Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာဂျင်တီးနား သမ္မတကို ဆန္ဒပြသူတွေက ခဲနဲ့ပေါက်

အာဂျင်တီးနား သမ္မတ ဟာဗီးယား မီလီဟာ ဆန္ဒပြသူတွေက ခဲနဲ့ဝိုင်းပေါက်တာကို ခံခဲ့ရပါတယ်။

ဓာတ်ပုံ - Reuters

အာဂျင်တီးနား သမ္မတ ဟာဗီးယား မီလီဟာ ဆန္ဒပြသူတွေက ခဲနဲ့ဝိုင်းပေါက်တာကို ခံခဲ့ရပါတယ်။

မီလီဟာ ဩဂုတ် ၂၇ ရက်နေ့တုန်းက မြို့တော် ဗျူနိုအေးရိစ်နားမှာ လူထုကို စည်းရုံးရေး ဆင်းနေတုန်း အခုလို တိုက်ခိုက်မှုနဲ့ ကြုံခဲ့ရတဲ့နောက် ခရီးစဉ်ကို ဖျက်သိမ်းသွားခဲ့ပါတယ်။ သူ့ကို ခဲနဲ့ပေါက်ခဲ့သူတွေကတော့ အစိုးရရဲ့ အဂတိ အရှုပ်တော်ပုံ တစ်ခုကို ဆန္ဒပြနေသူတွေ ဖြစ်ပါတယ်။

လက်ယာစွန်း နိုင်ငံခေါင်းဆောင်ရဲ့ ယာဉ်တန်း တိုက်ခိုက်ခံရပြီးတဲ့နောက် သမ္မတရဲ့ လုံခြုံရေး အရာရှိတွေက နောက်ကြောင်းပြန်လှည့် ထွက်ခွာစေဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ မီလီကတော့ တိုက်ခိုက်မှုမှာ ထိခိုက် ဒဏ်ရာရတာမျိုး မရှိခဲ့ပါဘူး။

မီလီဟာ အောက်တိုဘာလမှာ ကျင်းပမယ့် သက်တမ်းဝက် ရွေးကောက်ပွဲအကြို သူ့ရဲ့ ကိုယ်စားပြု ပါတီအတွက် မဲဆွယ်ပေးနေခဲ့တာ ဖြစ်ပါတယ်။ ဗျူနိုအေးရိစ်ရဲ့ တောင်ဖက်မှာရှိတဲ့ လိုမက်စ်ဒီ ဇာမိုရာမြို့မှာ သူက ထောက်ခံသူတွေကို နှုတ်ဆက်နေချိန်မှာ ဆန္ဒပြသူတွေ ကျောက်တုံးတွေ၊ ပုလင်းတွေ၊ ပန်းအိုးတွေနဲ့ လှမ်းပစ်ခဲ့ကြတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

သမ္မတမီလီ၊ ညီမဖြစ်သူ ကာရီနာမီလီနဲ့ တခြား အရာရှိတွေကို တင်ဆောင်လာတဲ့ ပစ်ကပ်ကားဟာ အဲဒီနေရာကနေ ခပ်မြန်မြန်ပဲ ထွက်ခွာသွားခဲ့ပါတတယ်။

သမ္မမီလီရဲ့ အတွင်းရေးမှူးချုပ် တာဝန်ယူထားပြီး နိုင်ငံရေး ဩဇာ ကြီးမားတဲ့ ညီမဖြစ်သူ ကာရီနာနဲ့ ဆက်စပ်တဲ့ အဂတိ အရှုပ်တော်ပုံ စွပ်စွဲချက်တွေကို အကြောင်းပြုပြီး အာဂျင်တီးနားမှာ အစိုးရ ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေကြား ပဋိပက္ခတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

မီလီက စည်းရုံးရေး လာဆင်းတယ်ဆိုတာ ရန်လာစတဲ့ လုပ်ရပ်လို့ ယူဆကြောင်း၊ ဒီတော့ ဖြစ်သင့်တဲ့အတိုင်း သူ့ကို လှည့်ပြန်သွားစေခဲ့ကြောင်း လိုမက်စ်ဒီ ဇာမိုရာမြို့ခံတစ်ဦးက ပြောကြားခဲ့ပါတယ်။

မကြာသေးခင်က ပေါက်ကြားလာတဲ့ အသံဖိုင် တစ်ခုထဲမှာတော့ လက်ရှိမှာ ကာရီနာ တာဝန်ယူ ဦးဆောင်နေတဲ့ ပြည်သူ့ မသန်စွမ်း စောင့်ရှောက်ရေးဌာန အကြီးအကဲဟောင်းက ကာရီနာဟာ အဖွဲ့ရဲ့ ရန်ပုံငွေတွေကို ကိုယ်ကျိုးရှာ အမြတ်ထုတ်နေတယ်လို့ စွပ်စွဲထားခဲ့ပါတယ်။ မီလီကတော့ အဲဒီ အသံဖိုင်ထဲက ပြောဆိုမှုတွေ အားလုံးဟာ မုသားသက်သက် ဖြစ်တယ်လို့ ညီမဖက်ကနေ ကာကွယ်ပြီး တုံ့ပြန်ထားပါတယ်။

အသက် ၅၄ နှစ်အရွယ် မီလီဟာ နိုင်ငံစီးပွားရေးကို ပြန်လည် ဦးမော့စေဖို့ အသုံးစရိတ် ချွေတာရမယ်ဆိုပြီး ဘတ်ဂျတ်တွေ အကြီးအကျယ် ဖြတ်တောက်စေခဲ့သူပါ။ အဲဒီထဲမှာ မသန်စွမ်း စောင့်ရှောက်ရေး ရန်ပုံငွေတွေကိုပါ အများအပြား လျှော့ချခြင်း ခံခဲ့ရတယ်လို့ သိရပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