Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်ပွဲကို ချက်ချင်း ရပ်ပစ်နိုင်မယ့် ဆုံးဖြတ်ပိုင်ခွင့်မျိုး ဇီလန်စကီးမှာ ရှိနေတယ်လို့ ထရမ့်ဆို

ရုရှားနဲ့ စစ်ပွဲကို ချက်ချင်း ရပ်ပစ်နိုင်တာမျိုး ဆုံးဖြတ်ခွင့်က ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဆီမှာ ရှိနေတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဆိုပါတယ်။

ဓာတ်ပုံ - AP

ရုရှားနဲ့ စစ်ပွဲကို ချက်ချင်း ရပ်ပစ်နိုင်တာမျိုး ဆုံးဖြတ်ခွင့်က ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဆီမှာ ရှိနေတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဆိုပါတယ်။

သူဟာ ဇီလန်စကီးကို အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံမှု မတိုင်ခင်မှာ အခုလိုမျိုး မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။ ထရမ့်ဟာ ရုရှားနဲ့ ယူကရိန်းကြား စစ်ပွဲ ရပ်ဆိုင်းရေးအတွက် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် ဩဂုတ် ၁၈ ရက်နေ့ကျရင် ဇီလန်စကီးကိုလည်း အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံမှာပါ။ ထရမ့်-ဇီလန်စကီး ဆွေးနွေးပွဲကို အနောက်ဥရောပ မဟာမိတ်နိုင်ငံ တချို့ရဲ့ ခေါင်းဆောင်တွေလည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။

အမေရိကန် သံတမန်ရေး အသိုက်အဝန်းကတော့ ထရမ့်ဟာ ပူတင် အဆိုပြုသွားတဲ့ အချက်တွေကို သဘောတူဖို့ ဇီလန်စကီးကို တွန်းအားပေးသွားဖွယ် ရှိနေကြောင်း ပြောကြားထားပါတယ်။

သူကိုယ်တိုင် ထူထောင်ထားတဲ့ လူမှုကွန်ရက် မီဒီယာ Truthမှာတော့ ထရမ့်က ယူကရိန်း သမ္မတ ဇီလန်စကီးဟာ ကိုယ်တိုင် ဆန္ဒရှိမယ်ဆိုရင် စစ်ပွဲကို ချက်ချင်းနီးပါး ရပ်တန့်နိုင်စွမ်း ရှိနေကြောင်း၊ ဒါမှမဟုတ် စစ်ပွဲကို ဆက်ပြီး ဆင်နွှဲချင်ရင်လည်း သူ့သဘောအတိုင်း ဖြစ်နိုင်ကြောင်း၊ ဒါပေမဲ့ ကိစ္စအားလုံးရဲ့ အစကိုတော့ သတိရဖို့လိုကြောင်း ရေးသားထားပါတယ်။ ဒါပေမဲ့ အမေရိကန် သမ္မတအဖြစ် ဘာရတ် အိုဘားမား တာဝန်ယူနေတုန်းက ယူကရိန်းပိုင် ခရိုင်းမီးယား ကျွန်းဆွယ်ကို ရုရှားက သိမ်းယူတာကို ခွင့်ပြုထားခဲ့တဲ့အတွက် အဲဒီဒေသကို ပြန်ရဖို့တော့ ယူကရိန်းအတွက် မဖြစ်နိုင်တော့ကြောင်းနဲ့ NATO စစ်မဟာမိတ် အဖွဲ့ထဲကို ယူကရိန်း ဝင်ရောက်ဖို့ကိုလည်း ဇီလန်စကီး အနေနဲ့ မေ့ပစ်ဖို့လိုကြောင်း ထရမ့်က သတိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

တစ်နည်းအားဖြင့် ဇီလန်စကီးသာ NATO ဝင်ခွင့် မျှော်လင့်ချက်ကို အပြီးတိုင် စွန့်လွှတ်ပြီး ခရိုင်းမီးယားကိုလည်း ရုရှားနယ်မြေအဖြစ် အသိအမှတ် ပြုပေးလိုက်ရင် ရုရှားနဲ့ စစ်ပြေငြိမ်းမှု ခပ်မြန်မြန် ရနိုင်လိမ့်မယ် ဆိုတာမျိုး ထရမ့်က လမ်းကြောင်းဖော်ပေးထားတာပါ။

