Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ်ရဲ့ အနာဂတ်အပေါ် အဆုံးအဖြတ် ပေးတော့မယ့် အခြေခံ ဥပဒေ ခုံရုံး

ထိုင်းအခြေခံ ဥပဒေ ခုံရုံးဟာ ရာထူးကနေ ဆိုင်းငံခံထားရသူ ထိုင်းဝန်ကြီးချုပ်ရဲ့ ကံကြမ္မာကို ဩဂုတ် ၂၉ ရက်နေ့မှာ အဆုံးအဖြတ် ပေးတော့မှာ ဖြစ်ပါတယ်။

ဓာတ်ပုံ - AFP

ထိုင်းအခြေခံ ဥပဒေ ခုံရုံးဟာ ရာထူးကနေ ဆိုင်းငံခံထားရသူ ထိုင်းဝန်ကြီးချုပ်ရဲ့ ကံကြမ္မာကို ဩဂုတ် ၂၉ ရက်နေ့မှာ အဆုံးအဖြတ် ပေးတော့မှာ ဖြစ်ပါတယ်။

ဖေထောင်ထန် ရှီနာဝတ်ထ်ဟာ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်းနဲ့ လွှတ်တော် ဥက္ကဋ္ဌဖြစ်သူ ဟွန်ဆန်းနဲ့ ဖုန်းပြောထားတဲ့ အသံဖိုင် ပေါက်ကြားမှုတွေကို အကြောင်းပြုပြီး ဇူလိုင် လဆန်းကတည်းက ရာထူးကနေ ဆိုင်းငံ့ ခံထားရတာ ဖြစ်ပါတယ်။ ဖေထောင်ထန်နဲ့ ဟွန်ဆန်းကြားက ဆက်ဆံရေးဟာ လိုတာထက် လွန်လွန်ကဲကဲ ရင်းနှီးနေခြင်းက နိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ရာမှာ ကျင့်ဝတ်ပိုင်း ရှုပ်ထွေးမှုတွေ ရှိလာစေနိုင်ကြောင်း ကွန်ဆာဗေးတစ် အင်အားစုတွေက စွပ်စွဲပြီး အဲဒီကိစ္စကို ကိုင်တွယ် စုံစမ်းပေးဖို့ ခုံရုံးကို တောင်းဆိုခဲ့ပါတယ်။

ခုံရုံးကလည်း တောင်းဆိုချက်ကို လက်ခံပြီး စစ်ဆေးမှုတွေ လုပ်ဆောင်နေချိန် အတောအတွင်း ဖေထောင်ထန်ကိုပါ ဝန်ကြီးချုပ် အဖြစ်ကနေ ယာယီ ဆိုင်းငံ့ထားစေခဲ့တာ ဖြစ်ပါတယ်။ ဒီအတောအတွင်း ခုံရုံးဟာ စွပ်စွဲသူတွေဖက်ကရော၊ ဖေထောင်ထန်ဖက်ကပါ အပြန်အလှန် အဆိုတင်သွင်းမှုတွေကို လက်ခံပြီး စစ်ဆေးခဲ့ပါတယ်။ ပြီးတော့ ဩဂုတ် ၂၉ ရက်နေ့မှာ အပြီးသတ် စီရင်ချက် ချမှာဖြစ်ပြီး ဖေထောင်ထန် အနေနဲ့ ဝန်ကြီးချုပ် နေရာမှာ ဆက်ရှိသင့် မရှိသင့် အဆုံးအဖြတ် ပေးသွားမှာပါ။ အဲဒီ စီရင်ချက်အတွက် ခုံရုံးရဲ့ တရားသူကြီး ၉ ဦးက မဲပေးကြမှာ ဖြစ်ပါတယ်။

