Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆော်ဒီကို ဒေါ်လာ ၁၄၂ ဘီလီယံဖိုး လက်နက်တွေ ရောင်းဖို့ ထရမ့်ရဲ့ ခရီးစဉ်မှာ သဘောတူညီမှု ရရှိ

အရှေ့အလယ်ပိုင်း ခရီးစဉ်အတွင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဆော်ဒီအာရေးဘီးယားကို ဒေါ်လာ ၁၄၂ ဘီလီယံဖိုး စစ်လက်နက်တွေ ရောင်းချဖို့ သဘောတူ စာချုပ် ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရပါတယ်။

The New York Times

အရှေ့အလယ်ပိုင်း ခရီးစဉ်အတွင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဆော်ဒီအာရေးဘီးယားကို ဒေါ်လာ ၁၄၂ ဘီလီယံဖိုး စစ်လက်နက်တွေ ရောင်းချဖို့ သဘောတူ စာချုပ် ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရပါတယ်။

ထရမ့်ရဲ့ ခရီးစဉ်ဟာ ဒေသတွင်း ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတွေနဲ့ အမေရိကန်ကြားက ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး သဘောတူညီမှုတွေ ရယူဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ဆော်ဒီရဲ့မြို့တော် ရီယက်ဒ်မှာတော့ ထရမ့်ဟာ ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန်နဲ့ လက်နက် ရောင်းဝယ်ရေး စာချုပ်ကို လက်မှတ် ရေးထိုးခဲ့သလို စုစုပေါင်း ဒေါ်လာ ၁ ထရီလီယံလောက်ထိ များပြားနိုင်တဲ့ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံရေးဆိုင်ရာ သဘောတူညီမှုတွေလည်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ထရမ့်က အမေရိကန် အတွက်တော့ ဆော်ဒီဟာ အကောင်းဆုံး မိတ်ဆွေနိုင်ငံတစ်ခုလို့ ညွှန်းဆိုခဲ့ပါတယ်။ သူဟာ ပထမအကြိမ် သမ္မတ သက်တမ်းတုန်းကလည်း ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ဆော်ဒီကို သွားရောက်ခဲ့ဖူးပါတယ်။ လက်ရှိ ခရီးစဉ်မှာတော့ ဆော်ဒီကနေတဆင့် ကာတာနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံတွေကို ခရီးဆက်ဖို့ ထရမ့်က စီစဉ်ထားပါတယ်။

ဆော်ဒီကို မေလ ၁၃ ရက်နေ့မှာ ထရမ့် ဆိုက်ရောက်ခဲ့ချိန်က သူ့ကို တခမ်းတနား ကြိုဆိုခဲ့ပါတယ်။ ထရမ့်ရဲ့ Air Force One သမ္မတ စီးတော်လေယာဉ် ဆိုက်ရောက်လာပြီးတဲ့နောက် သူလမ်းလျှောက်ဖို့အတွက် လာဗန်ဒါ ပန်းအရောင် ကော်ဇောရှည်ကြီးကို ခင်းကျင်းထားခဲ့ပြီး သူကလည်း လိုက်ဖက်မယ့် ခရမ်းရောင် လည်စီးကို ရွေးချယ် ဝတ်ဆင်လာခဲ့တာ တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်ကို ဆော်ဒီ အိမ်ရှေ့မင်းသားကိုယ်တိုင် လေယာဉ်ကွင်းမှာ စောင့်ကြိုပြီး ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံ အများအပြားမှာ ဧည့်ကောင်းဆောင်ကောင်းတွေကို ကော်ဇောနီခင်းပြီး ကြိုလေ့ရှိပေမယ့် ဆော်ဒီကတော့ သဲကန္တာရ ရာသီဥတုမှာ ပွင့်ပြီး နိုင်ငံရဲ့ သင်္ကေတ တစ်ခုအဖြစ် သတ်မှတ်ထားရာ လာဗန်ဒါ ပန်းအရောင်ကို ရည်ညွှန်းတဲ့ အနေနဲ့ ခရမ်းရောင် ကော်ဇောကို ၂၀၂၁ ခုနှစ်မှာ ပြောင်းလဲ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

