Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဒေါ်လာ ၅ သန်းတန် ရွှေရောင်ကတ် ဗီဇာတွေ ထုတ်ရောင်းမယ်လို့ ထရမ့်ပြော

အမေရိကန်မှာ အခြေချ နေထိုင်ခွင့် အထူးပါမစ်တွေကို ရောင်းချဖို့ စီစဉ်နေကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က အတည်ပြု ပြောကြားခဲ့ပါတယ်။

အမေရိကန်မှာ အခြေချ နေထိုင်ခွင့် အထူးပါမစ်တွေကို ရောင်းချဖို့ စီစဉ်နေကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က အတည်ပြု ပြောကြားခဲ့ပါတယ်။

သူသမ္မတ ဖြစ်လာပြီး ချက်ချင်းဆိုသလို အမေရိကန်မှာ ဒုက္ခသည် လက်ခံမှု အစီအစဉ်တွေကို ဆိုင်းငံ့ခဲ့တဲ့ ထရမ့်ဟာ တစ်လလောက် အကြာမှာ အဲဒီ တန်ဖိုးကြီး နေထိုင်ခွင့် ဗီဇာ အစီအစဉ်အကြောင်း ထုတ်ပြောလာတာ ဖြစ်ပါတယ်။ ရွှေရောင်ကတ်လို့ ခေါ်ဝေါ်မယ့် အဲဒီ ဗီဇာဟာ နိုင်ငံခြားသား ငွေကြေး ချမ်းသာ ကြွယ်ဝသူတွေကို ရည်ရွယ်ပြီး လက်ရှိ အသုံးပြုနေတဲ့ အစိမ်းရောင်ကတ် တရားဝင် နေထိုင်ခွင့် ဗီဇာရဲ့ တန်ဖိုးမြင့် ဗားရှင်းလို့ ယူဆနိုင်ပါတယ်။

ရွှေရောင်ကတ် ကိုင်ဆောင်သူတွေ ဝင်ရောက်လာခြင်းက အမေရိကန်မှာ အလုပ်အကိုင် ဖန်တီးပေးမယ့်သူတွေ တိုးလာစေမယ့်အပြင် အမေရိကန်ရဲ့ လိုငွေပြမှုကိုလည်း လျှော့ချနိုင်မှာ ဖြစ်တယ်လို့ ထရမ့်က ဆိုပါတယ်။

အမေရိကန်မှာ သမ္မတဟောင်း ဂျိုးဘိုင်ဒန် အာဏာရနေတုန်းက ရုရှား-ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး ရုရှား စီးပွားရေး လုပ်ငန်းရှင်တွေကို အရေးယူ ပိတ်ဆို့မှုတွေ သတ်မှတ်ခဲ့ပေမယ့် ထရမ့်ကတော့ ရွှေရောင်ကတ်ကို အဲဒီ သူဌေးသူကြွယ်တွေလည်း ဝယ်ယူခွင့် ရှိနိုင်လောက်တယ်လို့ ဖေဖော်ဝါရီ ၂၅ ရက်နေ့တုန်းက အိမ်ဖြူတော်ရဲ့ ဘဲဥပုံ ရုံးခန်းမှာ ထရမ့်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သူ့ရဲ့ ဒုတိယအကြိမ် သမ္မတ သက်တမ်းမှာ အမေရိကန်ရောက် တရားမဝင် နေထိုင်သူတွေကို အင်တိုက်အားတိုက် ဖြိုခွင်းဖို့ ရည်ရွယ်ထားတဲ့ ထရမ့်က ရွှေရောင်ကတ်ရဲ့ ရည်ရွယ်ချက်ဟာ အမေရိကန် နိုင်ငံသားဖြစ်ခွင့်က စျေးကြီးတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြသခြင်းပဲလို့လည်း ပြောပါတယ်။

အမေရိကန်ကို လာချင်တဲ့ သူတွေ အများကြီး ရှိကြမှာဖြစ်ကြောင်း၊ သူတို့ဟာ အမေရိကန်ကို ရောက်လာရင် အလုပ်လုပ်ကြ၊ အလုပ်နေရာတွေ ဖန်တီးပေးကြ၊ ကုမ္ပဏီတွေ ထူထောင်ကြတာမျိုး အခွင့်အရေး ရနိုင်ကြောင်း၊ ပိုက်ဆံတော့ ရှိကြရမှာဖြစ်ကြောင်း ထရမ့်က ဆိုပါတယ်။

ရွှေရောင်ကတ်တွေ ရောင်းချမှုဟာ နောက်ထပ် နှစ်ပတ်လောက်အတွင်း စတင်လာနိုင်တယ်လို့လည်း သူက မှတ်ချက် ပေးခဲ့ပါတယ်။ အိမ်ခြံမြေ လုပ်ငန်းရှင် ဘီလီယံနာ သူဌေးကြီး တစ်ဦးလည်းဖြစ်တဲ့ ထရမ့်က ရွှေရောင်ကတ်အသစ် လျှောက်ထားသူတွေရဲ့ နောက်ခံ အခြေအနေတွေကို သေချာ စိစစ်သွားမယ်လို့ ပြောခဲ့ပြီး ရုရှား လုပ်ငန်းရှင်တွေကိုရော ခွင့်ပြုမလားဆိုတဲ့ သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဖြစ်နိုင်ခြေ ရှိတယ်လို့ ပြန်ဖြေသွားခဲ့တာပါ။

ထရမ့်ဟာ သမ္မတ ဖြစ်လာပြီး တစ်လလောက် အတွင်းမှာတင် အမေရိကန်ရဲ့ နိုင်ငံတကာ အထောက်အပံ့ အစီအစဉ်တွေကို ပိတ်ပင်တာ၊ ယူကရိန်း စစ်ပွဲအရေးမှာ ရုရှားနဲ့ တိုက်ရိုက် ချိတ်ဆက်ဆွေးနွေးတာတွေ အပါအဝင် ဂယက်ရိုက်ခတ်မှု ကြီးမားတဲ့ စီမံဆုံးဖြတ်ချက်တွေကို ဆက်တိုက် လုပ်ဆောင်လာခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လဆန်းပိုင်းတုန်းက အမေရိကန် သမ္မတ စီးတော် ရဟတ်ယာဉ်ဖြစ်တဲ့ Marine Oneက ခရီးသည်တင် ဂျက်လေယာဉ် တစ်စီးနဲ့ နီးနီးကပ်ကပ် ပျံသန်းမိခဲ့တဲ့ ဖြစ်စဉ်ဟာ ဆက်သွယ်ရေးဆိုင်ရာ လစ်ဟာမှု တစ်ခုကြောင့်လို့ စုံစမ်းရေး အရာရှိတွေက ပြောပါတယ်။

နိုင်ငံတကာ

အွန်တေရီယို ရေကန်ကြီးကို အမေရိက ရေကန်လို့ နာမည်ပြောင်းလဲ ခေါ်ဝေါ်ဖို့ အမိန့်တစ်ခုကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

သူ့ရဲ့ ကုန်သွယ်ခွန် တိုးမြှင့်မှုတွေကို လက်တုံ့ပြန်လာတဲ့ ကနေဒါကို သင်ခန်းစာပေးဖို့ အချိန်တန်ပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားထဲက ရေမြှုပ်မိုင်းအားလုံး အကုန်အစင် ရှင်းလင်းပြီးပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။