Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်မှာ လေယာဉ်ချင်း တိုက်မိနိုင်ခြေကြောင့် ခရီးသည်တင် လေယာဉ်တစ်စီး အရေးပေါ် လမ်းကြောင်းပြောင်းခဲ့ရ

အမေရိကန်မှာ ခရီးသည်တင် လေယာဉ်တစ်စီးဟာ ပျံသန်းနေရင်း ရုတ်တရက် လမ်းကြောင်းပြောင်း ထိုးဆင်းခဲ့ရတာကြောင့် ခရီးသည်တွေ ထိုင်ခုံကနေ လွင့်စဉ်ထွက်ပြီး ကသောင်းကနင်း အခြေအနေတွေ ဖြစ်ခဲ့ရပါတယ်။

Getty Images

အမေရိကန်မှာ ခရီးသည်တင် လေယာဉ်တစ်စီးဟာ ပျံသန်းနေရင်း ရုတ်တရက် လမ်းကြောင်းပြောင်း ထိုးဆင်းခဲ့ရတာကြောင့် ခရီးသည်တွေ ထိုင်ခုံကနေ လွင့်စဉ်ထွက်ပြီး ကသောင်းကနင်း အခြေအနေတွေ ဖြစ်ခဲ့ရပါတယ်။

ဇူလိုင် ၂၅ ရက်နေ့က ဆောက်သ်ဝက်စ် လေကြောင်းလိုင်းရဲ့ ခရီးစဉ်အမှတ် ၁၄၉၆ လေယာဉ်ဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အန်ဂျလိစ်မြို့ရဲ့ ဟောလိဝုဒ် ဘားဘန့်ခ် လေဆိပ်ကနေ ပျံတက်ပြီး မကြာခင်မှာ အမြင့်ပေ ရုတ်တရက် နှိမ့်ချပြီး လမ်းကြောင်းလိုက်တာ ဖြစ်ပါတယ်။ မျှော်လင့်မထားတဲ့ အခြေအနေကြောင့် ခရီးသည်တွေဟာ ထိုင်ခုံပေါ်ကနေ လွင့်ထွက်ကုန်ပြီး လေယာဉ် အမှုထမ်း ၂ ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။

ဒါပေမဲ့ လေယာဉ်ဟာ အရေးပေါ် ဆင်းသက်တာမျိုး မလုပ်ဘဲ လက်စ်ဗီးဂက်စ်ထိ ခရီးဆက်ပြီးမှ ချောချောမောမော ဆင်းသက်ခဲ့တယ်လို့ ဆောက်သ်ဝက်စ် လေကြောင်းလိုင်းက ကြေညာခဲ့ပါတယ်။ အခုလို လေယာဉ်ကို ရုတ်တရက် စိုက်ဆင်းလိုက်ရတာဟာ တခြား လေယာဉ် တစ်စီးနဲ့ တိုက်မိနိုင်တဲ့ အခြေအနေမျိုး ရုတ်တရက် ကြုံလာတာကြောင့်လို့ သိရပါတယ်။

လေယာဉ်နှစ်စီးဟာ နှစ်မိုင်လောက်သာ ကွာဝေးတော့တဲ့ထိ ချဉ်းကပ်လာနေကြတဲ့နောက် လေကြောင်းထိန်းသိမ်းရေး မျှော်စင်က တစ်စီးကို အမြင့်ထိ ပျံတက်စေပြီး ဆောက်သ်ဝက်စ် လေကြောင်း လေယာဉ်ကိုတော့ ထိုးဆင်းဖို့ အရေးပေါ် အကြောင်းကြားခဲ့တာပါ။ ဒါကြောင့်လည်း လေယာဉ်မှူးက ရုတ်တရက် လေယာဉ်ကို စိုက်ဆင်းခဲ့ရတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

