စက်ချွတ်ယွင်းပြီး အရေးပေါ် ဆင်းသက်ခဲ့ရတဲ့နောက် အိန္ဒိယမှာ သီတင်းပတ် တော်တော်များများ သောင်တင်နေခဲ့တဲ့ ဗြိတိန် တော်ဝင်ရေတပ် တိုက်လေယာဉ်ဟာ အခုတော့ ချောချောမောမောနဲ့ ပြန်လည် ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။
အမေရိကန်လုပ် F-35Bတွေဟာ ကမ္ဘာပေါ်မှာ နည်းပညာ ခေတ်ရှေ့အပြေးဆုံး တိုက်လေယာဉ် အမျိုးအစားအဖြစ် သတ်မှတ် ခံရပေမယ့် အိန္ဒိယမှာ အရေးပေါ် ဆင်းသက်ခဲ့ပြီး လွယ်လွယ်နဲ့ ပြန်လည်ပြင်ဆင်လို့ မရခဲ့တာကြောင့် အင်တာနက်ပေါ်မှာ ရယ်ပွဲဖွဲ့စရာ memeတွေရဲ့ အရင်းအမြစ် တစ်ခုတောင် ဖြစ်လာခဲ့ပါတယ်။
ဗြိတိန် ရေတပ်ရဲ့ လေယာဉ်တင် သင်္ဘောတစ်စီးမှာ အခြေစိုက်တဲ့ တိုက်လေယာဉ်ဟာ လေ့ကျင့်ရေး အစီအစဉ် တစ်ခုမှာ ပါဝင်ပျံသန်းရင်း ဇွန်လ ၁၄ ရက်နေ့က ရာသီဥတု ဆိုးရွားမှုကြောင့် လောင်စာဆီတွေ အမြောက်အမြား ဆုံးရှုံးမှုဖြစ်ပြီး အိန္ဒိယတောင်ပိုင်း၊ ကီရာလာပြည်နယ်ထဲက သီရာဗန်နက်သာပူရမ် လေဆိပ်မှာ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။
အဲဒီနောက် ဗြိတိန် လေတပ်က လေယာဉ်ကို ပြင်ဆင်ဖို့ အင်ဂျင်နီယာ အဖွဲ့တွေ စေလွှတ်ပေးခဲ့ပေမယ့် ဟိုက်ဒရောလစ် စနစ် ချွတ်ယွင်းသွားတာကြောင့် မြန်မြန်ဆန်ဆန် မပြီးစီးနိုင်ဘဲ ကြန့်ကြာနေခဲ့တာပါ။ ရေဒါနဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်တဲ့ နည်းပညာ ပိုင်ဆိုင်ထားတဲ့ တိုက်လေယာဉ်က ကီရာလာမှာ ရက်တွေတော်တော်ကြာ သောင်တင်နေခဲ့တာကြောင့် ဟာသဉာဏ် ရွှင်သူတွေက အင်တာနက်မှာ အဲဒီအကြောင်းကို ဟာသအဖြစ် memeတွေ ဖန်တီးရင်း ပိုပြီး လူသိများခဲ့ပါတယ်။

Public Service Announcement
အထင်ရှားဆုံး တစ်ခုကတော့ ပြည်နယ်ရဲ့ ကမ္ဘာလှည့် ခရီးသွား မြှင့်တင်ရေးကို တာဝန်ယူထားတဲ့ ကုမ္ပဏီ တစ်ခုက ကီရာလာဟာ သာယာလွန်းလို့ F-35 တိုက်လေယာဉ်ကတောင် မပြန်ချင်နိုင်လောက်အောင် ဖြစ်နေပြီး ကြယ်ငါးပွင့် အဆင့်နဲ့ ထောက်ခံချက် အပြည့်ပေးထားတယ် ဆိုတဲ့ ပိုစတာ တစ်ခုကို ဉာဏ်ရည်တု နည်းပညာ (AI) အသုံးပြု ဖန်တီးပြီး ဖြန့်ဝေခဲ့တာပါပဲ။ အင်တာနက် သုံးစွဲသူတွေကြားမှာ အဲဒါက အတော်လေး ရေပန်းစားပြီး ပွဲကျစရာ ဖြစ်ခဲ့ပါတယ်။
