Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာစီးတီးမှာ ရှိနေတယ်ဆိုတဲ့ အစ္စရေး ဓားစာခံနှစ်ဦးရဲ့ ဗီဒီယိုကို ဟားမားစ်ထုတ်ပြ

ဂါဇာစီးတီးမှာ ဖမ်းဆီးချုပ်နှောင်ထားတယ်ဆိုတဲ့ အစ္စရေး ဓားစာခံတွေထဲက ၂ ဦးရဲ့ ဗီဒီယိုကို ဟားမားစ် ပြောက်ကျားတွေက ထုတ်ပြလိုက်ပါတယ်။

ဓာတ်ပုံ - Hamas/BBC

ဂါဇာစီးတီးမှာ ဖမ်းဆီးချုပ်နှောင်ထားတယ်ဆိုတဲ့ အစ္စရေး ဓားစာခံတွေထဲက ၂ ဦးရဲ့ ဗီဒီယိုကို ဟားမားစ် ပြောက်ကျားတွေက ထုတ်ပြလိုက်ပါတယ်။

အစ္စရေးစစ်တပ်က ဂါဇာကမ်းမြှောင် ဒေသရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ဂါဇာစီးတီးကို အလုံးစုံ ထိန်းချုပ်သိမ်းယူဖို့ အရှိန်အဟုန် မြှင့်တင်လာချိန်မှာ စိတ်ဓာတ်စစ်ဆင်ရေး တုံ့ပြန်မှု တစ်ခုအဖြစ် ဟားမားစ်တွေက အဲဒီဗီဒီယိုကို ထုတ်ပြလိုက်တာ ဖြစ်ပါတယ်။

ဗီဒီယိုထဲမှာတော့ အစ္စရေး ဓားစာခံ နှစ်ဦးဖြစ်တဲ့ ဂိုင်းဂီလ်ဘိုယာ ဒါလယ်လ်နဲ့ အေလွန်အိုဟယ်လ်တို့ကို တွေ့ခဲ့ရပါတယ်။ ဒါလယ်လ်က သူနဲ့အတူ နောက်ထပ် အစ္စရေး ဓားစာခံ ၈ ဦးဟာ ဂါဇာစီးတီးမှာ ချုပ်နှောင် ခံထားရကြောင်း၊ ဗီဒီယို ရိုက်ကူးထားတဲ့ အချိန်ဟာ ဩဂုတ်လထဲမှာဖြစ်ကြောင်း ပြောထားပါတယ်။

အစ္စရေးက ဂါဇာစီးတီး ထိုးစစ်အတွက် အရှိန်မြှင့်နေပြီး အဆောက်အအုံတွေကို စတင်ဖြိုချနေတဲ့ အချိန်မှာ အဲဒီမြို့ထဲ အစ္စရေး ဓားစာခံတွေ ရှိနေဆဲဆိုတဲ့ သတင်းစကားကို ဟားမားစ်တွေက ရည်ရွယ်ချက်ရှိရှိ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အရင်ကလည်း ဟားမားစ်တွေက အစ္စရေး ဓားစာခံတွေရဲ့ ဗီဒီယိုတွေကို ထုတ်ပြဖူးပြီး နိုင်ငံတကာ အသိုက်အဝန်းနဲ့ ဓားစာခံတွေရဲ့ မိသားစုဝင်တွေကတော့ ကျင့်ဝတ်ကင်းမဲ့တဲ့ ဝါဒဖြန့် လုပ်ရပ်အဖြစ် ရှုတ်ချခဲ့ပါတယ်။

