Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းနဲ့ တိုက်ရိုက် ဆွေးနွေးလိုတယ်လို့ ပူတင် တောင်းဆို

ယူကရိန်းနဲ့ တိုက်ရိုက် ဆွေးနွေးဖို့ ဆန္ဒရှိကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က တောင်းဆိုလိုက်ပါတယ်။

People’s Spring

ယူကရိန်းနဲ့ တိုက်ရိုက် ဆွေးနွေးဖို့ ဆန္ဒရှိကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က တောင်းဆိုလိုက်ပါတယ်။

အဲဒီလို ဆွေးနွေးမှုတွေဟာ နှောင့်နှေးမနေသင့်တော့ကြောင်း၊ ဖြစ်နိုင်မယ်ဆိုရင် အစောဆုံး မေလ ၁၅ ရက်နေ့လောက်မှာ စတင်သင့်ကြောင်း ပူတင်က ပြောပါတယ်။

ရုရှားအနေနဲ့ လေးလေးနက်နက် ဆွေးနွေးမှုမျိုးကို လိုလားနေကြောင်း၊ ပဋိပက္ခရဲ့ အခြေခံ အကျဆုံး အကြောင်းတရားတွေကို ဖယ်ရှားပစ်ပြီး အားကောင်းတဲ့၊ အရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးမျိုးဆီ ဦးတည်ဖို့ ဆန္ဒရှိကြောင်း မေလ ၁၀ ရက်နေ့က ကရင်မလင် နန်းတော်ကနေ ပြောကြားတဲ့ မိန့်ခွန်းထဲမှာ ပူတင်က ထည့်သွင်း ဖော်ပြသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာ၊ ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်တို့ အပါအဝင် ဥရောပ ခေါင်းဆောင်တချို့က ယူကရိန်းကို သွားရောက်ခဲ့ကြပြီး ရုရှားအနေနဲ့ ရက် ၃၀ ကြာ ခြွင်းချက်မရှိ အပစ်အခတ် ရပ်စဲရေးကို လက်ခံသင့်ကြောင်း သဘောထား ထုတ်ပြန် တောင်းဆိုခဲ့ကြတဲ့နောက် ပူတင်က ယူကရိန်းနဲ့ တိုက်ရိုက်တွေ့ဖို့ အဆိုပြုခဲ့တာ ဖြစ်ပါတယ်။

ကရင်မလင် နန်းတော် ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်က ရုရှားက အရာရာကို ချင့်ချင့်ချိန်ချိန် လုပ်ဆောင်နေကြောင်း၊ ဒါပေမဲ့ ရုရှားကို အလွန်အကျွံ ဖိအားပေးမယ် ဆိုရင်တော့ အဲဒီလို လုပ်ရပ်တိုင်းက အကျိုးရှိမှာ မဟုတ်ကြောင်း သတိပေး ပြောကြားသွားပါတယ်။

ပူတင်ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ရုရှား-ယူကရိန်း တိုက်ရိုက်ဆွေးနွေးမှုတွေဟာ တူရကီနိုင်ငံရဲ့ အကြီးဆုံး မြို့ဖြစ်တဲ့ အစ္စတန်ဘူလ်မှာ လုပ်ဆောင်သင့်ကြောင်း၊ အဲဒီ ဆွေးနွေးမှုတွေကနေ နှစ်နိုင်ငံကြား အပစ်ရပ်ရေး သဘောတူညီမှု တစ်ခုဆီ ဦးတည်နိုင်ဖို့ မျှော်လင့်ကြောင်းလည်း ပါရှိခဲ့ပါတယ်။ အဲဒီ စိတ်ကူးအတွက် သူဟာ တူရကီ သမ္မတ ရာဂျစ် တာယစ်ပ် အာဒိုဝမ်ကိုလည်း ဆက်သွယ် ဆွေးနွေးသွားမယ်လို့ ပူတင်က ဆိုပါတယ်။

ရုရှားရဲ့ တောင်းဆိုမှုကို ယူကရိန်းဖက်ကတော့ ဘာမှ မတုံ့ပြန်သေးပါဘူး။ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဟာ ယူကရိန်းကို ကူညီဖို့ စိတ်တူကိုယ်တူ စုစည်းမယ့် ဥရောပ နိုင်ငံပေါင်းစုရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်နဲ့ ပိုလန် နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ယူကရိန်းကို ရောက်ရှိနေချိန် အတောအတွင်း ဥရောပ ခေါင်းဆောင်တွေက ပူတင် အနေနဲ့ ရက် ၃၀ အပစ်ရပ်ရေး ကိစ္စကို လက်မခံရင် ရုရှားရဲ့ စွမ်းအင်နဲ့ ဘဏ်လုပ်ငန်း ကဏ္ဍတွေအပေါ် ပိုမိုပြင်းထန် တင်းကျပ်တဲ့ အရေးယူ ပိတ်ဆို့မှုတွေနဲ့ ပြစ်ဒဏ်ခတ်သွားမယ်လို့ သတိပေးခဲ့ပါတယ်။

ဒုတိယ ကမ္ဘာစစ်မှာ ဆိုဗီယက်က နာဇီ ဂျာမနီကို အနိုင်ရခဲ့တဲ့ ရုရှားရဲ့ အောင်ပွဲနေ့ ကာလမှာ ၃ ရက်ကြာ အပစ်အခတ် ရပ်စဲကြောင်း ရုရှားက ကြေညာခဲ့ပြီး နောက်ဆက်တွဲအဖြစ် အခုလိုမျိုး ယူကရိန်းနဲ့ တိုက်ရိုက် ဆွေးနွေးဖို့ကိုပါ အဆိုပြုလာတာ ဖြစ်ပါတယ်။

မေလ ၈ ရက်ကနေ ၁၀ ရက်ထိ သတ်မှတ်ခဲ့တဲ့ အဲဒီ အပစ်ရပ် ကာလအတွင်း သဘောတူညီမှုကို အကြိမ်ပေါင်း ရာနဲ့ချီ ချိုးဖောက်မှုတွေ ရှိခဲ့ကြောင်း ရုရှားရော၊ ယူကရိန်းကပါ အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။

ကိုးကား- BBC

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။