အပစ်အခတ် ရပ်စဲရေး ဖြစ်နိုင်ခြေနဲ့ ပတ်သက်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဖက်က ထုတ်ပြန်တဲ့ ကြေညာချက်ဟာ စိတ်တိုင်းကျ ခြယ်လှယ် ကြိုးကိုင်ချင်တဲ့ သဘောထားတွေ အထင်းသား ပါဝင်နေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက စွပ်စွဲ ပြောကြားသွားပါတယ်။
အမေရိကန်က အဆိုပြု ကမ်းလှမ်းပြီး ယူကရိန်းဖက်က သဘောတူ လက်ခံတယ်လို့ ပြောကြားထားတဲ့ ရက်ပေါင်း ၃၀ ကြာ ကနဦးအဆင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်နဲ့ ပတ်သက်ပြီး မတ်လ ၁၃ ရက်နေ့မှာ ပူတင်က ပထမဆုံး အကြိမ်အဖြစ် သဘောထား အမြင်ကို ထုတ်ပြောခဲ့ပါတယ်။
ရန်လို တိုက်ခိုက်မှုတွေ ရပ်တန့်သွားစေလိုတဲ့ အဆိုပြုချက်နဲ့ ပတ်သက်ပြီး ရုရှားက သဘောတူကြောင်း၊ အဲဒီ ကမ်းလှမ်းမှုရဲ့ အခြေခံ သဘောထားက မှန်ကန်တဲ့အတွက် ရုရှားက သေချာပေါက် ထောက်ခံ ရပ်တည်ရမှာ ဖြစ်ကြောင်း၊ ဒါပေမဲ့ ဒီလို အပစ်အခတ် ရပ်စဲရေးဟာ ရေရှည်အတွက် ရည်ရွယ်ထားတာဆိုရင် ပဋိပက္ခ အစပြုခဲ့တဲ့ အခြေခံ အကြောင်းတရားကိုပါ ဖယ်နုတ် ရှင်းလင်းဖို့ အရေးကြီးကြောင်း ပူတင်က ပြောပါတယ်။
ဘီလားရုစ် သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုနဲ့ တွေ့ဆုံဆွေးနွေးမှု တစ်ခုအပြီး သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ဖြေကြားချိန်မှာ ပူတင်က အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်လို့ အခုလို သဘောထား မှတ်ချက် ပေးသွားခဲ့တာပါ။ သူက အမေရိကန်ရဲ့ အဆိုပြုချက်ကို မူအားဖြင့် လက်ခံပေမယ့် အသေးစိတ် အချက်တွေကိုတော့ ပြန်ညှိဖို့ လိုမယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
ဇီလန်စကီးကတော့ အခုဆိုရင် ပူတင်ဆီကနေ စိတ်တိုင်းကျ ခြယ်လှယ်ချင်တယ် ဆိုတဲ့ သဘောထားကို အရမ်း ခန့်မှန်းရ လွယ်ကူတဲ့ စကားတွေ ထွက်လာတာ အားလုံး ကြားကြရပြီ ဖြစ်တယ်လို့ ပြောပါတယ်။
အမေရိကန်က ရုရှားအနေနဲ့ ခြွင်းချက်တွေ မထားဘဲ အပစ်အခတ် ရပ်စဲရေး အဆိုပြုချက်ကို လက်ခံပေးဖို့ တောင်းဆိုခဲ့ပေမယ့် ရုရှားဖက်က အင်တင်တင် ဖြစ်နေခဲ့တာပါ။ ယူကရိန်းဟာ အခြေအနေတွေကို ရှုပ်ထွေးစေမယ့် ဘယ်လို တောင်းဆိုမှုကိုမှ မလုပ်ခဲ့ပေမယ့် ရုရှားကတော့ အဲဒီလို ဖြစ်အောင် လုပ်ယူနေတယ်လို့ ဇီလန်စကီးက ဆိုပါတယ်။
