် အိတ်သိုလှောင် ခန်းတွေထဲမှာ power Bankတွေ ထားရှိခွင့် ပိတ်ပင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက လေကြောင်းလိုင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီး အကြီးအကျယ် မီးလောင်ခဲ့တဲ့ ဖြစ်စဉ်အပြီး ဘူဆန် လေကြောင်းလိုင်းက အခု စည်းမျဉ်း အသစ်ကို ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

ဇန်နဝါရီ ၂၈ ရက်နေ့က ဘူဆန်မှာရှိတဲ့ ဂင်မ်ဟေး နိုင်ငံတကာ လေဆိပ်မှာ ခရီးသည်တင် လေယာဉ် မီးလောင်မှု အကြောင်းရင်းကို စုံစမ်းနေဆဲ ဖြစ်သလို Power Bank အပူလွန်ကဲပြီး မီးလောင်တယ် ဆိုတာမျိုး အတည်မပြုသေးပါဘူး။ ဒါပေမဲ့ ဖြစ်နိုင်ခြေ အားလုံးကို ကြိုတင် တွက်ဆပြီး အခုလို တားမြစ်မှု အသစ်ကို ထုတ်ပြန်ခဲ့တာပါ။

ကျွမ်းကျင်သူတွေကတော့ ခရီးသည်တင် လေယာဉ် မီးလောင်မှုတွေဟာ အကြောင်းရင်း တစ်ခုတည်းကြောင့် ဆိုတာထက် အခြေအနေ အရပ်ရပ် စုပေါင်းပြီး ဖြစ်ပေါ်လေ့ ရှိတတ်တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဘူဆန် လေကြောင်းလိုင်းက ခရီးသည်တွေ တစ်ဦးချင်းစီ သယ်ဆောင်သွားမယ့် အိတ်တွေမှာ power bankတွေ ပါမပါ စစ်ဆေးပြီး တကယ်လို့ ယူဆောင်လာရင် သေချာ မှတ်သားထားပြီး ခုံတွေပေါ်က အိတ်ထည့်တဲ့ အဆင့်တွေမှာ သိမ်းမထားဖို့ ကြပ်ကြပ်မတ်မတ် စီစဉ်ပေးလိုက်မှာ ဖြစ်တယ်လို့ ကြေညာပါတယ်။

လေကြောင်းလိုင်းဟာ ခရီးသည်တွေ power bank ယူမလာရဘူးလို့ တားမြစ်တာတော့ မဟုတ်ဘဲ လူနဲ့ပဲ တွဲလျက်သား ထားဖို့ သတ်မှတ်ထားတာပါ။ ဒါမှသာ အပူလွန်ကဲမှုကို ကြိုတင်သိရှိပြီး မီးမလောင်ခင် ကြိုတားနိုင်မှာ ဖြစ်ပါတယ်။

ဘူဆန် လေကြောင်းလိုင်းက အဲဒီ အပြောင်းအလဲကို ဖေဖော်ဝါရီ ၇ ရက်မှာ ခရီးစဉ် တချို့အတွက် ကန့်သတ်ပြီး စတင် ကျင့်သုံးမှာဖြစ်ကြောင်း၊ အဲဒီနောက် အခြေအနေ တိုးတက်မှုအပေါ် မူတည်ပြီး ခရီးစဉ် အားလုံးမှာ ချဲ့ထွင် အသုံးပြုဖို့ လျာထားကြောင်း ပြောပါတယ်။

ဇန်နဝါရီ ၂၈ ရက်နေ့က ဟောင်ကောင်ကို ပျံသန်းထွက်ခွာမယ့် လေယာဉ်ဟာ ကိုယ်ထည် အနောက်ပိုင်း ဘယ်ဖက်ခြမ်း၊ ခရီးသည် ခုံတွေရဲ့ အထက် ပစ္စည်းထားတဲ့ နေရာကနေ မီးစလောင်ခဲ့တာ ဖြစ်ပါတယ်။ လေယာဉ်မယ် တစ်ယောက်က မီးခိုးတွေကို သတိထားမိနိုင်ခဲ့တာကြောင့် ခရီးသည်နဲ့ အမှုထမ်း အားလုံးကို ဘေးကင်းကင်း ရွှေ့ပြောင်းနိုင်ခဲ့ပါတယ်။

ပြန်လည် အားသွင်း အသုံးပြုရတဲ့ လစ်သီယမ် ဘက်ထရီတွေဟာ power bankတွေ၊ မိုဘိုင်းဖုန်းတွေ၊ Laptopတွေနဲ့ တခြား အီလက်ထရောနစ် ပစ္စည်း အများအပြားမှာ တပ်ဆင် အသုံးပြုထားပြီး ဖြစ်တောင့်ဖြစ်ခဲ ဆိုပေမယ့် ဝါယာရှော့ ပြဿနာကနေ အပူလွန်ကဲပြီး မီးလောင်နိုင်တဲ့ ပြဿနာမျိုး ရှိကြောင်း ကျွမ်းကျင်သူတွေက သတိပေး ပြောကြားထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