ဇူလိုင် ၂၁ ရက်နေ့မှာတော့ F-35Bဟာ ပြင်ဆင်မှုတွေ အားလုံး ပြီးဆုံးသွားပြီ ဖြစ်တာကြောင့် ကီရာလာကနေ ပျံတက်ပြီး ဩစတြေးလျနိုင်ငံ၊ ဒါဝင်မြို့ဆီ ဦးတည် ပျံသန်းနေပြီလို့ လေဆိပ် တာဝန်ရှိသူတွေက ကြေညာခဲ့ပါတယ်။ ကီရာလာ ပြည်နယ်သားတွေကတော့ မမျှော်လင့်ဘဲ ရောက်လာပြီး သံယောဇဉ်တွယ်အောင် လုပ်ပြီးမှ ထွက်ခွာသွားတဲ့ ဧည့်သည်ဟာ သူတို့ကို လွမ်းကျန်နေအောင် လုပ်သွားခဲ့ပြီဆိုပြီး လူမှုကွန်ရက်တွေမှာ ကျီစယ် ရေးသားနေကြပါတယ်။
အမေရိကန်က နည်းပညာ ပေါက်ကြားမှုတွေ ဖြစ်မှာစိုးလို့ အရမ်း သတိကြီးကြီးထားပြီး ထိန်းသိမ်းနေတဲ့ တိုက်လေယာဉ် တစ်စီးဟာ သူစိမ်းနိုင်ငံ တစ်ခုမှာ အဲဒီလောက် အကြာကြီး သောင်တင်နေခဲ့တဲ့ ကိစ္စက အတော်လေး ဝေဖန်စရာတွေလည်း ဖြစ်ခဲ့ပါတယ်။
ဇူလိုင် ၂၂ ရက်နေ့မှာတော့ ဗြိတိန် အစိုးရကလည်း အိန္ဒိယကနေ F-35B တိုက်လေယာဉ် ပျံသန်း ထွက်ခွာသွားပြီ ဆိုတာကို အတည်ပြုခဲ့ပါတယ်။ ပြင်ဆင်မှုတွေ၊ လုံခြုံရေးဆိုင်ရာ ဆန်းစစ်မှုတွေ အပြီး ဗြိတိန် အင်ဂျင်နီယာ အဖွဲ့က မီးစိမ်းပြခဲ့တာကြောင့် လေယာဉ်ဟာ ချောချောမွေ့မွေ့ ပြန်လည် ထွက်ခွာလာခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီလေယာဉ်ဟာ ဗြိတိန် ရေတပ်ရဲ့ HMS Prince of Wales လေယာဉ်တင် သင်္ဘောပေါ်မှာ အခြေစိုက်တာဖြစ်ပြီး အခုတော့ မိခင်ရေယာဉ် ရှိနေတဲ့ ဩစတြေးလျဆီ သွားရောက်ခဲ့တာပါ။ HMS Prince of Walesဟာ ဩစတြေးလျမှာ မဟာမိတ် နိုင်ငံတွေနဲ့ ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်နေပါတယ်။
အစောပိုင်းတုန်းကတော့ တစ်စီးကို ဒေါ်လာ သန်းပေါင်း ၁၁၀ လောက်တန်တဲ့ လေယာဉ်ကို အိန္ဒိယမှာ ပြုပြင်မှု အဆင်မပြေရင် တစ်စစီဖြုတ်ပြီး ပြန်သယ်မယ်ဆိုတဲ့ ထင်ကြေးတွေတောင် ထွက်ပေါ်ခဲ့ပါသေးတယ်။ လူမှုကွန်ရက်ပေါ်မှာတော့ တချို့က လေယာဉ်ကို ကားတစ်စီး အဖြစ်နဲ့ ရောင်းမယ်ဆိုပြီး စနောက်တဲ့ အနေနဲ့ လေလံတင်ခဲ့ရာက အမြင့်ဆုံးစျေး ဒေါ်လာ ၄ သန်းထိ ပေးမယ်ဆိုတဲ့ တုံ့ပြန်မှုတွေ ရခဲ့ပါတယ်။ အရောင်း ပို့စ်မှာတော့ လေယာဉ်ဟာ အလိုအလျောက် ပါကင်ထိုးနိုင်တဲ့စနစ်၊ အသစ်ကျပ်ချွတ် တာယာတွေနဲ့ ဘက်ထရီ အသစ်တွေ တပ်ဆင်ထားသလို မျက်စိနောက်လောက်အောင် လမ်းစည်းကမ်းဖောက်တဲ့ သူတွေကို ဆုံးမဖို့ အော်တိုမက်တစ် စက်သေနတ်တွေပါ ပါဝင်တယ်လို့ ရေးထားခဲ့ပါတယ်။
Lockheed Martin ကုမ္ပဏီက ထုတ်လုပ်တဲ့ F-35 တိုက်လေယာဉ်တွေမှာ A၊ Bနဲ့ Cဆိုတဲ့ မျိုးကွဲတွေရှိပြီး Bကတော့ ထောင်လိုက် အတက်အဆင်း လုပ်နိုင်သလို ပြေးလမ်း အတိုတွေမှာ အသုံးပြုနိုင်တဲ့ မျိုးကွဲဖြစ်ပါတယ်။
ကိုးကား: BBC


















































