ပင်ဂွင်းငှက်တွေနဲ့ ဖျံတွေပဲ အဓိက ကျက်စား နေထိုင်တဲ့ ကျွန်းစုကို သွင်းကုန်အခွန် စည်းကြပ်မှု စာရင်းထဲ ထည့်သွင်းခဲ့တာဟာ လိုအပ်တဲ့ ကြိုတင် စီမံမှု တစ်ခုလို့ အမေရိကန် အစိုးရက ဖြေရှင်းခဲ့ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ သွင်းကုန် အခွန်အခတွေ စည်းကြပ်မှု စည်းမျဉ်း အသစ်တွေကို ထုတ်ပြန်ရာမှာ ဩစတြေးလျပိုင် ကျွန်းစု တစ်ခုဖြစ်တဲ့ ဟတ်ဒ်နဲ့ မက်ဒေါ်နယ်လ် ကျွန်းစုကို ထည့်သွင်းထားခဲ့တာပါ။ အဲဒီ ကျွန်းမှာ လူမနေဘဲ ပင်ဂွင်းတွေနဲ့ ဖျံတွေပဲ ကျက်စားကြတာ ဖြစ်ပါတယ်။ ကျွန်းစုရဲ့ နာမည်က အမေရိကန်ရဲ့ သွင်းကုန် အခွန်စည်းကြပ်မှု စာရင်းထဲ ပါလာတဲ့အခါ တအံ့တဩ ဖြစ်ခဲ့ရတယ်လို့ ဩစတြေးလျ အာဏာပိုင်တွေက ပြောပါတယ်။
ဒီအကြောင်းဟာ အင်တာနက်မှာ လျင်လျင်မြန်မြန် ပျံ့နှံ့သွားပြီး ထရမ့်လက်ထက်မှာတော့ ဖျံတွေနဲ့ ပင်ဂွင်းတွေပါ အခွန်ဆောင်ရတော့မယ်လို့ လှောင်ပြောင် သရော်ထားတဲ့ memeတွေလည်း ပျံ့နှံ့ခဲ့ပါတယ်။
မတ်လ ၆ ရက်နေ့မှာတော့ အမေရိကန် စီးပွားရေး ဝန်ကြီးဌာနက အဲဒီကိစ္စကို ကာကွယ် ပြောကြားခဲ့ပြီး လူမနေတဲ့ ကျွန်းစုတချို့ကို အခွန်စည်းကြပ်မှု စာရင်းထဲ တမင် ကြိုတင် ထည့်သွင်းထားတာလို့ ဖြေရှင်းခဲ့ပါတယ်။ အဲဒီ ကျွန်းတွေကို အခွန်စည်းကြပ် မထားဘူးဆိုရင် နောင်တစ်ချိန်မှာ သွင်းကုန်အခွန် လျှော့ပေါ့ဖို့ အသုံးချလာမယ့် ယိုပေါက်မျိုးကို ကြိုတင် တွေးတောပြီး အခုလို စီမံထားတာလို့ ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။

Public Service Announcement
ဒါပေမဲ့ ဩစတြေးလျ ကုန်သွယ်ရေး ဝန်ကြီး ဒွန်ဖာရဲလ်ကတော့ ဩစတြေးလျ ကမ်းရိုးတန်းနဲ့ ကီလိုမီတာ ၄၀၀၀ လောက် အကွာက ကျွန်းစုကို သွင်းကုန် အခွန်စည်းကြပ်မှု စာရင်းထဲ ထည့်သွင်းထားတာဟာ အမှားတစ်ခုဆိုတာ အရမ်းရှင်းလင်းကြောင်း၊ ပြီးတော့ အမေရိကန်ရဲ့ အခွန်သတ်မှတ်ချက် လုပ်ငန်းစဉ်တွေမှာ စေ့စေ့စပ်စပ် စိစစ်လုပ်ကိုင်မှု မရှိဘူးဆိုတဲ့ ထင်ရှားတဲ့ ဥပမာ တစ်ခုလို့ ဝေဖန်သွားပါတယ်။
ဒါပေမဲ့ အမေရိကန် စီးပွားရေး ဝန်ကြီး ဟောင်းဝပ် လုထ်နစ်ခ်ကတော့ အဲဒီ ကျွန်းစုကို အခွန်စည်းကြပ် စာရင်းထဲ ထည့်သွင်းထားတာဟာ တမင်ရည်ရွယ်ချက်နဲ့ ဖြစ်ကြောင်း၊ တချို့သော နိုင်ငံတွေဟာ ကမ်းဝေး ပိုင်နက် နယ်မြေတွေကို အသုံးချပြီး ပို့ကုန်အခွန် ရှောင်တိမ်းတာမျိုးတွေ လုပ်လာနိုင်ခြေ ရှိတာကြောင့် သမ္မတ ထရမ့်က အဲဒီကိစ္စမျိုးအတွက် ရည်ရွယ်ချက်ရှိရှိ ကြိုတင် ပြင်ဆင်ထားတာသာဖြစ်ကြောင်း ပြောကြားသွားပါတယ်။
ဟတ်ဒ်နဲ့ မက်ဒေါ်နယ်လ် ကျွန်းစုဟာ ဩစတြေးလျ အနောက်တောင်ဖက် အိန္ဒိယ သမုဒ္ဒရာထဲမှာ တည်ရှိပြီး အန္တာတိကတိုက်နဲ့ ပိုမိုနီးကပ်နေပါတယ်။ ကျွန်းစု အားလုံးရဲ့ အကျယ်အဝန်းဟာ ၃၂၇ စတုရန်း ကီလိုမီတာလောက်ရှိပြီး ၁၉၄၇ ခုနှစ်ကစလို့ ဩစတြေးလျ ပိုင်နက်နယ်မြေတစ်ခု ဖြစ်လာခဲ့တာပါ။ အဲဒီကျွန်းမှာ သိပ္ပံသုတေသန အဖွဲ့တချို့ ယာယီ သွားရောက် နေထိုင်တာကလွဲလို့ လူသားတွေ အမြဲတမ်း အခြေချတာမျိုး မရှိဘူးလို့လည်း သိရပါတယ်။
ကိုးကား: BBC


















































