Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားကမ်းလွန်မှာ မဂ္ဂနီကျု ၈.၈ ငလျင်ကြီးလှုပ်၊ အမေရိကန်နဲ့ ဂျပန်မှာ ဆူနာမီ သတိပေးချက်တွေ ထုတ်ပြန်

မဂ္ဂနီကျု ၈.၈ အဆင့် ပြင်းထန်တဲ့ ကမ်းလွန် ငလျင်ကြီးတစ်ခု ရုရှားနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့နောက် အမေရိကန်နဲ့ ဂျပန်က ကမ်းရိုးတန်း ဧရိယာ တချို့မှာ ဆူနာမီ ရေလှိုင်း အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားရပါတယ်။

Reuters

ဇူလိုင် ၃၀ ရက် မနက်ပိုင်းက မဂ္ဂနီကျု ၈.၈ အဆင့် ပြင်းထန်တဲ့ ကမ်းလွန် ငလျင်ကြီးတစ်ခု ရုရှားနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့နောက် အမေရိကန်နဲ့ ဂျပန်က ကမ်းရိုးတန်း ဧရိယာ တချို့မှာ ဆူနာမီ ရေလှိုင်း အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားရပါတယ်။

အမေရိကန် အာဏာပိုင်တွေက အလာစကာနဲ့ ဟာဝိုင်ယီတို့မှာ ဆူနာမီ သတိပေးချက်တွေ ကြေညာခဲ့ပြီး ဟာဝိုင်ယီမှာ ၁၀ ပေလောက်ထိမြင့်တဲ့ ဆူနာမီ ရေလှိုင်းတွေ ရိုက်ခတ်လာနိုင်တယ်လို့ ပြောပါတယ်။ အလားတူ ပစိဖိတ် သမုဒ္ဒရာထဲမှာရှိတဲ့ အမေရိကန်ပိုင် ဂူအမ်ကျွန်းမှာလည်း အမြင့် ၃ ပေကနေ ၁၀ ပေကြားလောက်ထိရှိတဲ့ ရေလှိုင်းတွေ ရိုက်ခတ်နိုင်ကြောင်း သတိပေးထားပါတယ်။

ဂျပန် မိုးလေဝသ အေဂျင်စီကလည်း နိုင်ငံရဲ့ ကမ်းရိုးတန်း အစိတ်အပိုင်း အများအပြားမှာ ၁၀ ပေထိမြင့်တဲ့ ဆူနာမီလှိုင်းတွေ ရိုက်ခတ်နိုင်ခြေ သတိပေးချက်ကို ထုတ်ပြန်ခဲ့ပြီး ပစိဖိတ် ကမ်းရိုးတန်းတလျှောက် နေထိုင်သူတွေကို အရေးပေါ် ယာယီ ရွှေ့ပြောင်းကြဖို့ ညွှန်ကြားထားပါတယ်။

ပြီးတော့ ဆူနာမီလှိုင်းတွေ ရိုက်ခတ်လာရင် ထိခိုက်ပျက်စီးမှုတွေ ကြုံတွေ့နိုင်ခြေကိုလည်း ကြိုတင် တွက်ဆထားဖို့ သတိပေးထားပါတယ်။ ရုရှားနိုင်ငံရဲ့ အရှေ့ဖျား ဧရိယာတွေမှာရှိတဲ့ ကမ်ချတ်ကာ ကျွန်းဆွယ်တဝိုက်မှာတော့ အမြင့် ၁၀ ပေနဲ့ ၁၃ ပေကြား ဆူနာမီ ရေလှိုင်းတွေ ရိုက်ခတ်မှုကို တိုင်းတာ ရရှိထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ငလျင်ဟာ ရုရှားရဲ့ အရှေ့ဖက်ကမ်းလွန် အော့ခေါ့စ်ပင်လယ်ကို ဗဟိုပြု လှုပ်ခတ်ခဲ့တာပါ။ အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီဟာ ငလျင်ရဲ့ ပြင်းအားကို မူလက မဂ္ဂနီကျု ၈.၇ လို့ ထုတ်ပြန်ခဲ့ပြီး နောက်တော့ ၈.၈ လို့ ပြောင်းလဲခဲ့တာပါ။ ငလျင်ဟာ ပင်လယ်ကြမ်းပြင်အောက် အနက် ၁၉.၃ ကီလိုမီတာကို ဦးတည်ခဲ့တယ်လို့လည်း သိရပါတယ်။

ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေတွေကိုတော့ မသိရသေးပါဘူး။ ငလျင်ဗဟိုချက်နဲ့ မိုင် ၄၀၀ လောက် ကွာဝေးတဲ့ ဂျပန်မြောက်ပိုင်းက ဟော့ကိုင်းဒိုး ကျွန်းမှာတော့ မြေလွှာလှုပ်ခတ်မှုကို အနည်းအကျဉ်းလောက်သာ သိရှိခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

ငလျင်ဗဟိုချက်နဲ့ နီးတဲ့ မြို့ကြီးတစ်ခုဖြစ်တဲ့ ပက်ထရိုပက်ဗ်လော့စ်ခ်-ကမ်ချတ်စကီးမှာတော့ လူတွေဟာ ညအိပ်ဝတ်စုံတွေနဲ့ ဖိနပ်မပါဘဲ လမ်းမတွေဆီ ဒရောသောပါး ဆင်းပြေးခဲ့တယ်လို့ သိရပါတယ်။ အိမ်တွေထဲမှာလည်း ဗီရိုတွေ လဲပြိုတာ၊ မှန်တွေ ကွဲအက်တာမျိုး အခြေအနေတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ပြီးတော့ ကမ်ချတ်ကာမှာ ဖုန်းလိုင်းတွေ ပြတ်တောက်ကုန်တယ်လို့ ရုရှားရဲ့ TASS သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ကမ်ချတ်ကာ ကျွန်းဆွယ်ဟာ အင်အားပြင်း ကမ်းလွန်ငလျင်တွေနဲ့ မစိမ်းလှတဲ့ နေရာတစ်ခုပါ။ လဆန်းပိုင်းတုန်းက ကမ်ချတ်ကာ တဝိုက်မှာ ရေအောက် ငလျင် ၅ ခုလောက် အတွဲလိုက် လှုပ်ခဲ့ပြီး အပြင်းဆုံး တစ်ခုဟာ မဂ္ဂနီကျု ၇.၄ အထိ ရှိခဲ့ပါတယ်။

၁၉၅၂ ခုနှစ်၊ နိုဝင်ဘာလတုန်းက ကမ်ချတ်ကာမှာ မဂ္ဂနီကျု ၉.၀ အဆင့် ရေအောက် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တာကြောင့် ကမ်ချတ်ကာမှာ ပျက်စီးမှုတွေ ကြုံခဲ့ပေမယ့် အသေအပျောက်တော့ မရှိခဲ့ပါဘူး။ အဲဒီ ငလျင်ကြောင့် အမေရိကန်ရဲ့ ဟာဝိုင်ယီ ကျွန်းစုမှာတော့ ပေ ၃၀ နီးပါးလောက်တောင် မြင့်မားတဲ့ ဆူနာမီ ရေလှိုင်းတွေ ရိုက်ခတ်ခဲ့ပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

သတင်း

နိုင်ငံပိုင်နက်ထဲ ဒုံးကျည် ကျရောက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ရုရှား သံအမတ်ကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။