လူနာတွေရဲ့ ဆေးမှတ်တမ်းတွေကို မုန့်ထည့်တဲ့ စက္ကူအိတ်တွေ ပြုလုပ်ခဲ့တဲ့ ထိုင်းဆေးရုံ တစ်ခုဟာ ဘတ်ငွေ တစ်သန်းကျော် ဒဏ်ငွေရိုက်တာ ခံခဲ့ရပါတယ်။
ထိုင်းနိုင်ငံရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက် ထိန်းသိမ်းရေးဆိုင်ရာ အာဏာပိုင်တွေက ဩဂုတ် ၁ ရက်နေ့မှာ အဲဒီဆေးရုံကို ဘတ် ၁.၂၁ သန်း ဒဏ်ရိုက်ခဲ့တာလို့ သိရပါတယ်။ အစိုးရရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက် ကာကွယ်ရေး ကော်မတီ (PDPC)က အဲဒီ ဆေးရုံရဲ့ ဆေးမှတ်တမ်း ဖိုင်တွေကို မုန့်အကြွပ်တွေ ထည့်တဲ့ စက္ကူအိတ်တွေအဖြစ် အသုံးပြုထားတာ တွေ့ရှိတဲ့နောက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
ဒဏ်ရိုက်ခံရတာဟာ ပြည်တွင်းမှာ ထင်ရှားတဲ့ ပုဂ္ဂလိက ဆေးရုံကြီး တစ်ခုလို့ ပြောပေမယ့် PDPCက နာမည်တော့ မထုတ်ပြန်ခဲ့ပါဘူး။ အဲဒီဆေးရုံက လုံလုံခြုံခြုံ ထိန်းသိမ်းထားရမယ့် ဖိုင်ပေါင်း ၁၀၀၀ လောက် ပျောက်ဆုံးနေခဲ့တယ်လို့ ဝန်ခံသွားပါတယ်။ ပြီးတော့ လူနာမှတ်တမ်းတွေ ကိုင်တွယ်မှုအတွက် ကုမ္ပဏီ အသေးတစ်ခုဆီ ကန်ထရိုက် တာဝန်ပေးထားပေမယ့် အခုလို ပြဿနာနဲ့ ကြုံရတာ ဖြစ်တယ်လို့ ဆေးရုံဖက်က ပြောပါတယ်။
PDPCက ဆေးရုံကို ဘတ် ၁.၂၁ သန်း ဒဏ်ရိုက်ခဲ့သလို အဲဒီ စာရွက်စာတမ်းတွေ တာဝန်ယူ ကိုင်တွယ်ရတယ်ဆိုတဲ့ အသေးစား လုပ်ငန်း ပိုင်ရှင်ကိုလည်း ဘတ် ၁၇၀၀၀ နီးပါး ဒဏ်ကြေး ချမှတ်ခဲ့ပါတယ်။

Public Service Announcement
၂၀၂၄ ခုနှစ်နောက်ပိုင်း PDPCဟာ ပြည်တွင်းမှာ ပုဂ္ဂိုလ်ရေး အချက်အလက် ကျိုးပေါက်မှု ဖြစ်စဉ် ၆ ခုအတွက် စုစုပေါင်းဒဏ်ကြေး ဘတ် ၂၁.၅ သန်းထိ ချမှတ်ခဲ့ပြီး ဖြစ်ကြောင်း သိရပါတယ်။
ကိုးကား: Bangkok Post


















































