ပါလက်စတိုင်း အလံနဲ့ ဆင်တူနေတဲ့ ဒီဇိုင်းကြောင့် အင်္ကျီလဲဝတ်ပေးဖို့ တောင်းဆိုခံရတဲ့ နယ်သာလန် လွှတ်တော်အမတ် တစ်ဦးဟာ အဓိပ္ပါယ် ဖွင့်ဆိုချက်အားဖြင့် ပါလက်စတိုင်းကို ထောက်ခံကြောင်း မြင်သာစေမယ့် နောက်ထပ် အင်္ကျီတစ်ထည်ကို ရွေးချယ်ပြသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က နယ်သာလန် လွှတ်တော်မှာ အစိုးရ အသုံးစရိတ်ကိစ္စ စကားရည်လုဖို့ ရောက်လာတဲ့ အမျိုးသမီး အမတ် အက်စ်သာ အူဝါဟန်းဟာ အနီ၊ အဖြူ၊ အစိမ်းနဲ့ အနက်ရောင်တွေ ရောစပ်ထားပြီး ပါလက်စတိုင်း အလံဒီဇိုင်းနဲ့ ဆင်တူတဲ့ အင်္ကျီကို ဝတ်ဆင်လာခဲ့ပါတယ်။
ဒါကို သတိထားမိသွားတဲ့နောက် လွှတ်တော် ဥက္ကဋ္ဌ မာတင် ဘော့စ်မာက အူဝါဟန်းရဲ့ စကားရည်လုမှုကို ကြားဖြတ် ဟန့်တားခဲ့ပြီး အဲဒီအလံပုံ အင်္ကျီနဲ့ နယ်သာလန် လွှတ်တော်ထဲမှာ ရပ်နေတာဟာ အငြင်းပွားစရာ အခြေအနေတွေ ဖြစ်လာနိုင်တယ်လို့ ပြောပြီး အင်္ကျီသွားလဲဖို့ တောင်းဆိုခဲ့ပါတယ်။

အူဝါဟန်းက စည်းမျဉ်း ဥပဒေတွေထဲမှာ အနီ၊ အဖြူ၊ အစိမ်း၊ အနက်ရောင်တွေ ရောထားတဲ့ ဝတ်စုံမျိုး ဝတ်ခွင့် မရှိတဲ့အတွက် သူက အင်္ကျီမလဲဘဲ စကားရည်လုမှု ဆက်လုပ်ချင်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ လွှတ်တော် ဥက္ကဋ္ဌက ဆက်ပြီး ဖိအားပေးနေတဲ့နောက် သူက လက်ခံပြီး အင်္ကျီသွားလဲခဲ့ပါတယ်။

Public Service Announcement
အဲဒီနောက်မှာတော့ သူဟာ ဖရဲသီးပုံ ဒီဇိုင်းနဲ့ အင်္ကျီကိုဝတ်ပြီး လွှတ်တော်ထဲ ပြန်ရောက်လာခဲ့ပါတယ်။ အဲဒီ အင်္ကျီကလည်း အနီ၊ အဖြူ၊ အစိမ်း၊ အနက်ရောင်တွေနဲ့ ဒီဇိုင်းဖန်တီးထားပြီး ဖရဲသီး ဆိုတာဟာ လူမှုကွန်ရက်ပေါ်မှာတော့ ပါလက်စတိုင်း စည်းလုံးရေး လှုပ်ရှားမှုရဲ့ သင်္ကေတ တစ်ရပ်လည်း ဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ လွှတ်တော်ဖက်က မကန့်ကွက်ခဲ့သလို အူဝါဟန်းလည်း စကားစစ်ထိုးမှုတွေမှာ ပြီးဆုံးတဲ့ထိ ဆက်ပြီး ပါဝင်သွားခဲ့ပါတယ်။
အူဝါဟန်းရဲ့ စကားရည်လုမှုကို ကြားဖြတ် ဟန့်တား ခံရတာ၊ လွှတ်တော်ထဲက ထွက်သွားတာ၊ အင်္ကျီလဲပြီး ပြန်ရောက်လာတာတွေရဲ့ ဗီဒီယို မှတ်တမ်းဟာ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့ပြီး သူ့ရဲ့ သတ္တိနဲ့ ဉာဏ်ကောင်းမှုကို ပါလက်စတိုင်း ထောက်ခံသူတွေက ချီးကျူးနေကြပါတယ်။
အူဝါဟန်းက ဖရဲသီးဒီဇိုင်း အင်္ကျီ ဝတ်ထားတဲ့ ဓာတ်ပုံကို လူမှုကွန်ရက် မီဒီယာ Xမှာ တင်ထားခဲ့ပါသေးတယ်။ ဂါဇာ ကမ်းမြှောင်ဒေသမှာ ကလေးတွေ၊ မိသားစုတွေ၊ ဂျာနယ်လစ်တွေဟာ အသတ်ခံနေရ၊ ဒါမှမဟုတ် ငတ်မွတ် သေဆုံးနေကြကြောင်း၊ အားလုံးက ဂါဇာကို အာရုံစိုက်ပေးဖို့လိုကြောင်း သူက ရေးသားထားခဲ့ပါတယ်။
လွှတ်တော်ဖက်ကတော့ အစ္စရေး-ပါလက်စတိုင်း ကိစ္စမှာ အမတ်တစ်ဦးချင်းစီရဲ့ ကိုယ်ပိုင် သဘောထားကို စွက်ဖက်စရာ မရှိပေမယ့် နယ်သာလန်က ဒီပဋိပက္ခမှာ ဘက်မလိုက် မူဝါဒနဲ့ ရပ်တည်နေတဲ့အတွက် လွှတ်တော်ထဲမှာ အယူဝါဒဆိုင်ရာ သင်္ကေတတွေ ဖော်ပြတာကို တားမြစ်ခဲ့တာ ဖြစ်တယ်လို့ ဖြေရှင်းထားပါတယ်။
အူဝါဟန်းက လက်ရှိ အာဏာရ ပြည်သူ့ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီ ပါတီ (VVD)ဟာ ဂါဇာအရေး ဆွေးနွေးတဲ့ အခါတိုင်းမှာ လူမျိုးသုဉ်း သတ်ဖြတ်မှုဆိုတဲ့ ဝေါဟာရကို သတိထား ရှောင်တိမ်းနေတယ်လို့ Xမှာ ရေးသားခဲ့ပါသေးတယ်။
သူက VVDဟာ လူမျိုးသုဉ်း သတ်ဖြတ်မှုကို ဟန့်တားဖို့ ကျင့်ဝတ်နည်းလမ်းတွေ အားလုံးကို တားဆီးနေတယ်လို့လည်း ဝေဖန်ခဲ့သလို ဒဏ်ရာရ ပါလက်စတိုင်း ကလေးငယ်တွေကို နယ်သာလန် ဆေးရုံတွေမှာ ကုသခွင့် ပေးရေးကိုလည်း ငြင်းဆန်နေခဲ့တယ်လို့ စွပ်စွဲသွားခဲ့ပါတယ်။
ကိုးကား: Jerusalem Post


















































