Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်ပြောတဲ့အကိုက်အခဲပျောက်ဆေးနဲ့ အော်တစ်ဇင် ဆက်စပ်နိုင်ခြေကို WHO ပယ်ချ

ဓာတ်ပုံ - Getty Images

စက်တင်ဘာ-၂၄၊၂၀၂၅။People’s Spring

အကိုက်အခဲပျောက်ဆေးကြောင့် ကလေးတွေမှာ လူမှုဆက်ဆံရေး ဖွံ့ဖြိုးမှု မူမမှန်တဲ့ အော်တစ်ဇင် ရောဂါရနိုင်တယ်ဆိုတဲ့အယူအဆကိုကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)၊ ဥရောပသမဂ္ဂ (EU)နဲ့ ဗြိတိန် ကျန်းမာရေးအေဂျင်စီတို့ကပယ်ချခဲ့ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ ကလေးငယ်တွေမှာ Tylenol ဆေးဝါးကို သုံးစွဲခြင်းက အော်တစ်ဇင် ရောဂါ ဖြစ်ပွားမှုနဲ့ ဆက်စပ်နိုင်တယ်လို့ ယုံကြည်ရကြောင်း လူသိရှင်ကြား ကြေညာပြီးတဲ့နောက် အခုလို နိုင်ငံတကာ ကျန်းမာရေး အဖွဲ့အစည်းကြီးတွေက တုံ့ပြန်လာတာ ဖြစ်ပါတယ်။ Tylenolရဲ့ အဓိက ပါဝင်ပစ္စည်းဟာ ဖျားတာ၊ နာကျင်တာတွေ လျော့ပါးသက်သာစေတဲ့ ပါရာစီတမော ဆေးဝါးဖြစ်တာကြောင့် ကိုယ်ဝန်ဆောင်တွေ ပါရာစီတမော သောက်ရင် ကလေးက အော်တစ်ဇင် ဖြစ်နိုင်တယ်ဆိုတဲ့အထိတ်တလန့်ယူဆမှုတွေဆီ ဦးတည်စေခဲ့ပါတယ်။

စက်တင်ဘာ ၂၃ ရက်နေ့မှာ WHOက ကြေညာရာမှာတော့ အကိုက်အခဲ ပျောက်ဆေးကြောင့် အော်တစ်ဇင် ဖြစ်နိုင်တယ် ဆိုတာကို သိပ္ပံနည်းကျ အတည်ပြုဖို့အတွက် သုတေသန ရလဒ်တွေက လုံလောက်တဲ့အခြေအနေမျိုး လုံးဝမရှိသေးကြောင်း ပြောပါတယ်။ သိပ္ပံနည်းကျ သက်သေ မပြနိုင်သေးတဲ့ ကိစ္စမျိုးကို ကောက်ချက်တွေ ဆွဲယူခြင်းနဲ့ ပတ်သက်လို့ အထူး သတိထားသင့်တယ်လို့လည်း WHOက တိုက်တွန်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ EUရဲ့ ဥရောပ ဆေးဝါး အေဂျင်စီ (EMA)လည်း အမေရိကန်မှာ Tylenolလို့ ခေါ်ဝေါ်တဲ့ ပါရာစီတမော ဆေးဝါးကို ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးတွေမှာ မသုံးသင့်ဘူးဆိုတဲ့ အယူအဆကို ထောက်ခံဖို့ သုတေသန အချက်အလက်အသစ်တွေ လုံးဝ မရှိသေးဘူးလို့ ပြောပါတယ်။

ဒါကြောင့် အဲဒီဆေးဝါး သုံးစွဲမှု သတိပေး လမ်းညွှန်ချက်တွေကိုလည်း ပြောင်းလဲမှာ မဟုတ်ဘူးလို့ (EMA)က ဆိုပါတယ်။ ကိုယ်ဝန်ဆောင် ကာလမှာ ပါရာစီတမောသောက်လို့ ကလေးတွေ အော်တစ်ဇင် ဖြစ်နိုင်ပါတယ်ဆိုတဲ့ ဘယ်လို ဆက်နွှယ်မှုမျိုးကိုမှ ရှာတွေ့မထားပါဘူးလို့ အဲဒီ အေဂျင်စီရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားခဲ့ပါတယ်။

