Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဝေဖန်မှုတွေ မြင့်တက်နေပေမယ့် အခွန်စည်းကြပ်မှု အသစ်တွေကို ကျင့်သုံးသွားဖို့ ထရမ့်အစိုးရ ဆုံးဖြတ်ထား

ကုန်သွယ်ဖက် နိုင်ငံတွေဆီက မကျေမနပ် ဝေဖန်မှုတွေ အပြင်းအထန် ထွက်ပေါ်နေပေမယ့် ဒေါ်နယ်လ်ထရမ့်ဟာ အသစ် သတ်မှတ်လိုက်တဲ့ သွင်းကုန် စည်းမျဉ်းတွေကို ပြောင်းလဲမှာ မဟုတ်ဘူးလို့ သူ့ရဲ့ အစိုးရ အရာရှိတွေက ပြောပါတယ်။

ကုန်သွယ်ဖက် နိုင်ငံတွေဆီက မကျေမနပ် ဝေဖန်မှုတွေ အပြင်းအထန် ထွက်ပေါ်နေပေမယ့် ဒေါ်နယ်လ်ထရမ့်ဟာ အသစ် သတ်မှတ်လိုက်တဲ့ သွင်းကုန် စည်းမျဉ်းတွေကို ပြောင်းလဲမှာ မဟုတ်ဘူးလို့ သူ့ရဲ့ အစိုးရ အရာရှိတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာ အမေရိကန် သမ္မတ ထရမ့်ဟာ မြန်မာနိုင်ငံရဲ့ သွင်းကုန်တွေကို တန်ဖိုးရဲ့ ၄၄ ရာခိုင်နှုန်း အခွန်ကောက်ယူမယ်ဆိုတဲ့ သတ်မှတ်ချက် အပါအဝင် နိုင်ငံပေါင်း ၁၀၀ လောက်ရဲ့ သွင်းကုန်တွေအပေါ် မတူညီတဲ့ ပမာဏတွေနဲ့ အခွန်တိုးမြှင့်မှုကို ကြေညာခဲ့ပါတယ်။

အထူးသဖြင့် အာရှနဲ့ အာဖရိက နိုင်ငံ တော်တော်များများဟာ မြင့်မားတဲ့ အခွန်စည်းကြပ်မှု ရာခိုင်နှုန်း ပမာဏတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ အမေရိကန် အစိုးရရဲ့ အခွန်မူဝါဒ အသစ်တွေကို ကြေညာပြီးတဲ့နောက်ပိုင်း နိုင်ငံတကာ ရှယ်ယာစျေးကွက်တွေမှာလည်း ဆိုးဆိုးရွားရွား ကျဆင်းမှုတွေ ကြုံလာရပါတယ်။ ပြီးတော့ နိုင်ငံ အများအပြားကလည်း အမေရိကန်ရဲ့ အခွန်မြှင့်တင်မှု အသစ်တွေနဲ့ ပတ်သက်လို့ တုံ့ပြန် အစီအမံတွေကို စဉ်းစားနေတဲ့အကြောင်း ထုတ်ပြောထားပါတယ်။

ထရမ့်ရဲ့ အခွန်သတ်မှတ်ချက် အသစ်တွေဟာ နိုင်ငံတွေအကြား တင်းမာမှုနဲ့ ကုန်သွယ်ရေး စစ်ပွဲအသွင် အားပြိုင်မှုတွေကို မြင့်တက်လာစေနိုင်ကြောင်း ဝေဖန်မှုတွေ ရှိနေပေမယ့်လည်း စီးပွားရေး ဝန်ကြီး ဟောင်းဝပ် လုထ်နစ်ခ်ကတော့ အမေရိကန်ဟာ စီစဉ်ပြီးသား အခွန်စည်းကြပ်မှုတွေကို ရှေ့ဆက် အကောင်အထည် ဖော်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဘဏ္ဍာရေး ဝန်ကြီး စကော့ဘက်ဆန့်ကလည်း အခုလို အပြောင်းအလဲတွေကြောင့် အမေရိကန် စီးပွားရေး ဆုတ်ယုတ် နှေးကွေးသွားနိုင်တယ်ဆိုတဲ့ ထောက်ပြချက်တွေကို အရေးတကြီး ထည့်တွေးဖို့ မလိုကြောင်း ဆိုပါတယ်။ ဒါဟာ ပြန်လည် ပြင်ဆင် ပြောင်းလဲနေဆဲ အဆင့်တစ်ခုကို ဖြတ်သန်းနေတာလို့လည်း ဘက်ဆန့်က မှတ်ချက်ပေးခဲ့ပါတယ်။