နှစ်နိုင်ငံ ဆွေးနွေးကြတဲ့ အခါမှာ ထရမ့်က အမေရိကန်-ဆော်ဒီ ဆက်ဆံရေးဟာ ဘယ်တုန်းကမှနဲ့ မတူအောင် အားကောင်းလာတယ်လို့ ချီးကျူးသွားပါတယ်။ ထရမ့်ဟာ သူ့ရဲ့ ရွေးကောက်ပွဲကြို မဟာဗျူဟာ ကတိတစ်ခုဖြစ်တဲ့ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ အမေရိကန်ကို အလုံးအရင်း စီးဝင်လာရေးကို လက်တွေ့ အကောင်အထည်ဖော်ဖို့ ကြိုးစားနေပါတယ်။

ထရမ့်က ဆော်ဒီ အစိုးရကို လက်တွေ့ ဦးဆောင်နေတဲ့ အိမ်ရှေ့မင်းသားကို ပုဂ္ဂိုလ်ရေးအရ အရမ်းသဘောကျကြောင်းလည်း မီဒီယာတွေကို ပြောခဲ့ပါတယ်။

ရီယတ်ဒ်မြို့မှာ ရှိနေချိန် အတောအတွင်း ထရမ့်က ဆီးရီးယားနိုင်ငံအပေါ် အမေရိကန် အရေးယူ ပိတ်ဆို့ထားမှုတွေ ရုပ်သိမ်းတော့မယ် ဆိုတာကိုလည်း ကြေညာသွားခဲ့ပါတယ်။ ဆီးရီးယားမှာ အာဏာရှင် ဘာရှာ အယ်လ် အာဆတ် အစိုးရ ပြုတ်ကျပြီး တော်လှန်ရေး အစိုးရသစ်က တာဝန်ယူ အုပ်ချုပ်နေပါတယ်။ အခုအချိန်မှာတော့ ဆီးရီးယားဟာ ထူးကဲခမ်းနားမှုတွေဆီ ပြန်ဦးတည်ဖို့ အခွင့်အရေး ရသင့်ပြီလို့ ထရမ့်က ဆိုပါတယ်။

ထရမ့်ရဲ့ အရှေ့အလယ်ပိုင်း ခရီးစဉ်မှာ သူ့ရဲ့ နိုင်ငံရေး မဟာမိတ် ဘီလီယံ သူဌေးကြီး အီလွန်မတ်စ်ခ်၊ OpenAIရဲ့ အမှုဆောင်ချုပ် ဆမ်အဲ့လ်ထ်မန်း၊ BlackRose အမှုဆောင်ချုပ် လယ်ရီဖင့်ခ်နဲ့ Nvidiaရဲ့ အမှုဆောင်ချုပ် ဂျန်ဆန်ဟွမ်တို့လို အမေရိကန် စီးပွားရေး လုပ်ငန်းရှင်ကြီးတွေလည်း လိုက်ပါသွားပါတယ်။

အဲဒီ နည်းပညာ လုပ်ငန်းရှင်တွေဟာ ဆော်ဒီက နိုင်ငံရဲ့ ဉာဏ်ရည်တု (AI) နည်းပညာကို ထိထိရောက်ရောက် မြှင့်တင်နိုင်ဖို့ ဆန္ဒပြင်းပြမှုတွေအတွက် ဆွေးနွေးခဲ့ကြပါတယ်။ Nvidiaက ဆော်ဒီ ကုမ္ပဏီ Humainကို AI ချစ်ပ်ပေါင်း ၁၈၀၀၀ ကျော် ရောင်းချဖို့ သဘောတူညီမှု ရခဲ့ကြောင်း ပြောပါတယ်။

