Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်ရဲ့ ကုန်သွယ်ခွန် တိုးမြှင့်သတ်မှတ်ချက် အများစု တရားမဝင်ကြောင်း အမေရိကန် အယူခံရုံး ဆုံးဖြတ်

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် သတ်မှတ်ထားတဲ့ ကုန်သွယ်ခွန် နှုန်းထား အများစုဟာ တရားမဝင်ဘူးလို့ အမေရိကန်ရဲ့ အယူခံ တရားရုံး တစ်ခုက ဆုံးဖြတ်လိုက်ပါတယ်။

ဓာတ်ပုံ - Getty Images

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် သတ်မှတ်ထားတဲ့ ကုန်သွယ်ခွန် နှုန်းထား အများစုဟာ တရားမဝင်ဘူးလို့ အမေရိကန်ရဲ့ အယူခံ တရားရုံး တစ်ခုက ဆုံးဖြတ်လိုက်ပါတယ်။

ဒီအခြေအနေဟာ ထရမ့် ဦးဆောင်တဲ့ အစိုးရအတွက် တရားရေးဆိုင်ရာ စိန်ခေါ်မှု တစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။ ထရမ့်ဟာ သူ့ရဲ့ နိုင်ငံခြားရေး မူဝါဒမှာ ကုန်သွယ်ဖက် နိုင်ငံတွေအပေါ် အခွန်တွေ တိုးမြှင့် စည်းကြပ်တဲ့ နည်းလမ်းကို မဟာဗျူဟာ လက်နက် တစ်ခုလို အသုံးချနေတာ ဖြစ်ပါတယ်။

အမေရိကန် ဖက်ဒရယ် အယူခံရုံး တရားသူကြီး ၁၁ ဦးထဲမှာ ၇ ဦးက ကမ္ဘာ့နိုင်ငံတွေအပေါ် ထရမ့်က ကျင့်သုံးတဲ့ ကုန်သွယ်ခွန် မြှင့်တင် သတ်မှတ်ချက်တွေထဲက အများစုဟာ တရားမဝင်ဘူးလို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီထဲမှာ တရုတ်၊ မက္ကဆီကို၊ ကနေဒါတို့လို နိုင်ငံတွေအပေါ် ထရမ့်က ကုန်သွယ်ခွန်တွေ တိုးမြှင့် ကောက်ယူမယ့် ကိစ္စတွေလည်း အကျုံးဝင်ပါတယ်။

ထရမ့်က ကုန်သွယ်ဖက် နိုင်ငံတွေကို ရုတ်တရက် အခွန်နှုန်းထားတွေ သူ့သဘောအတိုင်း မြှင့်တင်ဖို့အတွက် အရေးပေါ် စီးပွားရေး အာဏာဆိုင်ရာ အက်ဥပဒေ ဆိုတာကို ကိုးကား အသုံးချခဲ့ကြောင်း၊ ဒါပေမဲ့ အဲဒီလုပ်ရပ်ဟာ စည်းမျဉ်း ဥပဒေတွေနဲ့ ဆန့်ကျင်နေကြောင်း အယူခံရုံး နောက်ဆုံး ဆုံးဖြတ်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ အယူခံရုံး ဆုံးဖြတ်ချက်ဟာ အောက်တိုဘာ ၁၄ ရက်နေ့ထိ အသက်ဝင်လာမှာ မဟုတ်သေးပါဘူး။ အဲဒီအတောအတွင်း ထရမ့်ရဲ့ အစိုးရက ဆုံးဖြတ်ချက်ကို မကျေနပ်တဲ့အတွက် အမှုကို တရားရုံးချုပ်က လက်လွှဲယူပေးဖို့ တောင်းဆိုခွင့် ရှိပါတယ်။

ထရမ့်က အယူခံရုံးရဲ့ ဆုံးဖြတ်ချက်ကို သူကိုယ်တိုင် ထူထောင်ထားတဲ့ လူမှုကွန်ရက် မီဒီယာ Truthပေါ်ကနေ ရေးသား ဝေဖန်ခဲ့ပါတယ်။ ဒီလို ဆုံးဖြတ်ချက်မျိုးကို ခွင့်ပြု လက်ခံပေးလိုက်မယ်ဆိုရင် အမေရိကန် ပြည်ထောင်စုကို ဖျက်ဆီးပစ်လိုက်တာနဲ့ ဘာမှ မခြားဘူးလို့ သူက စွပ်စွဲထားပါတယ်။ သူသတ်မှတ်ကောက်ခံမယ့် ကုန်သွယ်ခွန်တွေသာ ပျက်ပြယ်သွားရင် နိုင်ငံအတွက် ကပ်ဆိုက်မှာ သေချာကြောင်း၊ အမေရိကန်ရဲ့ ဘဏ္ဍာရေး အင်အား ယုတ်လျော့သွားမှာဖြစ်ကြောင်း၊ အမေရိကန်ဟာ အားကောင်းမောင်းသန် ရပ်တည်နေဖို့လိုကြောင်း ထရမ့်က ရေးသားထားပါတယ်။

