Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နာရီ ၃၀ အပစ်ရပ်ကြောင်း ပူတင်ကြေညာ၊ တိုက်ခိုက်မှုတွေ ဆက်ရှိနေတယ်လို့ ယူကရိန်းပြော

ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ရုတ်တရက် အပစ်အခတ် ရပ်စဲရေး ကြေညာခဲ့ပေမယ့် တိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်နေဆဲလို့ ယူကရိန်း အစိုးရက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

Getty Images

ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ရုတ်တရက် အပစ်အခတ် ရပ်စဲရေး ကြေညာခဲ့ပေမယ့် တိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်နေဆဲလို့ ယူကရိန်း အစိုးရက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

ဧပြီ ၁၉ ရက်မှာ ပူတင်က ရုရှားတပ်တွေကို စစ်ရေး လှုပ်ရှားမှုအားလုံးကို ဧပြီ ၂၀ ရက်နေ့ သန်းခေါင်အချိန်ထိ ရပ်ထားဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ ပူတင်က အဲဒီ ကြေညာချက်ကို အီစတာ အပစ်အခတ် ရပ်စဲရေးလို့ သုံးနှုန်းခဲ့ပါတယ်။ ဧပြီ ၂၀ ရက်နေ့ဟာ အခုနှစ်ရဲ့ အီစတာနေ့ ဖြစ်ပါတယ်။

သူက နာရီပေါင်း ၃၀ ကြာမြင့်မယ့် အပစ်အခတ် ရပ်စဲရေး ကာလအတွင်း တစ်ဖက်က ချိုးဖောက်လာနိုင်ခြေ အားလုံးအတွက် ရုရှားတပ်တွေ အသင့်ပြင်ထားဖို့လည်း ညွှန်ကြားခဲ့ပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ယူကရိန်းကလည်း အဲဒီ ကာလတို အပစ်ရပ် ကြေညာမှုကို သဘောတူ ကျင့်သုံးသွားမယ်လို့ ပြောခဲ့ပေမယ့် ရုရှားကိုယ်တိုင်က တိုက်ခိုက်မှုတွေ ဆက်လုပ်နေတယ်လို့ စွပ်စွဲသွားခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားဖက်ကသာ ခြွင်းချက်မရှိ အပစ်အခတ် ရပ်စဲရေးမျိုးအတွက် အသင့်ရှိနေပြီဆိုတာ လိုလိုလားလား ပြသလာမယ်ဆိုရင် ယူကရိန်းကလည်း ရုရှားရဲ့ လုပ်ရပ်တွေအပေါ် မူတည်ပြီး သင့်တော်သလို တုံ့ပြန်မှာ ဖြစ်ကြောင်း၊ ယူကရိန်းရဲ့ လုပ်ဆောင်ချက်တွေဟာ စနစ်တကျ ရှိမှာလည်းဖြစ်ကြောင်း ဇီလန်စကီးက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားခဲ့ပါတယ်။ နောက်ပြီး နှစ်နိုင်ငံကြား ရက်ပေါင်း ၃၀ ကြာအောင် ခြွင်းချက်မရှိ အပစ်ရပ်ထားဖို့ အဆိုပြုချက် တစ်ခုကလည်း စားပွဲဝိုင်းမှာ အသင့်ရှိနေပြီး အဖြေကတော့ ရုရှားကိုယ်တိုင်ပဲ အဆုံးအဖြတ် ပေးရမှာဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။

ပူတင်က အပစ်အခတ် ရပ်စဲကြောင်း ကြေညာခဲ့ပြီးတဲ့နောက် ရုရှားရဲ့ ကာ့စ်ခ်နဲ့ ဘယ်လ်ဂိုရော့ဒ် ဒေသတွေထဲမှာ တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားနေခဲ့ကြောင်း၊ ဒါပေမဲ့ တခြားဒေသ တချို့မှာတော့ သိသိသာသာ ငြိမ်သက်သွားကြောင်းလည်း ဇီလန်စကီးက မှတ်ချက်ပေးသွားပါတယ်။

