ပြန်လည် စစ်ဆေး သုံးသပ်မှုတွေအပြီး အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID)ရဲ့ နိုင်ငံတကာ အထောက်အပံ့ စီမံကိန်း အားလုံးရဲ့ ၈၃ ရာခိုင်နှုန်းကို ပယ်ဖျက်လိုက်ပြီး ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။
သမ္မတ ဒေါ်နယ်လ်ထရမ့်က အမေရိကန်ရဲ့ နိုင်ငံခြား ဖွံ့ဖြိုးရေး ရန်ပုံငွေ အဖွဲ့အစည်းကြီးဖြစ်တဲ့ USAIDရဲ့ လုပ်ငန်း လည်ပတ်မှုတွေကို ယာယီ ဆိုင်းငံ့ပြီး ပြန်လည် ဆန်းစစ်စေဖို့ အမိန့်ပေးခဲ့ပြီးတဲ့နောက် သီတင်း ခြောက်ပတ် အကြာမှာ နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက အခုလို မှတ်ချက် ပေးခဲ့တာပါ။
တစ်နည်းအားဖြင့် ကောင်းမွန်တဲ့ ရည်မှန်းချက်တွေနဲ့ ဆယ်စုနှစ်ပေါင်းများစွာ အချိန်ယူ တည်ဆောက်ခဲ့ရတဲ့ ဖွံ့ဖြိုးရေး၊ အထောက်အပံ့ပေးရေး ကဏ္ဍအသီးသီးဟာ စီမံကိန်းတစ်ခုလုံးစာ ပမာဏမျိုးတွေ ပယ်ဖျက်ခံရတဲ့ သဘောပါပဲ။
USAIDရဲ့ နိုင်ငံတကာ ထောက်ပံ့ရေး စီမံကိန်းပေါင်း ၆၂၀၀ ထဲက ၅၂၀၀ လောက်ကို ဖျက်သိမ်းသွားမှာ ဖြစ်တယ်လို့ ရူဘီရိုက မတ်လ ၁၀ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ဆက်လက်ရှင်သန် ကျန်ရစ်မယ့် စီမံကိန်း အရေအတွက်ဟာ အရင်က အမေရိကန် ထောက်ပံ့ပေးထားသမျှ အတိုင်းအတာရဲ့ ငါးပုံတစ်ပုံအောက်သာ ရှိတော့မှာဖြစ်ပြီး ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ ကွပ်ကဲမှုအောက်ကို ရောက်လာမယ်လို့ ရူဘီရိုက ဆိုပါတယ်။

Public Service Announcement
အဲဒီလို ထိရောက်ပြတ်သားတဲ့ အပြောင်းအလဲတွေကို ဖန်တီးဖို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေဟာ အချိန်ယူ၊ အပင်ပန်းခံပြီး ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့ကြတယ်လို့လည်း ရူဘီရိုက သူ့ရဲ့ လူမှုကွန်ရက် မီဒီယာ X အကောင့်မှာ ရေးသားထားခဲ့ပါတယ်။ သူက အခုစိစစ်မှုတွေကို နိုင်ငံခြားရေး ဝန်ကြီးဌာနအပြင် အီလွန်မတ်စ်ခ် ဦးဆောင်နေပြီး အမေရိကန် အစိုးရရဲ့ အသုံးစရိတ် ချွေတာရေး လုပ်ငန်းစဉ်တွေကို ကြီးကြပ်တဲ့ဌာန (DOGE)ကပါ ပူးပေါင်း လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
USAIDရဲ့ ထောက်ပံ့ရေး အစီအမံ ၆၂၀၀ လောက်ထဲက ၅၂၀၀ ကို ဖြတ်တောက် ဖယ်ရှားပြီးတဲ့တိုင်အောင် လက်ရှိ သုံးသပ်လုပ်ဆောင်မှုတွေကို တရားဝင် အပြီးမသတ်ရသေးဘူးလို့လည်း ရူဘီရိုက မှတ်ချက်ပေးထားပါတယ်။
မတ်စ်ခ်က အဲဒီဆုံးဖြတ်ချက်တွေဟာ ကြမ်းတမ်းပေမယ့် လိုအပ်ကြောင်း၊ ရူဘီရိုနဲ့ အလုပ်တွဲလုပ်ခဲ့ရတာ ကောင်းမွန်ကြောင်း၊ တကယ်တမ်းအားဖြင့် USAIDရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေဟာ အမြဲတမ်းလိုလို နိုင်ငံခြားရေး ဝန်ကြီးဌာန စီမံမှု အောက်မှာသာ ရှိနေခဲ့သင့်ကြောင်း ရူဘီရိုရဲ့ ကြေညာချက်ကို Xကနေ တုံ့ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကတော့ မတ်စ်ခ်နဲ့ ရူဘီရိုတို့ဟာ သမ္မတထရမ့်ရဲ့ ရှေ့မှာတင် စကားအခြေအတင် ဖြစ်ခဲ့ကြကြောင်း New York Times သတင်းစာက ဖော်ပြခဲ့ပါတယ်။ အစိုးရအဖွဲ့ အစည်းအဝေး တစ်ခုမှာ မတ်စ်ခ်က ရူဘီရို အနေနဲ့ သူ့ရဲ့ ဝန်ကြီးဌာနထဲက ဝန်ထမ်းအင်အားကို ထိထိရောက်ရောက် လျှော့ချဖို့ ပျက်ကွက်ခဲ့ကြောင်း စွပ်စွဲပြီး ရူဘီရိုကလည်း ခွန်းတုံ့ပြန်ရာက စကားများခဲ့ကြတာလို့ ဆိုပါတယ်။
USAIDရဲ့ နိုင်ငံတကာ အထောက်အပံ့တွေ ပမာဏ အလုံးအရင်းနဲ့ ပယ်ဖျက်မယ့် ကိစ္စအပေါ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ သီးခြားမှတ်ချက် မပေးသေးပါဘူး။ နောက်ပြီး လွှတ်တော်ရဲ့ ထောက်ခံမှု မပါဘဲ အဲဒီလိုမျိုး နိုင်ငံတကာ အထောက်အပံ့တွေကို အစိုးရရဲ့ ကိုယ်ပိုင် သဘောဆန္ဒနဲ့ ဖြတ်တောက်မှုက တရားမဝင်ဘူးဆိုတဲ့ စွပ်စွဲ ဝေဖန်မှုတွေနဲ့ ပတ်သက်လို့လည်း နိုင်ငံခြားရေး ဝန်ကြီးဌာနဆီက တုံ့ပြန်မှုတွေ မရှိသေးဘဲ အသံတိတ်နေဆဲ ဖြစ်ပါတယ်။
ကိုးကား: Guardian
