အစ္စရေးကို အီရန်က ဒုံးကျည်တွေနဲ့ ဆက်ပြီး ပစ်ခတ်နေဦးမယ်ဆိုရင် အီရန်ရဲ့ မြို့တော် တဟီရန် မီးဟုန်းဟုန်း တောက်သွားမယ်လို့ အစ္စရေး ကာကွယ်ရေး ဝန်ကြီးက သတိပေးခဲ့ပါတယ်။
ဇွန်လ ၁၃ ရက်နေ့မှာ အီရန်နိုင်ငံ အနှံ့မှာ ရှိနေတဲ့ နျူကလီးယား နည်းပညာဆိုင်ရာ အဆောက်အအုံတွေ၊ စစ်ရေး ပစ်မှတ်တွေကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့သလို အီရန်ကလည်း အစ္စရေး မြို့ပြတွေကို ဒုံးကျည်တွေနဲ့ တုံ့ပြန် ပစ်ခတ်နေပြီး အရှေ့အလယ်ပိုင်း ဒေသတွင်းက ခါးသီးရန်ဘက် နှစ်နိုင်ငံကြားမှာ စစ်ရေးပဋိပက္ခတွေ ဖြစ်ပေါ်နေပါတယ်။
လက်ရှိ အခြေအနေ အထိတော့ အီရန်ဖက်ကနေ အစ္စရေးကို ဒုံးကျည်ပေါင်း ၂၀၀ နဲ့ အဲဒီထက်ပိုတဲ့ ဒရုန်းတွေကို အသုံးပြု ပစ်ခတ်ခဲ့ပြီး အများစုကို အစ္စရေးက ကြားဖြတ် ပစ်ချခဲ့ပါတယ်။ ဒါပေမဲ့ အီရန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အစ္စရေးမှာ လူ ၃ ယောက်ထက်မနည်း သေခဲ့ပြီး ဒါဇင်တွေနဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။ အီရန်ဖက်မှာတော့ ၇၈ ဦးထက်မနည်း သေပြီး ၃၂၀ လောက် ဒဏ်ရာရခဲ့ကြောင်း ကုလသမဂ္ဂဆိုင်ရာ အီရန် သံအမတ်ကြီးက ဆိုပါတယ်။
အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က အီရန်ဟာ အစ္စရေး ပြည်သူတွေကို ဆက်ပြီး အန္တရာယ် ပေးနေဦးမယ်ဆိုရင် တန်ဖိုးကြီးကြီး ပေးဆပ်ရမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ အီရန် အစိုးရ အကြီးအကဲဖြစ်သူ အယာတိုလာ အလီ ခါမေနီဟာ အစ္စရေးကို ပစ်မှတ်ထားပြီး ဒုံးကျည်တွေနဲ့ ဆက်လက် ပစ်ခတ်ခိုင်းနေဦးမယ်ဆိုရင် တဟီရန်က မီးဟုန်းဟုန်း တောက်သွားလိမ့်မယ်လို့ ကတ်ဇ်က ပြောကြားသွားပါတယ်။

Public Service Announcement
အစောပိုင်းမှာတော့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက သူ့ရဲ့ ရည်မှန်းချက်ဟာ အစ္စရေးကို ထိခိုက်နိုင်ခြေရှိတဲ့ အီရန်ရဲ့ ခြိမ်းခြောက်မှု မှန်သမျှကို ချေမှုန်းပစ်ဖို့ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ပြီးတော့ လက်ရှိ အခြေအနေမှာ အီရန် ပြည်သူတွေ အနေနဲ့ အစိုးရကို ဆန့်ကျင်သင့်တယ်လို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။ အစ္စရေး အနေနဲ့ အဲဒီကိစ္စအတွက် အပတ်တကုတ် ကြိုးစားနေတာ မဟုတ်ပေမယ့် အီရန်မှာ အစိုးရ ဖြုတ်ချခံရမယ်ဆိုရင် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုမှာ ဖြစ်တယ်လို့ နေတန်ညာဟုက ဆိုပါတယ်။
အစ္စရေးရဲ့ မဟာမိတ်ဖြစ်တဲ့ အမေရိကန်ဟာ ဇွန်လ ၁၅ ရက်နေ့မှာ အီရန် နျူကလီးယား ထိန်းချုပ်ရေး ကိစ္စအတွက် အီရန်နဲ့ ဆဋ္ဌမအကြိမ် တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားခဲ့ပေမယ့် လက်ရှိ အခြေအနေအရ အီရန် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဖို့က မသေချာတော့ပါဘူး။
အီရန် အစိုးရက လတ်တလောမှာ အမေရိကန်နဲ့ ဆွေးနွေးတယ် ဆိုတာဟာ အဓိပ္ပါယ်မဲ့သွားပြီလို့ ပြောကြားထားပေမယ့် အိုမန်နိုင်ငံမှာ ပြုလုပ်မယ့် ဆွေးနွေးပွဲကို တက်မတက် ဆိုတာကိုတော့ အီရန်က မဆုံးဖြတ်သေးပါဘူး။
ဒီအတောအတွင်း အီရန်ရဲ့ နိုင်ငံခြားရေးဝန်ကြီး အဘက်စ် အာရက်ချီက အစ္စရေးရဲ့ တိုက်ခိုက်မှုဟာ အမေရိကန်ရဲ့ တိုက်ရိုက် ထောက်ပံ့မှုကြောင့် ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။ အမေရိကန် အစိုးရကတော့ အစ္စရေးကို ကာကွယ်ပေးသွားမယ်လို့ ပြောပေမယ့် အီရန်ကို တိုက်ခိုက်တဲ့ အစ္စရေးရဲ့ ဆုံးဖြတ်ချက်မှာတော့ အမေရိကန်က လုံးဝ ပါဝင်ပတ်သက်မှု မရှိခဲ့ကြောင်း ငြင်းဆိုထားပါတယ်။
ကိုးကား: AP
