Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရထား အနုကြမ်းစီးမှုကနေ လူ ၃၀၀ ကျော်ကို ကယ်တင်နိုင်ခဲ့တယ်လို့ ပါကစ္စတန် စစ်တပ်ဆို၊ ၂၅ ဦးသေဆုံး

ခွဲထွက်ရေး လက်နက်ကိုင် အင်အားစုတွေရဲ့ ရထား အနုကြမ်းစီးမှု အပြီးမှာ ဓားစာခံ အများစု အပါအဝင် ၂၅ ဦး သေဆုံးခဲ့ပြီး ခရီးသည် ၃၀၀ ကျော်ကို ကယ်တင်နိုင်ခဲ့တယ်လို့ ပါကစ္စတန် စစ်တပ်က ကြေညာခဲ့ပါတယ်။

Reuters

ခွဲထွက်ရေး လက်နက်ကိုင် အင်အားစုတွေရဲ့ ရထား အနုကြမ်းစီးမှု အပြီးမှာ ဓားစာခံ အများစု အပါအဝင် ၂၅ ဦး သေဆုံးခဲ့ပြီး ခရီးသည် ၃၀၀ ကျော်ကို ကယ်တင်နိုင်ခဲ့တယ်လို့ ပါကစ္စတန် စစ်တပ်က ကြေညာခဲ့ပါတယ်။

မတ်လ ၁၁ ရက်နေ့တုန်းက ဘာလော့ချီစတန် ပြည်နယ်ထဲမှာ ခုတ်မောင်းနေတဲ့ ရထားတစ်စီးကို ဘာလော့ချ် လွတ်မြောက်ရေးတပ် (BLA)က ရထားသံလမ်း မိုင်းခွဲပြီး ရပ်တန့်စေပြီး စီးနင်း တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီ ရထားပေါ်မှာ တပ်နေရာ ရွှေ့ပြောင်းတဲ့ ပါကစ္စတန် စစ်သည် ၁၀၀ ဝန်းကျင် အပါအဝင် ခရီးသည် ၄၄၀ ဝန်းကျင် စီးနင်းလိုက်ပါခဲ့တယ်လို့ သိရပါတယ်။

BLA အဖွဲ့ဝင် လက်နက်ကိုင်တွေဟာ ရထားပေါ်က အရပ်သား ခရီးသည်တချို့ကိုပါ ဓားစာခံအဖြစ် ဖမ်းဆီးထားခဲ့ပြီး ပါကစ္စတန် စစ်တပ်နဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ရှုပ်ထွေးတဲ့ အခြေအနေတွေဟာ နောက်နေ့ထိကူးပြီး မတ်လ ၁၂ ရက်နေ့ထိ ကြာမြင့်ခဲ့သလို အဲဒီ အတောအတွင်း ခရီးသည်တွေကို စစ်တပ်က ရနိုင်သမျှ ရွှေ့ပြောင်းပေးခဲ့ပါတယ်။

မတ်လ ၁၂ ရက် ညပိုင်းမှာတော့ ရထားကို အပိုင်စီးခဲ့တဲ့ BLA အဖွဲ့သား ၃၃ ယောက်ကို သုတ်သင်နိုင်ခဲ့တယ်လို့ ပါကစ္စတန် စစ်တပ်က ကြေညာပါတယ်။ ပြီးတော့ စစ်သား ၄ ယောက်နဲ့ ဓားစာခံ အရပ်သားတွေထဲက ၂၁ ဦး သေဆုံးခဲ့တယ်လို့လည်း ထုတ်ပြန်သွားပါတယ်။

Public Service Announcement

Public Service Announcement

ရထားမှာ BLA လက်နက်ကိုင်တွေ ကင်းစင်သွားပြီလို့ ယုံကြည်ရပေမယ့် စစ်တပ်ဟာ အနီးတဝိုက် တောင်စောင်းဧရိယာတွေကို ဖြန့်ကျက် ရှာဖွေနေပြီး အလုံးစုံ အန္တရာယ် ကင်းသွားပြီလို့ မသတ်မှတ်သေးကြောင်း ပြောပါတယ်။

နောက်ပြီး BLA အဖွဲ့သား တချို့ဟာ အရေအတွက် အတိအကျ မသိရတဲ့ ဓားစာခံတွေ ဖမ်းဆီးပြီး အနီးတဝိုက်က တောတောင်တွေဆီ ခေါ်ဆောင်သွားတယ်လို့ ယုံကြည်ရကြောင်းလည်း ပါကစ္စတန် စစ်တပ်က ဆိုပါတယ်။ လက်ရှိ အချိန်ထိတော့ ဖမ်းဆီးခံရတဲ့ ဓားစာခံတွေ စာရင်းကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။

BLAဟာ ပါကစ္စတန်ကနေ ခွဲထွက်ရေး ရည်ရွယ်ချက်နဲ့ လက်နက်ကိုင်ပြီး ဆယ်စုနှစ်တွေနဲ့ချီ ဘာလော့ချီစတန်မှာ လှုပ်ရှားနေတဲ့ အဖွဲ့ဖြစ်ပြီး ပါကစ္စတန် အစိုးရအပြင် ဗြိတိန်၊ အမေရိကန် အပါအဝင် အနောက်နိုင်ငံ တချို့က အကြမ်းဖက် အင်အားစုလို့ သတ်မှတ်တာ ခံထားရပါတယ်။

BLAဟာ ပါကစ္စတန်ရဲ့ အကြီးဆုံး ပြည်နယ်ဖြစ်တဲ့ ဘာလော့ချီစတန်မှာ အခြေစိုက်ပြီး ခွဲထွက်ရေး၊ ဒါမှမဟုတ် ကိုယ်ပိုင် အုပ်ချုပ်ရေးအတွက် လက်နက်ကိုင် တောင်းဆိုနေတဲ့ အဖွဲ့အစည်းတွေထဲက တစ်ခုဖြစ်ပြီး အရင်ကလည်း ရဲစခန်းတွေ၊ ရထားတွေ၊ ဘူတာတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ဖူးပါတယ်။ ပါကစ္စတန် အစိုးရဟာ ဘာလော့ချီစတန် ပြည်နယ်ရဲ့ ကြွယ်ဝတဲ့ သတ္တု သယံဇာတ အရင်းအမြစ်တွေအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်နေပြီး ဒေသခံတွေကိုတော့ မျက်ကွယ်ပြုထားတယ်လို့ BLAက စွပ်စွဲထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