Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကုလသမဂ္ဂ ညီလာခံမှာ ရည်ရွယ်ချက်ရှိရှိ အနှောင့်အယှက်ပေးမှု ၃ ကြိမ် ကြုံခဲ့တယ်လို့ ထရမ့်စွပ်စွဲ

ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက် မိန့်ခွန်းပြောချိန်မှာ သူ့ကို ရည်ရွယ်ချက်ရှိရှိ အနှောင့်အယှက် ပေးခဲ့တဲ့ ကိစ္စ ၃ ခု ကြုံခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က စွပ်စွဲခဲ့ပါတယ်။ အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်ပေးဖို့လည်း သူက တောင်းဆိုခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက် မိန့်ခွန်းပြောချိန်မှာ သူ့ကို ရည်ရွယ်ချက်ရှိရှိ အနှောင့်အယှက် ပေးခဲ့တဲ့ ကိစ္စ ၃ ခု ကြုံခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က စွပ်စွဲခဲ့ပါတယ်။ အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်ပေးဖို့လည်း သူက တောင်းဆိုခဲ့ပါတယ်။

ထရမ့်ဟာ စက်တင်ဘာ ၂၃ ရက်နေ့တုန်းက နယူးယောက်မြို့ကို ရောက်ရှိလာခဲ့ပြီး ကုလသမဂ္ဂ ဌာနချုပ်မှာ တစ်နာရီကျော်ကြာအောင် မိန့်ခွန်း ပြောခဲ့ပါတယ်။ အဲဒီ မိန့်ခွန်းအတွင်းမှာ သူက ခန်းမဆောင်ထဲ အလာမှာ စက်လှေကား ထိုးရပ်သွားတာရယ်၊ သူ့မိန့်ခွန်းကို စာသားတွေ ရေးထိုးပြထားတဲ့ screenက အလုပ်မလုပ်တာရယ်တွေကို ထည့်သွင်း ဝေဖန်သွားခဲ့ပါတယ်။

ထရမ့်က အဲဒီလောက်နဲ့တင် အခဲမကျေသေးဘဲ ကုလသမဂ္ဂမှာ သူဟာ တမင်တကာ အနှောင့်အယှက် ပေးတယ်လို့ ခံစားရလောက်တဲ့ ကိစ္စ ၃ ခု ကြုံခဲ့တယ်ဆိုပြီး သူကိုယ်တိုင် ထူထောင်ထားတဲ့ လူမှုကွန်ရက် မီဒီယာ Truthပေါ်မှာ ရေးသားထားခဲ့ပါတယ်။

သူကြုံခဲ့တာ တစ်ခုနှစ်ခုလောက် မဟုတ်ဘဲ အင်မတန် စိတ်အနှောင့်အယှက် ဖြစ်စရာ ၃ ခုတိတိ ရှိခဲ့တယ်လို့ ထရမ့်က ဆိုပါတယ်။ မိန့်ခွန်းထဲမှာ သူထည့်ပြောခဲ့တဲ့ စက်လှေကားနဲ့ မိန့်ခွန်း စာတန်းထိုး screen ပျက်နေတဲ့ ကိစ္စတွေအပြင် မိုက်ကရိုဖုန်းက လုံးဝ အသံမထွက်ဘဲ ဖြစ်နေခဲ့တဲ့ အကြောင်းကိုပါ ထရမ့်က ထည့်သွင်း အပြစ်ဖို့သွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မိန့်ခွန်းပြောတဲ့ ခန်းမဆောင်ဆီ သွားတဲ့ နေရာက စက်လှေကားကိုတောင် ကောင်းကောင်းမွန်မွန် ထိန်းသိမ်း ပြင်ဆင်မထားနိုင်တဲ့ ကုလသမဂ္ဂဟာ ကိုယ်ယူရမယ့် တာဝန်တွေကို ဘာမှ ဖြစ်ဖြစ်မြောက်မြောက် စွမ်းဆောင်မပြနိုင်တာ မဆန်းကြောင်း ထရမ့်က ဝေဖန် ရေးသားထားခဲ့ပါတယ်။ စက်လှေကားက ရုတ်တရက် တုံ့ဆိုင်းပြီး ရပ်သွားလို့ သူနဲ့ ဇနီးဖြစ်သူ မယ်လာနီယာ ထရမ့်တို့ လဲကျမသွားတာတောင် အတော်လေး ကံကောင်းတယ်လို့လည်း ထရမ့်က ဆိုပါတယ်။ လက်ကိုင်ကို သေချာ မကိုင်ထားမိရင် ဆိုးဆိုးရွားရွားတွေ ဖြစ်သွားနိုင်တယ်လို့လည်း ထရမ့်က မှတ်ချက်ပေးထားပါတယ်။