ထရမ့်က သူ့ရဲ့ အလိုလားဆုံး ဆန္ဒတစ်ခုက ဆော်ဒီကို အေဘရာဟမ် သဘောတူညီမှုထဲမှာ ပါဝင်လာစေချင်တာ ဖြစ်တယ်လို့ ပြောပါတယ်။ အဲဒါကတော့ သူ့ရဲ့ ပထမအကြိမ် သမ္မတ သက်တမ်းတုန်းက အစ္စရေးနဲ့ အာရပ်နိုင်ငံ တချို့ကြား သံတမန် ဆက်ဆံရေး ပြန်လည် ထူထောင်နိုင်အောင် ညှိနှိုင်း သဘောတူပေးနိုင်ခဲ့တာကို ရည်ညွှန်းတာပါ။ ဒါပေမဲ့ ဘင်ဆယ်လ်မန်ကတော့ ဂါဇာ ကမ်းမြှောင်ဒေသမှာ ဖြစ်ပွားနေတဲ့ အစ္စရေးနဲ့ ပါလက်စတိုင်း စစ်ပွဲ မရပ်မချင်း ဒီကိစ္စက ဖြစ်လာနိုင်မှာ မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း အသိပေး တုံ့ပြန်ခဲ့ပါတယ်။ ဆော်ဒီမှာတော့ ထရမ့်ဟာ ဂါဇာစစ်ပွဲနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို အတိုချုပ်လောက်သာ ပြောသွားခဲ့ပါတယ်။

ထရမ့်ဟာ ဆော်ဒီမှာ ရှိနေချိန် အတောအတွင်း လက်ရှိ ဆီးရီးယား သမ္မတ အာမက်အယ်လ် ရှာရားကိုလည်း မေလ ၁၄ ရက်နေ့မှာ လူချင်းတွေ့ဖြစ်ဖွယ် ရှိနေပါတယ်။ ဆော်ဒီကနေ ထရမ့် ခရီးဆက်မယ့် ကာတာနဲ့ ယူအေအီးတို့ဟာ လာမယ့် ဆယ်စုနှစ်အတွင်း အမေရိကန်မှာ စုစုပေါင်း ဒေါ်လာ ၁.၄ ထရီလီ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်သွားမယ်လို့ ကတိပေးထားတဲ့ နိုင်ငံတွေလည်း ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကိုလံဘီယာ တက္ကသိုလ်ဘွဲ့ရ၊ ပါလက်စတိုင်းအရေး တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ မာမွတ် ခါလီဟာ အမေရိကန်ရဲ့ လူဝင်မှု ကြီးကြပ်ရေး အချုပ်ခန်းထဲမှာ ၃ လကျော် ထိန်းသိမ်း ခံထားခဲ့ရတဲ့နောက် အခုအခါ ပြန်လည် လွတ်မြောက်လာပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ အစွမ်းအထက်ဆုံး ဘန်ကာဖျက်ဗုံး (Bunker buster)တွေကို အသုံးပြုပြီး အီရန်ရဲ့ ပင်မ နျူကလီးယား သုတေသန စခန်းတစ်ခုကို ဖျက်ဆီးပစ်ဖို့ အစ္စရေး အစိုးရက အမေရိကန်ကို အပူတပြင်း တောင်းဆိုနေတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

လက်ရှိ အစ္စရေး-အီရန် ပဋိပက္ခမှာ အမေရိကန် စစ်တပ်က ဝင်ပါလာမယ်ဆိုရင် ပြင်ဆင်လို့ မရနိုင်တဲ့ အကျိုးဆက်တွေ ကြုံရလိမ့်မယ်လို့ အီရန် အစိုးရ အဓိပတိ အယာတိုလာ အလီ ခါမေနီက သတိပေး ပြောကြားခဲ့ပါတယ်။