အခုဗီဒီယိုအသစ် ထွက်ပေါ်လာပြီးတဲ့နောက် လက်ယာစွန်း အမျိုးသားရေး ဝါဒီတစ်ဦးဖြစ်တဲ့ အစ္စရေး အမျိုးသား လုံခြုံရေး ဝန်ကြီး အိုင်တာမာ ဘန်ဂါဗီက အစ္စရေး စစ်တပ်ဟာ ဂါဇာစီးတီး တစ်ခုတည်း မဟုတ်ဘဲ ဂါဇာကမ်းမြှောင်ဒေသရဲ့ နယ်မြေအားလုံးကို သိမ်းယူသင့်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒီနည်းလမ်းကသာ ဟားမားစ်တွေ လက်ထဲမှာ ရှိနေတဲ့ အစ္စရေး ဓားစာခံတွေကို ဘေးကင်းကင်းနဲ့ ပြန်လည် ဆောင်ယူနိုင်စေမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဩဂုတ် ၂၈ ရက်နေ့က ရိုက်ကူးထားတယ်ဆိုတဲ့ ဗီဒီယိုထဲမှာတော့ အိုဟယ်လ်ကို ကားတစ်စီးထဲမှာ တွေ့ရပြီး သူက ဂါဇာစီးတီး တစ်နေရာမှာ ရှိနေတယ်လို့ ပြောကြားထားပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ ရက်ပေါင်း ၇၀၀ လောက်က ဟားမားစ်တွေ အစ္စရေး ပိုင်နက်ထဲ ဝင်ရောက်တိုက်ခိုက်ပြီး ဂီတဖျော်ဖြေပွဲ တစ်ခုကနေ အိုဟယ်လ်ကို အဓမ္မ ဖမ်းခေါ်သွားခဲ့ပုံကိုလည်း အဲဒီဗီဒီယိုထဲမှာ ပြန်လည် ပြသထားခဲ့ပါတယ်။

ဒါလယ်လ်ကတော့ ဖေဖော်ဝါရီလတုန်းက ဟားမားစ်တွေ ထုတ်ပြတဲ့ နောက်ထပ် ဗီဒီယို တစ်ခုထဲမှာလည်း ဖော်ပြခံရဖူးပါတယ်။

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကတော့ ဟားမားစ်တွေဆီက ဆိုးယုတ်တဲ့ ဝါဒဖြန့် ဗီဒီယိုဖိုင်တွေ ထုတ်ပြနေရုံလောက်နဲ့တော့ အစ္စရေးရဲ့ စစ်ဆင်ရေး ရည်မှန်းချက်တွေ လမ်းချော်သွားတာ၊ အားပျော့သွားတာမျိုး ရှိလာမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့တုန်းက ဟားမားစ်တွေဟာ အစ္စရေးနယ်စပ်ကို အင်အားအလုံးအရင်းနဲ့ စီးနင်း တိုက်ခိုက်ခဲ့ပြီး လူပေါင်း ၁၂၀၀ လောက်ကို သတ်ဖြတ်ခဲ့သလို ၂၅၀ ဝန်းကျင်ကို ဓားစာခံတွေအဖြစ် ဂါဇာဖက်ဆီ အဓမ္မ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါတယ်။

ရက်ပေါင်း ၇၀၀ လောက် ကြာမြင့်ပြီးတဲ့ အတောအတွင်း သုံ့ပန်းလဲလှယ်မှု အစီအစဉ်အရ လွတ်မြောက်လာတဲ့ ဓားစာခံတွေ ရှိသလို သေဆုံးသွားတာတွေလည်း ကြုံခဲ့ရပါတယ်။ လက်ရှိ အချိန်ထိ ဟားမားစ်တွေ လက်ထဲမှာ အမေရိကန် နှစ်ဦးအပါအဝင် အမျိုးသား အမျိုးသမီး ဓားစာခံ ၄၈ ယောက် ဆက်ရှိနေပြီး အဲဒီထဲက ၁ ဦးကတော့ အောက်တိုဘာ ၇ ရက်နေ့ စီးနင်းတိုက်ခိုက်မှု မတိုင်ခင် ကတည်းက သီးခြားအဖမ်းခံထားခဲ့ရတာ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အဖွဲ့ရဲ့ လက်နက်ဖျက်သိမ်းရေး သဘောတူညီမှုကို လက်တွေ့ အကောင်အထည် မဖော်ခင် အစ္စရေးဖက်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကြိုတင်ထားရှိတဲ့ ကတိတွေကို တည်ပြဖို့ လိုလိမ့်မယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ဆီက အပြည့်အဝ လက်နက် စွန့်လွှတ်ဖို့ သဘောတူ ကတိကို ရရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

သတင်း

စင်ကာပူမှာ အမြဲတမ်း နေထိုင်ခွင့် (PR) ရထားတဲ့ မြန်မာတစ်ဦးကို အကြမ်းဖက် အားပေးမှု စွပ်စွဲချက်နဲ့ တရားစွဲဆိုသွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသ အုပ်ချုပ်ရေး ကော်မတီကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ပါလက်စတိုင်း လှုပ်ရှားမှု အဖွဲ့အစည်း ဟားမားစ်က ကြေညာခဲ့ပါတယ်။