တကယ်လို့ အနည်းဆုံး တရားသူကြီး ၅ ဦးက ဖေထောင်ထန်ဟာ ဝန်ကြီးချုပ်အဖြစ် ဆက်မရှိသင့်ဘူးလို့ ဆုံးဖြတ်ရင် သူဟာ အစိုးရ အကြီးအကဲ နေရာကို ဆုံးရှုံးရမှာ ဖြစ်ပါတယ်။ တကယ်လို့ ခုံရုံး ဆုံးဖြတ်ချက်ကသာ ဖေထောင်ထန်ကို မျက်နှာသာ မပေးတဲ့ ရွေးချယ်မှု ဖြစ်လာမယ်ဆိုရင် သူဟာ ၂၀၀၈ ခုနှစ်နောက်ပိုင်း တရားသူကြီးတွေရဲ့ အဆုံးအဖြတ်နဲ့ ဖြုတ်ချတာ ခံရတဲ့ ပဉ္စမမြောက် ထိုင်းဝန်ကြီးချုပ် ဖြစ်လာတော့မှာပါ။

Public Service Announcement

Public Service Announcement

လေ့လာသူတွေကတော့ တကယ်လို့ ခုံရုံး ဆုံးဖြတ်ချက်က ဖေထောင်ထန်ကို အသာပေးလိုက်ပြီး ဝန်ကြီးချုပ်ရာထူးမှာ ဆက်မြဲနေစေမယ် ဆိုရင်တောင်မှ ထိုင်းနိုင်ငံရေး အခင်းအကျင်းဟာ အများကြီး ပြောင်းလဲသွားပြီဖြစ်ပြီး သူ့ရဲ့ ရှေ့ဆက် ဦးဆောင်မှုအတွက် အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ သိပ်ကိုများပြားသွားပြီလို့ သုံးသပ်ကြပါတယ်။ အထူးသဖြင့် သူ့ရဲ့ ဝန်ကြီးချုပ်ရာထူး ဆိုင်းငံ့ခံထားရတဲ့ ကာလမှာ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြား ၅ ရက်ကြာ စစ်ပွဲ ဖြစ်ပွားလိုက်တာက ဖေထောင်ထန်အတွက် ပိုပြီး အကျပ်ရိုက်သွားစေတယ်လို့ ဆိုပါတယ်။ တစ်ဖက်မှာတော့ ဖေထောင်ထန်ရဲ့ ဖခင်နဲ့ အဒေါ်တို့ကို ဝန်ကြီးချုပ်တွေ အဖြစ်ကနေ ဖြုတ်ချခဲ့ပြီး အာဏာသိမ်းခဲ့ဖူးတဲ့ ထိုင်းစစ်တပ်က ပိုပြီး တန်ခိုးထွားလာနေပါတယ်။

သူ့ရဲ့ ဝန်ကြီးချုပ်ရာထူး ဆက်ပြီး ရှင်သန်နေခဲ့တယ် ဆိုရင်တောင်မှ ဖေထောင်ထန်အတွက် အကြီးမားဆုံး ပြဿနာက ယုံကြည်မှုပိုင်းမှာ အရှုပ်အထွေးတွေ ဖြစ်လာနိုင်တာပါပဲ။ သူ့ကို ထောက်ခံတဲ့ ပြည်သူတွေထဲမှာတောင်မှ ဟွန်ဆန်းနဲ့ အသံဖိုင် ပေါက်ကြားမှု အပြီးမှာ ဇဝေဇဝါ အခြေအနေတွေ ရှိလာပါတယ်။ ဟွန်ဆန်းဟာ ထိုင်းနဲ့ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲမှာ ကမ္ဘောဒီးယားရဲ့ စစ်ရေး အခင်းအကျင်းတွေကို အဓိက ဦးဆောင်ခဲ့သူလို့ ထိုင်းပြည်သူတွေက ရှုမြင်ထားပါတယ်။

နောက်ပြီး လူထုအမြင် စစ်တမ်းတွေမှာလည်း ဖေထောင်ထန်ရဲ့ ဖျူထိုင်းပါတီ ဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရအပေါ် ထောက်ခံ ယုံကြည်မှုဟာ အသံဖိုင် ပေါက်ကြားမှုနောက်ပိုင်း တဖြည်းဖြည်းချင်းစီ ဆက်တိုက် ကျဆင်းနေတယ်လို့ ဆိုပါတယ်။ တစ်ဖက်မှာလည်း အတိုက်အခံ အင်အားစုတွေက ဖေထောင်ထန်ရဲ့ အစိုးရကို သိက္ခာချတဲ့၊ အားနည်းညံ့ဖျင်းကြောင်း ပုံဖော်တဲ့ လှုပ်ရှားမှုတွေကို အင်တိုက်အားတိုက် လုပ်ဆောင်နေပါတယ်။