ထရမ့်ရဲ့ ထိပ်တန်း အကြံပေး တစ်ဦးဖြစ်သူ ကီဗင် ဟက်ဆက်ကတော့ နိုင်ငံပေါင်း ၅၀ ကျော်ဟာ ထရမ့်ကို ဆက်သွယ်ပြီး ညှိနှိုင်းဖို့အတွက် ကြိုးစားခဲ့ကြတယ်လို့ ထုတ်ပြောပါတယ်။

ထရမ့်အစိုးရရဲ့ ကုန်သွယ်ရေး စည်းကြပ်မှု ဝါဒ အပြောင်းအလဲကြောင့် အမေရိကန်ရဲ့ အဓိက ရှယ်ယာ စျေးကွက် ညွှန်ကိန်းသုံးခုစလုံးမှာလည်း ကျဆင်းမှုတွေ ရှိခဲ့ပါတယ်။

အမေရိကန်ရဲ့ ထိပ်တန်း ဘဏ်လုပ်ငန်းကြီး JP Morganက ထရမ့်ရဲ့ အခွန်စည်းမျဉ်း အသစ်တွေကို ကြေညာပြီးတဲ့နောက် အမေရိကန်ရော၊ နိုင်ငံတကာမှာပါ စီးပွားရေး ကျဆင်းမှုတွေ ကြုံလာဖို့ ၆၀ ရာခိုင်နှုန်းလောက် အလားအလာ ရှိလာကြောင်း ခန့်မှန်းထားပါတယ်။

ဧပြီ ၆ ရက်နေ့ ညပိုင်းတုန်းက သမ္မတ စီးတော်လေယာဉ် Air Force Oneမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့အခါ ထရမ့်ဟာ ဥရောပနဲ့ အာရှ နိုင်ငံတွေဟာ ညှိနှိုင်းမှုတွေကို သေမတတ် လုပ်ချင်နေကြတယ်လို့ ပြောကြားသွားပါတယ်။ သတင်းထောက် တစ်ယောက်က အခွန်တွေ တိုးလိုက်တဲ့အတွက် အမေရိကန်ရဲ့ သုံးစွဲသူတွေက ကုန်စည်တွေကို စျေးပိုတိုးပေးပြီး ဝယ်ရတာ၊ နိုင်ငံစီးပွားရေး နှေးကွေးကျဆင်းတာတွေ ဖြစ်နိုင်ခြေအပေါ် မေးခွန်းထုတ်ခဲ့တဲ့အခါ ထရမ့်က အဲဒီမေးခွန်းမျိုးဟာ အရမ်း အသုံးမကျရာ ရောက်တယ်လို့ သူထင်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။ သူက ဘယ်လို ကျဆင်းမှုကိုမှ မလိုလားကြောင်း၊ ဒါပေမဲ့ တချို့အရာတွေကို ကုစားတဲ့အခါ ဆေးခါးကြီးကို သုံးရမှာဖြစ်ကြောင်း ထရမ့်က ပြောကြားသွားပါတယ်။

ထရမ့်ရဲ့ အခွန်စည်းကြပ်မှု အသစ်မှာ အမေရိကန်အပေါ် ကုန်သွယ်ရေးအရ အမြတ်ထုတ်မှုတွေ အဆိုးဆုံး ကျူးလွန်တယ်လို့ စွပ်စွဲထားတဲ့ နိုင်ငံပေါင်း ၆၀ လောက်ကို သွင်းကုန် အခွန် စည်းကြပ်မှု ရာခိုင်နှုန်းတွေ မြင့်မြင့်မားမား တိုးမြှင့်ထားတာ တွေ့ရပါတယ်။ အဲဒီ ကိန်းဂဏန်းအသစ် သတ်မှတ်ထားတဲ့ အခွန်ပမာဏ ကောက်ယူမှုတွေကို ဧပြီလ ၉ ရက်နေ့မှာ စတင် အသက်ဝင်စေဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။