အမေရိကန် အစိုးရဟာ ရုရှားနဲ့ ယူကရိန်းတို့ကြားမှာ ရက်ပေါင်း ၃၀ ကြာ အပစ်အခတ် ရပ်စဲရေး ကြားဝင် အဆိုပြုထားပေမယ့် ပူတင်ကတော့ နှစ်ရက်မပြည့်တဲ့ အပစ်ရပ် ဆုံးဖြတ်ချက်ကိုပဲ ကြေညာခဲ့တာ ဖြစ်ပါတယ်။ ပူတင်က သူကိုယ်တိုင် အပစ်အခတ် ရပ်စဲဖို့ အသင့်ဖြစ်နေပါပြီလို့ တတွတ်တွတ် ပြောထားဖူးတာနဲ့ ပတ်သက်ပြီး အခုအခါ ကြေညာချက်တွေ ထုတ်လာပြီ ဖြစ်ကြောင်း၊ ဒါပေမဲ့ ရက် ၃၀ အစား နာရီ ၃၀ အပစ်ရပ်မယ် ဆိုတဲ့ အချက်တော့ ကွာခြားသွားကြောင်း ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး အန်ဒရီ ဆီဘီဟာက Xမှာ ရေးသားထားခဲ့ပါတယ်။

ကံမကောင်းတာ တစ်ခုက ပူတင်ရဲ့ ကြေညာချက်နဲ့ လုပ်ရပ်တွေဟာ ထပ်တူမကျဘူးဆိုတာ ရှည်လျားတဲ့ သမိုင်းကြောင်းတွေ ရှိနေခဲ့တာဖြစ်ကြောင်း၊ ပူတင်ပြောသမျှ စကားတွေက မယုံရဘူးဆိုတာ နားလည်ထားကြောင်း၊ ယူကရိန်းဟာ ရုရှားက ဘာပြောသလဲ ဆိုတာထက် ဘာလုပ်မလဲ ဆိုတာကိုပဲ စောင့်ကြည့်မှာဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။

ပူတင်ဟာ သူ့ရဲ့ စစ်ဦးစီး အရာရှိ ဗယ်လာရီ ဂီရာဆီမော့ဗ်နဲ့ တွေ့ဆုံချိန်မှာ လူသားချင်း စာနာမှု ရှုထောင့်ကနေ ချဉ်းကပ်ပြီး ရုရှားဟာ အီစတာကာလ အပစ်ရပ် ကြေညာမှာဖြစ်ကြောင်း၊ အဲဒီကာလအတွင်း ရုရှားတပ် အားလုံးရဲ့ စစ်ရေး လှုပ်ရှားမှုတွေ ရပ်တန့်နေဖို့ အမိန့်ပေးကြောင်း ပြောကြားခဲ့တာပါ။

ယူကရိန်း အနေနဲ့ ရုရှားရဲ့ စံနမူနာအတိုင်း လိုက်နာဖို့ မျှော်လင့်ကြောင်း၊ တစ်ဖက်မှာလည်း ရုရှားတပ်တွေဟာ ရန်သူဖက်က ရန်စမှု၊ ကတိချိုးဖောက်မှု မှန်သမျှကို တွန်းလှန်ဖို့အတွက် အသင့်ပြင်ဆင်ထားသင့်ကြောင်း ပူတင်က ဆိုပါတယ်။

၂၀၂၂ နှစ်ဆန်းပိုင်းမှာ စတင်ခဲ့တဲ့ စစ်ပွဲအတွင်း ကြိုတင် မကြေညာဘဲ ရုတ်တရက် အပစ်ရပ်တာမျိုးက အခုတစ်ကြိမ် ပထမဆုံးတော့ မဟုတ်ပါဘူး။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလတုန်းကလည်း အော့သိုဒေါ့စ် ခရစ္စမတ်ကာလ အပစ်ရပ်ခဲ့ပေမယ့် အဆိုပြုချက်တွေနဲ့ ပတ်သက်ပြီး နှစ်ဖက်ကြား ညှိမရတာကြောင့် ပျက်ပြယ်ခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။