ချူလာလောင်ကွန်း တက္ကသိုလ်ရဲ့ နိုင်ငံရေး သိပ္ပံ ပညာရှင် တစ်ဦးဖြစ်တဲ့ စတီသောင် သာနာနင်သီချော့က ဖေထောင်ထန်ဟာ ခုံရုံးဆုံးဖြတ်ချက်မှာ သက်သာရာ ရခဲ့ရင်တောင်မှ လာမယ့် ၄ လအတွင်း အောက်လွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲ ကျင်းပပေးဖို့ တောင်းဆိုတာတွေ ကြုံလာရနိုင်တယ်လို့ ထောက်ပြခဲ့ပါတယ်။ အဲဒီ ကာလအတောအတွင်း အတိုက်အခံတွေက အရေးပါတဲ့ မူဝါဒ အပြောင်းအလဲတွေကို ပြင်ဆင်ထားတာမျိုး ဖြစ်လာနိုင်ပြီး ဖျူထိုင်းပါတီအတွက် အတော်လေး ဘေးကျပ်နံကျပ် ဖြစ်စေနိုင်ကြောင်း သူက ပြောပါတယ်။

လောလောဆယ်မှာတော့ ဖေထောင်ထန်ဟာ ဝန်ကြီးချုပ် အဖြစ်ကနေ ဆိုင်းငံ့ခြင်း ခံထားရတဲ့တိုင်အောင် ယဉ်ကျေးမှု ဝန်ကြီးအနေနဲ့တော့ အစိုးရ အဖွဲ့ထဲမှာ ဆက်ပြီး ရှိနေဆဲ ဖြစ်ပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ် အဖြစ်ကနေ ဖယ်ရှားခံခဲ့ရသူ ဖေထောင်ထန် ရှီနာဝတ်ထ်ဟာ ဖျူထိုင်းပါတီ အကြီးအကဲ အဖြစ်ကနေ နုတ်ထွက်သွားခဲ့ပါတယ်။

နိုင်ငံတကာ

လစ်လပ်နေတဲ့ ဝန်ကြီးချုပ် နေရာမှာ အစားထိုး ပုဂ္ဂိုလ် တင်မြှောက်ဖို့အတွက် ထိုင်းလွှတ်တော်ဟာ စက်တင်ဘာ ၅ ရက်နေ့မှာ မဲပေး ဆုံးဖြတ်မှု ခံယူသွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ်သစ် ဖြစ်လာဖို့ လုံလောက်တဲ့ လွှတ်တော်အမတ် ဦးရေ ထောက်ခံမှုမျိုး ရထားပြီး ဖြစ်တယ်လို့ ကွန်ဆာဗေးတစ် အင်အားစု ဘွမ်ဂျိုင်ထိုင်းပါတီ အကြီးအကဲက ပြောကြားခဲ့ပါတယ်။

ဘာသာပြန်ဆောင်းပါး

ထိုင်းမှာ ဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်ကို အခြေခံ ဥပဒေ ခုံရုံး ဆုံးဖြတ်ချက်နဲ့ ရာထူးကနေ ထုတ်ပယ်ခဲ့တဲ့နောက် သိပ်မကြာခင်မှာ နိုင်ငံခေါင်းဆောင် အသစ်ကို ရွေးချယ် တင်မြှောက်ရပါတော့မယ်။ ထိုင်းမှာတော့ ဒါဟာ တရားရုံး ဆုံးဖြတ်ချက်ကြောင့် ဝန်ကြီးချုပ်တွေ ထုတ်ပယ်ခံရတာ ၁၇ နှစ်အတွင်း ၅...