သူ့ကို ရာထူးကနေ ထုတ်ပယ်ခဲ့တဲ့ အခြေခံ ဥပဒေ ခုံရုံး ဆုံးဖြတ်ချက်ကို အသာတကြည် လက်ခံကြောင်း ထိုင်းဝန်ကြီးချုပ်ဟောင်း ဖေထောင်ထန် ရှီနာဝတ်ထ်က ပြောကြားခဲ့ပါတယ်။
ဖေထောင်ထန်ဟာ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းနဲ့ ပုဂ္ဂိုလ်ရေး ဖုန်းဆက်ဆွေးနွေးတဲ့ အသံဖိုင်တစ်ခု ပေါက်ကြားရာကနေ ပြဿနာ တက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ အသံဖိုင်ထဲမှာ ဖေထောင်ထန်ဟာ ထိုင်းစစ်တပ်ကို ပုတ်ခတ် ပြောဆိုထားတဲ့နောက် စစ်တပ်နဲ့ နီးကပ်တဲ့ ကွန်ဆာဗေးတစ်တွေက ဝန်ကြီးချုပ်ရဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ချိုးဖောက်မှုတွေကို စုံစမ်းပေးဖို့ ခုံရုံးဆီ တောင်းဆိုခဲ့ပါတယ်။
ခုံရုံးက အဲဒီအဆိုကို လက်ခံခဲ့ပြီး ကြားနာစစ်ဆေးမှုတွေ စတင်ခဲ့သလို ဇူလိုင်လဆန်းကစပြီး ဖေထောင်ထန်ကို ရာထူးကနေ ယာယီ ဆိုင်းငံ့ထားခဲ့ပါတယ်။ ဩဂုတ် ၂၉ ရက် တရားခွင်မှာတော့ ခုံရုံး တရားသူကြီး ၉ ယောက်ထဲမှာ ၆ ယောက်က ဖေထောင်ထန်ဟာ ကျင့်ဝတ်ပိုင်း ချိုးဖောက်ကြောင်း ဆုံးဖြတ်ပြီး ရာထူးက ထုတ်ပယ်သင့်ကြောင်း အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
ခုံရုံးဆုံးဖြတ်ချက်အပြီး မိနစ်ပိုင်း အကြာမှာပဲ ဖေထောင်ထန်က ဝန်ကြီးချုပ် အိမ်တော်မှာ သတင်းစာ ရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ တရားရေး စနစ်ကို လေးစားတဲ့သူ တစ်ဦးအနေနဲ့ သူဟာ ခုံရုံး ဆုံးဖြတ်ချက်ကို အသိအမှတ်ပြုကြောင်း၊ ဒါပေမဲ့ ထိုင်းပြည်သူ တစ်ဦးအနေနဲ့တော့ သူဟာ ထိုင်းနိုင်ငံသားတွေရဲ့ ကောင်းကျိုးအတွက်ပဲ အလုပ်လုပ်ခဲ့တယ် ဆိုတာကို လိပ်ပြာသန့်ကြောင်း ဖေထောင်ထန်က ဆိုပါတယ်။

Public Service Announcement
သူဟာ ထိုင်းမှာတော့ သာမန်ပြည်သူတွေ၊ စစ်သားတွေ ခွဲခြားမနေဘဲ အားလုံးရဲ့ ရှင်သန်ရပ်တည်မှုကို အလေးထားကြောင်း၊ ဟွန်ဆန်းနဲ့ ဖုန်းပြောခဲ့တာကလည်း ထိုင်းပြည်သူတွေရဲ့ အသက်တွေကို လုံခြုံ ဘေးကင်းစေဖို့ ရည်ရွယ်ချက်နဲ့သာဖြစ်ကြောင်းလည်း ခပ်မြန်မြန် ပြီးဆုံးခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဖေထောင်ထန်က ပြောသွားပါတယ်။
