Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်ရဲ့ ဖိနှိပ်မှုတွေကို အီရန်က ဘယ်တော့မှ အလျှော့မပေးဘူးလို့ ခါမေနီပြော

အီရန်ဟာ အမေရိကန်ရဲ့ ဖိနှိပ် ဗိုလ်ကျမှုတွေကို ဘယ်တော့မှ အရှုံးပေး ဒူးထောက်မှာ မဟုတ်ဘူးလို့ အီရန် အစိုးရ အဓိပတိ အယာတိုလာ အလီခါမေနီက ပြောကြားခဲ့ပါတယ်။

AFP

အီရန်ဟာ အမေရိကန်ရဲ့ ဖိနှိပ် ဗိုလ်ကျမှုတွေကို ဘယ်တော့မှ အရှုံးပေး ဒူးထောက်မှာ မဟုတ်ဘူးလို့ အီရန် အစိုးရ အဓိပတိ အယာတိုလာ အလီခါမေနီက ပြောကြားခဲ့ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ အီရန်ကို ဗိုလ်ကျပြီး လက်အောက်ခံ နိုင်ငံတစ်ခု ဖြစ်လာအောင် သိမ်းသွင်းလိုနေပေမယ့် အီရန် အစိုးရဟာ ဘယ်တော့မှ အလျှော့ပေးမှာ မဟုတ်ကြောင်း၊ အီရန်ရဲ့ ကြံ့ကြံ့ခံ ရပ်တည်မှုမှာ အီရန် ပြည်သူတစ်ရပ်လုံး စိတ်တူကိုယ်တူ ပူးပေါင်း ပေးကြဖို့လိုကြောင်း တဟီရန်မြို့တော်က ဗလီတစ်ခုမှာ ခါမေနီက တိုက်တွန်း ပြောဆိုသွားခဲ့ပါတယ်။

အဲဒီမိန့်ခွန်းကို သူ့ရဲ့ တရားဝင် ဝက်ဘ်ဆိုက်ပေါ်မှာ နောက်ပိုင်းကျတော့ ပြန်လည် လွှင့်တင်ထားခဲ့ပါတယ်။ အီရန်နဲ့ အစ္စရေးကြား ပြင်းထန်တဲ့ စစ်ရေးပဋိပက္ခတစ်ခု ဖြစ်ပွားခဲ့ပြီး အမေရိကန်ကပါ အီရန်ပိုင်နက်ထဲ ဗုံးဝင်ကြဲခဲ့တဲ့ ဖြစ်ရပ်တွေအပြီး နှစ်လလောက် အကြာမှာ ခါမေနီက အခုလိုမျိုး အမေရိကန်ကို ဝေဖန် ထိုးနှက်လိုက်တာ ဖြစ်ပါတယ်။

သူက အစ္စရေးဟာ အီရန်ကို ရန်လို ကျူးကျော် တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ အရှိတရားကို ဖုံးကွယ်ထားလို့ မရကြောင်းလည်း စွပ်စွဲခဲ့ပြီး အမေရိကန်ကတော့ အီရန်ကို လက်အောက်ခံ အဆင့်မျိုး အလုံးစုံ ထိန်းချုပ် ခြယ်လှယ်ချင်နေတာ ဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ အီရန်ဟာ ၁၂ ရက် ကြာမြင့်ခဲ့တဲ့ အစ္စရေးနဲ့ စစ်ပွဲအပြီးမှာ ပိုပြီး ခိုင်မာ အားကောင်းတဲ့ စုစည်းမှုမျိုးနဲ့ ပြန်လည် ခေါင်းထောင်လာနိုင်ခဲ့တယ်လို့ ခါမေနီက ကြုံးဝါးခဲ့ပါတယ်။

အီရန်ဟာ အစိုးရ၊ လက်နက်ကိုင် တပ်ဖွဲ့တွေ၊ စနစ်တွေ အားလုံး စုပေါင်းပြီး ရန်သူကို ပြင်းပြင်းထန်ထန် တန်ပြန် ထိုးနှက်နိုင်ခဲ့တယ်လို့လည်း သူက ပြောကြားသွားပါတယ်။

နောက်ပြီး အမေရိကန် အပါအဝင် ရန်လိုတဲ့ ပြည်ပ အင်အားစုတွေဟာ အီရန်မှာ သွေးကွဲမှုတွေ ပေါ်လာအောင် သပ်လျှိုနေကြပြီး ပြည်သူတွေ အနေနဲ့ အဲဒီ အားထုတ်မှုတွေအပေါ် နိုးနိုးကြားကြား စောင့်ကြည့်ကြဖို့ ခါမေနီက သတိပေးခဲ့ပါတယ်။

ဘုရားသခင်ရဲ့ ကျေးဇူးကြောင့် အီရန်ဟာ ဆက်လက် ခိုင်မာ စည်းလုံးနေကြောင်း၊ ပြည်တွင်းမှာ သဘောထား အမြင် ကွဲလွဲမှုတွေ ရှိနေတဲ့တိုင် နိုင်ငံနဲ့ အချုပ်အခြာ အာဏာကို ကာကွယ်ဖို့၊ ရန်သူကို တွန်းလှန် တိုက်ထုတ်ဖို့ အရေးကြုံလာတော့ ပြည်သူတွေအားလုံး ညီညွတ်ခဲ့ကြသလို အဲဒီ ကောင်းမွန်တဲ့ ဂုဏ်ရည်ကို ဆက်ထိန်းထားဖို့လိုကြောင်း သူက ပြောကြားသွားပါတယ်။

အီရန်ဟာ နျူကလီးယား ဗုံးတွေ ထုတ်လုပ်ဖို့ ယူရေနီယမ် ဓာတ်သတ္တုတွေကို သန့်စင်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဇွန်လမှာ အစ္စရေးက အီရန်ကို လေကြောင်းတိုက်ခိုက်မှုတွေ စတင် လုပ်ဆောင်ခဲ့တာပါ။ အစ္စရေးရော၊ အမေရိကန်ကပါ အီရန်က နျူကလီးယား လက်နက်ပိုင်ဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲနေပေမယ့် အီရန်ကတော့ အစဉ်တစိုက် ငြင်းဆိုထားပါတယ်။

ကိုးကား: Dawn

ဆက်စပ်သတင်းများ

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။