တကယ်တမ်းကျတော့ ပူတင်ဟာ အမေရိကန်ရဲ့ အဆိုပြုချက်ကို ငြင်းဖို့ ပြင်ဆင်ထားပေမယ့် ရုရှားက စစ်ပွဲကို ဆက်တိုက်ချင်ပါတယ်လို့တော့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဆီ ဗြောင်ကျကျ ထုတ်ပြောဖို့ သတ္တိ မရှိခဲ့တာသာ ဖြစ်တယ်လို့လည်း ဇီလန်စကီးက စွပ်စွဲခဲ့ပါတယ်။
အပစ်အခတ် ရပ်စဲရေးမှာ ရုရှားဖက်က တောင်းဆိုစရာတွေ ရှိတယ်ဆိုတဲ့ ဇာတ်ကြောင်းကို ဖန်တီးနေတာဟာ အမေရိကန်ရဲ့ ကမ်းလှမ်းချက်က အလုပ်မဖြစ်နိုင်ဘူး ဆိုတာမျိုး ပုံသွင်းဖို့၊ ဒါမှမဟုတ် ရနိုင်သမျှ အချိန်ဆွဲပြီး စစ်ပွဲကာလကို ဆွဲဆန့်ဖို့ ပူတင်က ရည်ရွယ်ထားတာသာ ဖြစ်တယ်လို့လည်း ဇီလန်စကီးက ပြောပါတယ်။
ပူတင်က သူ့ရဲ့ မှတ်ချက်ထဲမှာ ယူကရိန်းဟာ အပစ်ရပ်ထားတဲ့ ကာလကို စစ်ရေးအရ အမြတ်ထုတ်မှာကို စိုးရိမ်တယ်ဆိုတဲ့ သဘောမျိုးလည်း ထည့်ပြောသွားခဲ့ပြီး ရုရှားတပ်တွေဟာ လက်တွေ့ အပစ်မရပ်ခင် ရနိုင်သမျှ ရှေ့တိုး ချီတက်ဖို့ ဆန္ဒရှိတဲ့ သဘောထားမျိုးကို ဖော်ပြသွားခဲ့ပါတယ်။
နောက်ပြီး ကီလိုမီတာ ထောင်နဲ့ချီ ရှည်လျားတဲ့ ရှေ့တန်း စစ်မျက်နှာ တလျှောက်လုံးမှာ အပစ်အခတ် ရပ်စဲရေးကို ဘယ်လို နည်းလမ်းနဲ့ စောင့်ကြည့်မှာလဲ ဆိုတာမျိုးလည်း ပူတင်ဖက်က မေးခွန်း ထုတ်ထားပါတယ်။
ဒီလုပ်ရပ်မျိုးက ပူတင်ရဲ့ အကျင့်ပဲဖြစ်ကြောင်း၊ သူဟာ တိုက်ရိုက် ဘယ်တော့မှ မငြင်းဘဲ ဆင်ခြေတွေ မျိုးစုံပေးရင်း ရိုးရိုးလေး ဖြေရှင်းလို့ရတဲ့ ကိစ္စတွေကို ဖြစ်နိုင်ခြေ လုံးဝ မရှိတော့သယောင် ပြဿနာ မျိုးစုံနဲ့ ပုံကြီးချဲ့လေ့ရှိကြောင်း ဇီလန်စကီးက ပြောကြားသွားပါတယ်။ အခု ရုရှားဖက်က ထွက်ပေါ်လာတဲ့ သဘောထားတွေ အားလုံးဟာ အခြေအနေအပေါ် ခြယ်လှယ်ချင်တဲ့ ပူတင်ရဲ့ နောက်ထပ် လုပ်နည်းလုပ်ဟန် တစ်ခုထက် မပိုဘူးလို့ ယုံကြည်ကြောင်းလည်း သူက ဆိုပါတယ်။
တကယ်တမ်းမှာ အမေရိကန်ဟာ အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်ပြီး စုစည်းထိန်းချုပ်ရေးနဲ့ ဆန်းစစ်စောင့်ကြည့်ရေး ကိစ္စတွေအတွက် အသင့်ဖြစ်နေပြီလို့ ထည့်ပြောထားကြောင်းလည်း ဇီလန်စကီးက ထောက်ပြခဲ့ပါတယ်။ အမေရိကန်နဲ့ ဥရောပတို့ရဲ့ စွမ်းဆောင်နိုင်မှုအရ ဒီကိစ္စကို သေချာပေါက် တာဝန်ယူနိုင်ကြောင်းလည်း သူက ပြောကြားသွားပါတယ်။
ကိုးကား: Reuters
