ဇွန် – ၁၃ ၊၂၀၂၅ /People’s Spring
အီရန်ရဲ့ နျူကလီးယားနဲ့ စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကို အစ္စရေးက တိုက်ခိုက်ခဲ့တဲ့နောက် အီရန်ကလည်း အစ္စရေးဖက်ကို ဒရုန်း ၁၀၀ ကျော်နဲ့ တုံ့ပြန် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
အစ္စရေး စစ်တပ်က ဇွန်လ ၁၃ ရက်နေ့မှာ အီရန်က ပစ်လွှတ်လိုက်တဲ့ ဒရုန်းတွေကို ကြားဖြတ်ဟန့်တားနေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီ မတိုင်ခင် နာရီပိုင်းမှာတော့ အစ္စရေးဟာ မြို့တော် တဟီရန် အပါအဝင် အီရန်နိုင်ငံ အနှံ့အပြားမှာ ရှိနေတဲ့ နျူကလီးယား နည်းပညာဆိုင်ရာ အဆောက်အအုံတွေ၊ စစ်စခန်းတွေကို လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်ခဲ့ပါတယ်။

Public Service Announcement
အစ္စရေးရဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေ အားလုံးဟာ နိုင်ငံပိုင်နက်ဆီ ဦးတည်လာတဲ့ လေကြောင်း ခြိမ်းခြောက်မှုတွေကို ကြားဖြတ် ပစ်ချနေတယ်လို့ စစ်တပ် ပြောရေးဆိုခွင့်ရ အရာရှိ အက်ဖီ ဒက်ဖရင်က ဆိုပါတယ်။ အစ္စရေး အနေနဲ့ လက်ရှိထက် ပိုပြီး ခက်ခဲလာမယ့် အချိန်ကာလတွေကို မျှော်လင့်ထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။
အစ္စရေးဟာ အီရန်ကို တိုက်ခိုက်ခဲ့ပြီးတဲ့နောက် နိုင်ငံအနှံ့မှာ အရေးပေါ် အခြေအနေ ကြေညာပြီး အီရန်ရဲ့ လက်တုံ့ပြန်လာနိုင်ခြေအတွက် ပြင်ဆင် စောင့်ဆိုင်းနေပါတယ်။ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေမှာ အီရန်ရဲ့ အရေးပါတဲ့ စစ်ဘက် အရပ်ဖက် ခေါင်းဆောင်တချို့နဲ့ နျူကလီးယား ပညာရှင်တွေပါ သေဆုံးခဲ့ကြောင်း သိရပါတယ်။
အီရန်က အစ္စရေးကို ဒရုန်းတွေနဲ့ ပစ်ခတ်တယ် ဆိုတာဟာ လက်တုံ့ပြန်မှုရဲ့ အဦးအစ အဆင့်လောက်သာ ရှိသေးတယ်လို့ ယုံကြည်ရပြီး အီရန် အစိုးရက အစ္စရေးကို ခါးခါးသီးသီး ဒဏ်ခတ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။
အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတစ်ခုဖြစ်တဲ့ ဂျော်ဒန်ရဲ့ အစိုးရ သတင်းဌာနကတော့ လေပိုင်နက်ထဲ ဖြတ်ဝင်လာတဲ့ ဒုံးကျည်တချို့ကို ကြားဖြတ် ပစ်ချခဲ့ရတယ်လို့ ပြောပေမယ့် အသေးစိတ်ကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။
အစ္စရေး မီဒီယာတွေကတော့ ဆီးရီးယား လေပိုင်နက်ကိုပါ ဖြတ်ပျံလာတဲ့ ဒရုန်းတချို့ကို အစ္စရေး လေကြောင်းကာကွယ်ရေး စနစ်တွေက စတင်ပြီး ပစ်ချနေရပြီလို့ ဖော်ပြထားကြပါတယ်။
အီရန်ရဲ့ လက်တုံ့ပြန်မှုကို စိုးရိမ်ရတာကြောင့် အစ္စရေး၊ ဂျော်ဒန်နဲ့ အီရတ် လေပိုင်နက်တွေမှာ အရပ်ဖက် လေယာဉ် ပျံသန်းမှုတွေဟာ လုံးဝနီးပါး ကင်းရှင်းသလောက် ဖြစ်နေပါတယ်။
အစ္စရေး နိုင်ငံရဲ့ ရှင်သန်ရပ်တည်မှုကို ကြီးကြီးမားမား ခြိမ်းခြောက်လာတဲ့အတွက် အီရန်ကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးကို မဖြစ်မနေ အကောင်အထည် ဖော်ခဲ့ရကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ကြေညာထားပါတယ်။
အီရန်ရဲ့ နျူကလီးယား နည်းပညာ အကောင်အထည် ဖော်မှုတွေကို တားဆီးဖို့ အမေရိကန်နဲ့ အီရန်တို့ကြား ဆွေးနွေးမှုတွေ တိုးတက်မှု ကင်းမဲ့သွားတဲ့နောက် ချက်ချင်းဆိုသလိုပဲ အီရန် နျူကလီးယား အဆောက်အအုံတွေကို အစ္စရေးက ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
ကိုးကား – Middle East Eye