တစ်ဖက်မှာတော့ ဇီလန်စကီးက ယူကရိန်းဟာ စစ်ရပ်စဲရေးအတွက် ပိုင်နက်နယ်မြေတွေကို စွန့်လွှတ်ပေးရမယ် ဆိုတဲ့ အပေးအယူ သဘောတရားကို လုံးဝ လက်မခံနိုင်ကြောင်း အတိအလင်း ပြောကြားထားပါတယ်။ ဥရောပ နိုင်ငံတွေကလည်း ယူကရိန်းရဲ့ ကံကြမ္မာကို ယူကရိန်းသာ ဆုံးဖြတ်ပိုင်ခွင့် ရှိသင့်ကြောင်း ဇီလန်စကီးဖက်ကနေ မားမားရပ်ပြီး ထောက်ခံပေးနေခြင်းကြောင့် ထရမ့်အနေနဲ့ ပူတင်တောင်းဆိုသမျှ လိုက်လျောအောင် ယူကရိန်းကို ဖိအားပေးဖို့ ခက်နေပါတယ်။

ယူကရိန်းဟာ စစ်ပွဲ ရပ်ဆိုင်းသွားခဲ့ရင်တောင် အနာဂတ်မှာ ရုရှားရဲ့ နောက်ထပ် ကျူးကျော်တိုက်ခိုက်နိုင်ခြေ အန္တရာယ်မျိုးကို တားဆီးနိုင်မယ့် အာမခံချက်အဖြစ် NATO စစ်မဟာမိတ် အဖွဲ့ထဲ ဝင်ရောက်ခွင့်ရဖို့ တောင်းဆိုထားပါတယ်။ ဒါပေမဲ့ ထရမ့်ကတော့ ဇီလန်စကီးဟာ NATO အိပ်မက်ကို စွန့်လွှတ်ရလိမ့်မယ် ဆိုတာမျိုး သူ့ရဲ့ သဘောထားကို အသိပေးခဲ့တာပါ။

ပူတင်ဟာ NATO အဖွဲ့ဝင် ဖြစ်ခွင့်လိုမျိုး အားကောင်းတဲ့ လုံခြုံရေး အာမခံချက်မျိုး တစ်ခုခုကို ယူကရိန်းအတွက် လိုက်လျောပေးဖို့ ဆန္ဒရှိတယ်လို့ ထရမ့်နဲ့ တွေ့ဆုံချိန်မှာ ပြောကြားခဲ့ကြောင်း အမေရိကန် သံတမန်ရေး အသိုက်အဝန်းက ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ မှတ်ချက်ပေးထားပါတယ်။ ထရမ့်က ရုရှားနဲ့ ဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ တိုးတက်မှု ကြီးကြီးမားမား တစ်ခု ရထားတယ်လို့ လူမှုကွန်ရက်ပေါ်မှာ ရေးသားထားပေမယ့် အသေးစိတ်ကိုတော့ ရှင်းမပြဘဲ ချန်လှပ်ထားပါတယ်။

ဇီလန်စကီးသာ ခရိုင်းမီးယားကို ပြန်ရဖို့၊ NATO မဟာမိတ် အဖွဲ့ထဲ ဝင်ရောက်ခွင့်ရဖို့တွေကို မေ့ပစ်လိုက်မယ်ဆိုရင် ချက်ချင်း စစ်ပွဲရပ်ဆိုင်းနိုင်တယ်ဆိုတဲ့ ထရမ့်ရဲ့ သဘောထားအပေါ် ယူကရိန်းကတော့ လတ်တလော မတုံ့ပြန်သေးဘဲ နှုတ်ဆိတ်နေပါတယ်။

ကိုးကား: CNBC

ဆက်စပ်သတင်းများ