ဇွန် – ၁၂ ၊၂၀၂၅ /People’s Spring
အိန္ဒိယ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ် ပျက်ကျမှုမှာ လူ ၁၀၀ ထက်မနည်းသေဆုံးခဲ့တယ်ဆိုတာကို ဒေသအာဏာပိုင်တွေက ပြောကြားတယ်လို့ ရိုက်တာသတင်းဌာနက ရေးသားပါတယ်။
အိန္ဒိယ လေကြောင်း ခရီးစဉ်အမှတ် AI171 လေယာဉ်ဟာ ဇွန်လ ၁၂ ရက်နေ့က နိုင်ငံအနောက်ပိုင်းက ဂူဂျာရတ်ပြည်နယ်၊ အမာဒါဘက်မြို့မှာရှိတဲ့ ဆာဒါ ဗယ်လက်ဘ်ဟိုင် ပက်တဲလ် နိုင်ငံတကာ လေဆိပ်ကနေ ပျံတက်သွားပြီး မိနစ်ပိုင်း အကြာမှာပဲ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။
Boeing 787-8 Dreamliner လေယာဉ်ဟာ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ဆီ ဦးတည်တဲ့ ခရီးစဉ်အတွက် ပျံတက်သွားပြီး မိနစ်ပိုင်း အကြာမှာပဲ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
လေကြောင်းလိုင်းရဲ့ အဆိုအရ လေယာဉ်ပေါ်မှာ စုစုပေါင်း လူ ၂၄၂ ဦး လိုက်ပါသွားပြီး ခရီးသည်တွေထဲမှာ အိန္ဒိယ နိုင်ငံသား ၁၆၉ ဦး၊ ဗြိတိန်နိုင်ငံသား ၅၃ ဦး၊ ပေါ်တူဂီ နိုင်ငံသား ၇ ဦးနဲ့ ကနေဒါ နိုင်ငံသား ၁ ဦး ပါဝင်တဲ့အကြောင်း အတည်ပြုထားပါတယ်။ ကျန်တဲ့ ၁၂ ဦးကတော့ အမှုထမ်းတွေပါ။
လေယာဉ်ဟာ ပျံတက်ပြီးတဲ့နောက် အမြင့် ၆၂၅ ပေ အရောက်မှာ ပြန်လည် နိမ့်ဆင်းလာပြီး လေဆိပ်နားက လူနေ ဧရိယာထဲ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။
လေယာဉ် ထိုးဆင်းသွားတဲ့ နေရာဟာ ဆရာဝန်တွေ နေထိုင်တဲ့ အဆောင်တစ်ခုဖြစ်ပြီး အပြင်းအထန် မီးလောင် ပေါက်ကွဲခဲ့တာကိုလည်း တွေ့ရပါတယ်။ အခုဖြစ်ရပ်မှာ မြေပြင်ပေါ် ရှိနေသူတွေရော ထိခိုက်သေကြေခဲ့သလား ဆိုတာကို ကွဲကွဲပြားပြား မသိရသေးပါဘူး။
လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေတဲ့ ဗီဒီယို တစ်ခုမှာတော့ ခရီးသည်တင် လေယာဉ်ကြီးဟာ အရှိန်နဲ့ နိမ့်ဆင်းသွားရင်း ဦးပြန်မော့ဖို့ ကြိုးစားလျက်နဲ့ပဲ မြေပြင်ပေါ် ကျဆင်းပြီး ပေါက်ကွဲသွားတာကို တွေ့ရပါတယ်။
လေယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကိုလည်း လောလောဆယ် မထုတ်ပြန်သေးပါဘူး။ သတင်းတွေအရ လေယာဉ် ပျက်မကျခင် အရေးပေါ် အကူအညီ တောင်းခံတဲ့ Mayday ထုတ်လွှင့်မှု ရှိခဲ့ပြီး လေကြောင်း ထိန်းသိမ်းရေး မျှော်စင်က ပြန်ဆက်သွယ်တဲ့ အချိန်မှာတော့ တုံ့ပြန်မှု မရတော့ဘူးလို့ သိရပါတယ်။