ဗြိတိန်ရဲ့ကျန်းမာရေး စုံစမ်းစစ်ဆေးမှုဆိုင်ရာ ဌာနကလည်း ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးငယ်တွေမှာ သတ်မှတ်ထားတဲ့ ဆေးညွှန်းတွေအတိုင်းပါရာစီတမောသုံးစွဲမှုကလုံခြုံဘေးကင်းတယ်လို့ ကြေညာခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ အကြီးမားဆုံးကျန်းမာရေးအေဂျင်စီဖြစ်တဲ့ WHOရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တာရစ်ခ် ဂျာဆာရီဗစ်ကတော့ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ကိုယ်ဝန်ဆောင် ကာလအတွင်း ပါရာစီတမော သောက်သုံးမှုနဲ့ အော်တစ်ဇင် ဆက်စပ်နိုင်သလားဆိုတဲ့ မေးခွန်းကို ဖြေကြားရာမှာအဲဒီယူဆချက်ကို ထောက်ခံပေးဖို့ သုတေသန ရလဒ်တွေက ခိုင်မာတိကျတာဘာတစ်ခုမှမရှိသေးပါဘူးလို့ပြောသွားခဲ့ပါတယ်။

အရင်တုန်းကတော့ ပါရာစီတမောနဲ့ အော်တစ်ဇင် ဆက်စပ်သယောင် သုတေသန ရလဒ်တချို့ ထွက်ပေါ်ခဲ့ဖူးပေမယ့် ပိုပြီး ပြည့်စုံ၊ အနုစိတ်တဲ့ နောက်ဆက်တွဲ စမ်းသပ်မှုတွေက အဲဒီ ယူဆချက်ကို ခိုင်ခိုင်မာမာ ပယ်ဖျက်သွားခဲ့တယ်လို့ သူက ရှင်းပြခဲ့ပါတယ်။

နိုင်ငံတကာ ဆေးပညာ အသိုက်အဝန်းမှာလည်း အကိုက်အခဲပျောက်ဆေးကြောင့် အော်တစ်ဇင် ဖြစ်နိုင်တယ်ဆိုတဲ့ ထရမ့်ရဲ့ ယူဆချက်ကို ဆန့်ကျင်မှုတွေ၊ သတိကြီးကြီးနဲ့ တုံ့ပြန်ထောက်ပြသူတွေ အများအပြား ရှိနေပါတယ်။

ဂျာဆာရီဗစ်ကတော့ ပါရာစီတမောနည်းတူ၊ လက်ရှိ WHO အသိအမှတ် ပြုထားတဲ့ ကာကွယ်ဆေး အမျိုးမျိုးဟာလည်း အော်တစ်ဇင် ရောဂါ ဖြစ်ပွားစေတဲ့ဘေးထွက်အာနိသင်မျိုးမရှိဘူးလို့ ဆက်ပြောပါတယ်။တကယ်လို့မှားယွင်းတဲ့ ကောက်ချက်တွေကို ဖြန့်ဝေမိရင် ဆေးဝါးတွေနဲ့ ကာကွယ်ဆေးတွေက ပေးစွမ်း ထောက်ပံ့မယ့် ကျန်းမာရေး စောင့်ရှောက်နိုင်မှုကို ထိခိုက် ပျက်ယွင်းစေနိုင်တယ်လို့လည်း သူက သတိပေးခဲ့ပါတယ်။

Tylenolကြောင့် အော်တစ်ဇင် ဖြစ်နိုင်တယ် ဆိုတာကို ထရမ့်က သူ့ရဲ့ ကျန်းမာရေးဝန်ကြီးရောဘတ်အက်ဖ်ကနေဒီနဲ့အတူ စက်တင်ဘာ ၂၂ ရက်နေ့တုန်းက အိမ်ဖြူတော်မှာ ကြေညာခဲ့တာပါ။ ကနေဒီဟာ ကာကွယ်ဆေးထိုးနှံမှုတွေကိုအယုံအ

ကြည် မရှိတဲ့ ကာကွယ်ဆေး ဆန့်ကျင်ရေးသမားလို့ လူသိများသူလည်း ဖြစ်ပါတယ်။

ကိုးကား-Reuters

ဓါတ်ပုံ- Getty Images

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

နိုင်ငံတကာ

သမ္မတ ဒေါ်နယ်လ်ထရမ့် ပိုင်ဆိုင်တဲ့ ဂေါက်ကွင်းနားမှာ လက်နက်ကိုင်ပြီး မသင်္ကာစရာ လှုပ်ရှားနေသူ တစ်ဦးကို ဖမ်းဆီးထားကြောင်း အမေရိကန် အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ဟာ ဦးခေါင်းပိုင်းကို ဖြတ်တောက်ခံရမယ့် အခြေအနေကို ရှောင်လွှဲဖို့ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ရတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ဆီက အပြည့်အဝ လက်နက် စွန့်လွှတ်ဖို့ သဘောတူ ကတိကို ရရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။