ဖေထောင်ထန်က ခုံရုံးရဲ့ ဆုံးဖြတ်ချက်ဟာ ထိုင်းနိုင်ငံရေးမှာ ရုတ်တရက် ဆန်လွန်းတဲ့ နောက်ထပ် အပြောင်းအလဲ တစ်ခုကို ကြုံလာစေတယ်လို့လည်း ဆိုပါတယ်။ ထိုင်းမှာတော့ ၂၀၀၈ ခုနှစ်နောက်ပိုင်း တရားသူကြီးတွေရဲ့ ဆုံးဖြတ်ချက်နဲ့ ရာထူးကနေ ဖယ်ရှားခံရတဲ့ ဝန်ကြီးချုပ်ပေါင်း ၅ ဦးထိ ရှိလာခဲ့ပါပြီ။ ဖေထောင်ထန်က ဝန်ကြီးချုပ်အဖြစ် တစ်နှစ်ကြာ အလုပ်လုပ်ခွင့်ရအောင် ထောက်ခံ ကူညီပေးခဲ့သူ အားလုံးကို ကျေးဇူးတင်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
သူ့အနေနဲ့ အသစ်တက်လာမယ့် အစိုးရကို အားပေး ထောက်ခံနေမှာ ဖြစ်တယ်လို့လည်း ဖေထောင်ထန်က အတည်ပြုခဲ့ပြီး သတင်းစာ ရှင်းလင်းပွဲကို ရုပ်သိမ်းခဲ့ပါတယ်။ သူက သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ပြန်ဖြေမသွားခဲ့ပါဘူး။
ဖေထောင်ထန်ကို ဝန်ကြီးချုပ် အဖြစ်ကနေ တရားဝင် ဖယ်ရှားခဲ့တဲ့နောက် လက်ရှိ ယာယီ ဝန်ကြီးချုပ်ဖြစ်သူ ဖုန်သမ် ဝီချာရာချိုင်ကပဲ ဝန်ကြီးချုပ်အသစ် ရွေးချယ်မှု မတိုင်ခင် နိုင်ငံကို ဦးဆောင်နေမှာ ဖြစ်ပါတယ်။ ထိုင်းရဲ့ ဝန်ကြီးချုပ် အသစ်ကိုတော့ လွှတ်တော်မှာ ကြိုတင် အဆိုပြု နာမည်တင်သွင်းထားသူ ၅ ဦး စာရင်းထဲကနေပဲ ရွေးချယ်ရမှာပါ။ အဲဒီ ၅ ဦးကတော့ ဖေထောင်ထန်ရဲ့ ဖျူထိုင်းပါတီကို ကိုယ်စားပြုသူ ချိုင်ကာဆမ် နီတီဆီရီ၊ ကွန်ဆာဗေးတစ် အင်အားစု ဘွမ်ဂျိုင်ထိုင်း ပါတီရဲ့ ခေါင်းဆောင် အညူတင် ချန်ဗီရာကူလ်၊ ဝန်ကြီးချုပ်ဟောင်း ပယာရွတ်သ် ချန်အိုချာ၊ ထိုင်းအမျိုးသား စည်းလုံးမှုပါတီ ကိုယ်စားပြု ဒုတိယ ဝန်ကြီးချုပ်နဲ့ စွမ်းအင်ဝန်ကြီး ပီရာပန် ဆာလီရက်သာဗီဟာဂါ၊ ကွန်ဆာဗေးတစ် ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု ဂျူရင် လက်ဆန်နာဝီဆစ်တို့ ဖြစ်ပါတယ်။ သူတို့ထဲမှာ ပယာရွတ်သ်ဟာ ၂၀၂၃ ခုနှစ် ကတည်းက နိုင်ငံရေးကနေ အနားယူသွားပြီး ဖြစ်ပေမယ့် စစ်တပ်ကို အားပေးထောက်ခံတဲ့ ထိုင်းအမျိုးသား စည်းလုံးမှုပါတီရဲ့ အဆိုပြု ကိုယ်စားလှယ်လောင်းအဖြစ် ဆက်ပြီး စာရင်းဝင်နေဆဲပါ။
ဝန်ကြီးချုပ် ရာထူးကနေ ဖေထောင်ထန် ဖယ်ရှားခံရခြင်းဟာ ရှီနာဝတ်ထ် မင်းဆက်လို့ တင်စားခံရတဲ့ ထိုင်းရဲ့ ဩဇာကြီးမားတဲ့ နိုင်ငံရေး မိသားစု အတွက်တော့ နောက်ထပ် နာကျင်စရာ မှတ်တမ်းတစ်ခု ဖြစ်လာပါတယ်။ ဖေထောင်ထန်ရဲ့ ဖခင်ဖြစ်သူ သက်ဆင် ရှီနာဝတ်ထ်၊ အဒေါ်ဖြစ်သူ ယင်လက်ခ် ရှီနာဝတ်ထ်တို့ဟာလည်း ထိုင်းဝန်ကြီးချုပ်တွေ ဖြစ်ခဲ့ဖူးပေမယ့် စစ်တပ်ရဲ့ အာဏာသိမ်း ဖယ်ရှားမှုတွေကို ကြုံခဲ့ကြရပါတယ်။
ကိုးကား: BBC


















