နောက်ပြီး လေယာဉ် ပျက်ကျချိန်မှာ ရာသီဥတုက ကြည်လင်ကောင်းမွန်ပြီး မြင်ကွင်းလည်း ရှင်းလင်းနေခဲ့ပါတယ်။
ကယ်ဆယ်ရေး အဖွဲ့တွေဟာ မိနစ်ပိုင်းအတွင်း လေယာဉ်ပျက်ကျတဲ့ နေရာကို အရောက်သွားပြီး မီးကို ကြိုးစား ငြှိမ်းသတ်ခဲ့ကြပါတယ်။
ဒါပေမဲ့ အဲဒီအချိန်မှာ လေယာဉ်ဟာ အပိုင်းပိုင်းဖြစ်ပြီး မီးတွေလည်း ကျွမ်းလောင်ထားပြီးနေပါပြီ။ လေယာဉ် ပျက်ကျတဲ့ နေရာက အူထွက်လာတဲ့ မည်းနက်တဲ့ မီးခိုးလုံးတွေကို ကီလိုမီတာ အတော်များများကနေ လှမ်းမြင်ရတယ်လို့ မျက်မြင်တွေက ပြောပါတယ်။
အမေရိကန် လေကြောင်း ကုမ္ပဏီ Boeingကတော့ 787-8 Dreamliner တစ်စီး ပျက်ကျတဲ့ သတင်းကို ရရှိထားပြီး နောက်ဆက်တွဲ သတင်းပေးပို့မှုတွေကို စောင့်ဆိုင်းနေကြောင်း ထုတ်ပြန်ထားပါတယ်။
လွန်ခဲ့တဲ့ ၁၄ နှစ်က စတင် မိတ်ဆက်ခဲ့တဲ့ Dreamliner အမျိုးအစား လေယာဉ်တွေထဲမှာ အခုလို ဆိုးဆိုးရွားရွား အခြေအနေနဲ့ ပျက်ကျတာဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ မကြာသေးခင်ကတင် Boeingဟာ Dreamlinerတွေကို အသုံးပြုပြီး ခရီးသည် ၁ ဘီလီယံကျော်အောင် ပို့ဆောင်နိုင်ခဲ့ပြီး ဖြစ်တယ်လို့ ဂုဏ်ယူစွာ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီ စံချိန်မှတ်တမ်းကို ရရှိဖို့ လေယာဉ် ၁,၁၇၅ စီးဟာ ခရီးစဉ် စုစုပေါင်း ၅ သန်းနီးပါးကို ပြေးဆွဲပြီး ပျံသန်းချိန် စုစုပေါင်း နာရီ သန်း ၃၀ လောက် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။
ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာက လေယာဉ် ပျက်ကျတဲ့ နောက်ဆက်တွဲ သတင်းပေးပို့မှုတွေကို အချိန်နဲ့ တပြေးညီ လက်ခံရရှိနေတယ်လို့ ပြောကြားခဲ့ပြီး အခင်းဖြစ်တဲ့ နေရာက မြင်ကွင်းတွေကတော့ အရမ်း ဆိုးဆိုးရွားရွား ဖြစ်နေတယ်လို့ ပြောပါတယ်။
အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီက အမာဒါဘက်မြို့မှာ ဖြစ်ပွားခဲ့တဲ့ တုန်လှုပ်စရာ သတင်းဆိုးက သူ့ကို ဆို့နင့် တုန်လှုပ်စေခဲ့တယ်လို့ လူမှုကွန်ရက် မီဒီယာမှာ ရေးသားခဲ့ပြီး ထိခိုက်နစ်နာသူ အားလုံးနဲ့ထပ်တူ ခံစားရကြောင်း ဆိုပါတယ်။
ပြီးတော့ ကယ်ဆယ်ရေး မစ်ရှင်တွေမှာ ပါဝင်နေတဲ့ ဝန်ကြီးဌာန အသီးသီးကိုလည်း ချိတ်ဆက် ညွှန်ကြားနေတယ်လို့ မိုဒီက ကြေညာခဲ့ပါတယ်။
ကိုးကား – Reuters ၊ BBC






























































