လစ်လပ်နေတဲ့ ဝန်ကြီးချုပ် နေရာမှာ အစားထိုး ပုဂ္ဂိုလ် တင်မြှောက်ဖို့အတွက် ထိုင်းလွှတ်တော်ဟာ စက်တင်ဘာ ၅ ရက်နေ့မှာ မဲပေး ဆုံးဖြတ်မှု ခံယူသွားမယ်လို့ သိရပါတယ်။
အောက်လွှတ်တော် ဥက္ကဋ္ဌ ဝမ်မူဟာမက် နော်မာသာက လွှတ်တော်အမတ်တွေဆီ လိပ်မူတဲ့ အသိပေးစာ ပေးပို့ခဲ့ရာမှာ စက်တင်ဘာ ၅ ရက်နေ့ကျရင် ဝန်ကြီးချုပ် နေရာကို မဲပေးရွေးချယ်ကြဖို့ တိုက်တွန်းထားပါတယ်။
ဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်ဟာ ကျင့်ဝတ်ချိုးဖောက်ကြောင်း ထင်ရှားတယ်လို့ ထိုင်းဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးက ဆုံးဖြတ်ပြီး ဩဂုတ်လကုန်ပိုင်းမှာ ရာထူးကနေ ထုတ်ပယ်ခဲ့တဲ့နောက် အရှေ့တောင်အာရှ နိုင်ငံဟာ လောလောဆယ်မှာ ခေါင်းဆောင်ကင်းမဲ့နေပါတယ်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ထိုင်းလွှတ်တော်ဟာ ၂၀၂၃ ရွေးကောက်ပွဲတုန်းက ကြိုတင် ရွေးချယ်ထားခဲ့တဲ့ ဆန်ခါတင်အဆင့် ဝန်ကြီးချုပ်လောင်းတွေထဲက တစ်ဦးဦးကိုပဲ မဲပေးရွေးချယ်ခွင့် ရှိပါတယ်။ လောလောဆယ်မှာတော့ အဲဒီစာရင်းမှာ ၅ ဦးပဲ ကျန်တော့ပြီး အမတ်တွေက တစ်ဦးကို မဲပေးရမှာပါ။

Public Service Announcement
လက်ရှိ ညွန့်ပေါင်းအစိုးရကို ဦးဆောင်နေတဲ့ ဖျူထိုင်းပါတီကလည်း ဝန်ကြီးချုပ်လောင်း တစ်ဦးကို အဆိုတင်သွင်းမှာ ဖြစ်ပေမယ့် ပြိုင်ဘက် ကွန်ဆာဗေးတစ် အင်အားစု ဘွန်ဂျိုင်ထိုင်း ပါတီကတော့ ပါတီခေါင်းဆောင် အညူတင် ချန်ဗီရာကူလ် ဦးဆောင်တဲ့ နောက်ထပ် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းဖို့ ညှိနှိုင်းနေကြောင်း အတည်ပြုထားပါတယ်။ အညူတင်ကလည်း သူဟာ အဓိက အတိုက်အခံ အင်အားစုဖြစ်တဲ့ ပြည်သူ့ပါတီကိုပါ စည်းရုံးနိုင်ခဲ့တဲ့နောက် ဝန်ကြီးချုပ် နေရာအတွက် လုံလောက်တဲ့ လွှတ်တော်အမတ်ဦးရေ ထောက်ခံအင်အား ရထားပြီလို့ ပြောကြားထားပါတယ်။
ပြည်သူ့ပါတီက အညူတင်ကို ဝန်ကြီးချုပ်အဖြစ် ထောက်ခံဖို့ ဆုံးဖြတ်လိုက်တာဟာ ဖျူထိုင်းအတွက်တော့ အရှိုက်ထိုးလိုက်သလို ဖြစ်လာပါတယ်။ ဖျူထိုင်းရဲ့ ယာယီဝန်ကြီးချုပ် ဖုန်သမ် ဝီချာရာချိုင်က သူဟာ လွှတ်တော်ကို ဖျက်သိမ်းစေပြီး ရွေးကောက်ပွဲ ကျင်းပခွင့်ပြုဖို့ ထိုင်းဘုရင်ဆီ တင်ပြ တောင်းဆိုထားပြီး ဖြစ်တယ်လို့ စက်တင်ဘာ ၃ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
ယာယီ အစိုးရ တစ်ရပ်က လွှတ်တော်ကို ဖျက်သိမ်းဖို့ တောင်းဆိုခွင့် ရှိမရှိ ဆိုတာက အငြင်းပွားစရာ ဖြစ်နေပေမယ့် တကယ်လို့ ဘုရင်က လက်ခံခွင့်ပြုမယ်ဆိုရင် နှစ်လလောက်အတွင်း ရွေးကောက်ပွဲအသစ် ကျင်းပရမှာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဘွန်ဂျိုင်ထိုင်းနဲ့ ပြည်သူ့ပါတီ ဦးဆောင်တဲ့ အင်အားစုဟာ အညူတင်ကို ဝန်ကြီးချုပ်လောင်းအဖြစ် အဆိုတင်ထားပြီး ဖျူထိုင်းပါတီ ဦးဆောင်တဲ့ အစုအဖွဲ့ကတော့ ချိုင်ကာဆမ် နီတီဆီရီကို ဖေထောင်ထန်ရဲ့နေရာ ဆက်ခံသူအဖြစ် အဆိုပြုထားပါတယ်။
ဖျူထိုင်းနဲ့ ဘွန်ဂျိုင်ထိုင်းတို့ဟာ အရင်က ညွန့်ပေါင်းအစိုးရထဲမှာ မဟာမိတ်တွေအဖြစ် အတူလက်တွဲ အလုပ်လုပ်ခဲ့ပေမယ့်လည်း ဖေထောင်ထန်က ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းနဲ့ အလွတ်သဘော ဖုန်းပြောထားတဲ့ အသံဖိုင် ပေါက်ကြားမှုအပြီး ဘွန်ဂျိုင်ထိုင်းက အစိုးရထဲကနေ နုတ်ထွက်ခဲ့တာပါ။ အဲဒီ အသံဖိုင်ထဲမှာ ဖေထောင်ထန်က ထိုင်းစစ်တပ်ကို ရန်လိုတဲ့၊ ပုတ်ခတ်တဲ့ စကားမျိုး ပြောကြားထားခဲ့ပြီး အဲဒီကိစ္စအပေါ် စစ်တပ်နဲ့ ရင်းနှီး နီးကပ်တဲ့ ဘွန်ဂျိုင်ထိုင်း ပါတီက ဆန္ဒပြပြီး အစိုးရ အဖွဲ့ကနေ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။
ကိုးကား: The Nation


















