ထရမ့်ဟာ IEEPAလို့ ခေါ်တဲ့ နိုင်ငံတကာ အရေးပေါ် စီးပွားရေး အာဏာ အက်ဥပဒေနဲ့အညီ သူ့ရဲ့ သမ္မတအာဏာကို သုံးပြီး ကုန်သွယ် အခွန်အခတွေ ပြောင်းလဲ သတ်မှတ်ခဲ့တာလို့ ပြောကြားထားပါတယ်။ IEEPAဟာ မူမှန်မဟုတ်တဲ့၊ အန္တရာယ်ပေးနိုင်တဲ့ ခြိမ်းခြောက်မှုတွေ ကြုံလာတဲ့ အချိန်မှာ စီးပွားရေး မူဝါဒတွေကို သမ္မတ အာဏာစက်နဲ့ ပြင်ဆင် ပြဋ္ဌာန်းတာမျိုး ခွင့်ပြုထားတဲ့ ဥပဒေပါ။ အယူခံရုံးကတော့ တခြားနိုင်ငံတွေအပေါ် အခွန်နှုန်းထားတွေ ပြောင်းလဲ သတ်မှတ်တဲ့ လုပ်ပိုင်ခွင့်ဟာ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက် အပေါ်မှာသာ တည်မှီပြီး IEEPAက လွှမ်းခြုံနိုင်မှု မရှိဘူးလို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အသေးစား လုပ်ငန်းတွေနဲ့ အမေရိကန် ပြည်နယ်တချို့က စုပေါင်းပြီး သီးခြားစီ တရားစွဲဆိုခဲ့တဲ့ ဖြစ်စဉ်နှစ်ခုအပြီး အယူခံရုံးက အခုလို ကြားဝင် ဆုံးဖြတ်ပေးခဲ့တာလို့ သိရပါတယ်။ ဧပြီလမှာ ထရမ့်က ကုန်သွယ်ဖက် နိုင်ငံအားလုံးရဲ့ သွင်းကုန်တွေကို ပစ္စည်းတန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်း အနိမ့်ဆုံး သတ်မှတ် အခွန်ကောက်မယ်လို့ ဆုံးဖြတ်လိုက်တဲ့နောက် အခုလို တရားစွဲဆိုမှုတွေ ရှိလာခဲ့တာပါ။

မေလတုန်းကလည်း နယူးယောက် အခြေစိုက် နိုင်ငံတကာ ကုန်သွယ်ရေး ခုံရုံးက ထရမ့်ရဲ့ အခွန်စည်းကြပ်မှုတွေဟာ တရားမဝင်ဘူးလို့ ဆုံးဖြတ် ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရဖက်က အယူခံဝင်နေတဲ့ ကာလအတောအတွင်း အဲဒီ ခုံရုံးဆုံးဖြတ်ချက်ကို အသက်မဝင်စေဘဲ ဆိုင်းငံ့ထားကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို သောကြာနေ့၊ ဇွန်လ ၁၉ ရက်မှာ အလုံးစုံ ပြန်ဖွင့်နိုင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

အမေရိကန်နိုင်ငံရေးအခင်းအကျင်းမှာ ၂၀၂၆ ခုနှစ်အလယ်သက်တမ်းရွေးကောက်ပွဲကို မျက်စိကျလာနေချိန်မှာ သမ္မတဒေါ်နယ်ထရမ့်အတွက် စိုးရိမ်စရာအချက်တစ်ခု ထင်ထင်ရှားရှားပေါ်လာနေပါတယ်။ အဲဒါကတော့ နှစ်ပေါင်းများစွာ သူ့ရဲ့ နိုင်ငံရေးအင်အား အခြေခံအဖြစ် ရပ်တည်ခဲ့တဲ့ အလုပ်သမားတန်းစား လူဖြူ မဲဆန္ဒရှင်တွေကြားမှာ စီးပွားရေးအပေါ် ယုံကြည်မှု လျော့နည်းလာခြင်းပါ။