CNN သတင်းဌာနရဲ့ အဆိုအရ ခရီးသည်တင် လေယာဉ်ဟာ ပျံတက်ပြီး ၆ မိနစ် အကြာမှာ ပုဂ္ဂလိကပိုင် လက်နက်တပ်ဆင်မထားတဲ့ Hawker Hunter တိုက်လေယာဉ် တစ်စီးနဲ့ တည့်တည့်တိုးမိမလို ဖြစ်ခဲ့တာလို့ သိရပါတယ်။ အဲဒီ တိုက်လေယာဉ်ဟာ တက္ကဆက်စ်မှာရှိတဲ့ အယ်လ်ပါဆိုမြို့ကနေ ကယ်လီဖိုးနီးယားဆီ ဦးတည် ပျံသန်းလာခဲ့တာပါ။

အမေရိကန် အရပ်ဖက် လေကြောင်းလုံခြုံရေး အရာရှိတွေက အခုလို လေယာဉ်နှစ်စီး တိုက်မိနိုင်လောက်တဲ့ အခြေအနေမျိုး ဘာကြောင့် ကြုံခဲ့သလဲ ဆိုတာကို စုံစမ်းစစ်ဆေးသွားမယ်လို့ ပြောပါတယ်။

ဆောက်သ်ဝက်စ် လေကြောင်းလိုင်းရဲ့ ခရီးသည်တင် လေယာဉ်ပေါ်မှာ လိုက်ပါခဲ့သူ ဂျင်မီဒိုးရ်ကလည်း လေယာဉ်ချင်း တိုက်မိနိုင်ခြေကြောင့် လေယာဉ်မှူးဟာ အခုလို အသည်းအသန် လမ်းကြောင်းပြောင်း ပျံသန်းခဲ့ရတာလို့ လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။ ဒဏ်ရာရသူတွေထဲက လေယာဉ်အမှုထမ်း တစ်ယောက်ကတော့ ဆေးကုသမှုတွေ ခံယူဖို့ လိုအပ်ခဲ့တယ်လို့ သူက ဆိုပါတယ်။

သူနဲ့အတူ ပါလာတဲ့ မိတ်ဆွေဖြစ်သူ စတက်ဖ် ဇာမိုရာနိုက လေယာဉ် ဆင်းသက်ပြီးတဲ့ အချိန်မှာတော့ ခရီးသည်တွေက လက်ခုပ်တီးပြီး ဩဘာပေးခဲ့ကြတယ်လို့ ပြောပါတယ်။ ရှုပ်ရှုပ်ထွေးထွေး ဖြစ်သွားခဲ့တုန်းကတော့ လေယာဉ်မှူးဟာ ခရီးသည်တွေဆီ မိုက်ကရိုဖုန်းနဲ့ လှမ်းစကားပြောပြီး လေယာဉ်နှစ်စီး တိုက်မိမလို အခြေအနေ ကြုံခဲ့တဲ့ အကြောင်းကို ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။

ဆောက်သ်ဝက်စ် လေကြောင်းလိုင်းက ဖြစ်စဉ်အတွင်း လေယာဉ်မှူးတွေနဲ့ လေယာဉ် အမှုထမ်းတွေရဲ့ ပရော်ဖက်ရှင်နယ် ပီသတဲ့ ကျင့်ကြံ ဆောင်ရွက်မှုတွေကို ကျေးဇူးတင်ကြောင်း၊ လေကြောင်းလိုင်း အတွက်တော့ ခရီးသည်တွေနဲ့ အမှုထမ်းတွေရဲ့ လုံခြုံရေးထက် ဘာကမှ အရေးမကြီးကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ တစ်ပတ်လောက်ကလည်း Delta လေကြောင်းလိုင်းရဲ့ ပြည်တွင်းခရီးစဉ် ပျံသန်းနေတဲ့ လေယာဉ်တစ်စီးဟာ အမေရိကန် ဗုံးကြဲလေယာဉ် တစ်စီးနဲ့ တိုက်မိနိုင်ခြေ ရှိတာကြောင့် အရေးပေါ် လမ်းကြောင်းပြောင်း ပျံသန်းခဲ့ရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကြိုတင် ကြေညာထားတဲ့အတိုင်း ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ တက်ရောက်ရင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဒိန်းမတ်၊ ဂရင်းလန် အစိုးရတွေနဲ့အတူ ဂရင်းလန် လုံခြုံရေး သဘောတူညီမှုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ဂရင်းလန်ကျွန်းမှာ နောက်ထပ် စစ်စခန်းနှစ်ခု ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

Facebook