သူက ဒီကိစ္စဟာ သာမန်လို့ သဘောမထားသင့်ဘဲ သေချာပေါက် ရည်ရွယ်ချက်ရှိရှိ ကြံစည်နှောင့်ယှက်မှု အနေနဲ့ စဉ်းစားပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်သင့်တယ်လို့လည်း ထောက်ပြထားပါတယ်။

ဒါပေမဲ့ ကုလသမဂ္ဂက ပြန်ပြီး ရှင်းပြထားရာမှာတော့ ထရမ့်နဲ့ မယ်လာနီယာတို့ စက်လှေကားပေါ် ရှိနေချိန် အဲဒီ စက်ယန္တရားကို ရပ်တန့်စေတဲ့ စနစ်တစ်ခု အသက်ဝင်သွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးတော့ အဲဒီစနစ်ကလည်း ချွတ်ယွင်းချက် တစ်ခုခုကြောင့် အသက်ဝင်တာမျိုး မဟုတ်ဘဲ ထရမ့်ရဲ့ အဖွဲ့သားတွေထဲက ဗီဒီယို မှတ်တမ်းသမား တစ်ဦးက ထိမိ တိုက်မိခဲ့တာမျိုးကြောင့်လို့ ယုံကြည်ရကြောင်းလည်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရ အရာရှိ စတီဖိန် ဒူဂျာရစ်က ပြောကြားသွားပါတယ်။

နောက်ပြီး အဲဒီ နည်းပညာပိုင်း ချွတ်ချော်မှုလေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂနဲ့ အမေရိကန် အစိုးရကြားမှာ ဘယ်သူ တာဝန်ရှိသူလဲဆိုတဲ့ အပြန်အလှန် ဝေဖန်တာမျိုး ပွတ်တိုက်မှု တချို့လည်း ထွက်ပေါ်လာပါတယ်။ ကုလသမဂ္ဂ အရာရှိ တစ်ဦးက အမေရိကန် သမ္မတ သွားလာမယ့် နေရာအားလုံးမှာရှိတဲ့ စက်လှေကား၊ ဓာတ်လှေကားတွေကို အမေရိကန် လုံခြုံရေး အရာရှိတွေကပဲ စစ်ဆေး၊ တာဝန်ယူ၊ မောင်းနှင်ကြတယ်လို့ ပြောပေမယ့် အိမ်ဖြူတော်ဖက်ကတော့ အဲဒီ စက်လှေကားကို ကုလသမဂ္ဂကပဲ ထိန်းချုပ်တာလို့ ဆိုပါတယ်။

ထရမ့်က သူဟာ စက်လှေကား ပြဿနာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ ခေါင်းဆောင်ပိုင်းဆီ စာရေးသား ပေးပို့ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ပေးဖို့ တောင်းဆိုမယ်လို့ ပြောပါတယ်။ ပြီးတော့ စက်လှေကားရဲ့ လုံခြုံရေး အစီအမံတွေ ပိုတိုးမြှင့်ဖို့လည်း တွန်းအားပေးသွားမယ်လို့ ထရမ့်က အတည်ပြုခဲ့ပါတယ်။

ဒါက တိုက်ဆိုင်မှု မဟုတ်ကြောင်း၊ ၃ ကြိမ်တိုင်တိုင် အနှောင့်အယှက် ပေးမှုတွေ ရှိခဲ့တာဖြစ်ပြီး ဒီကိစ္စအတွက် တာဝန်ရှိသူတွေက ရှက်သင့်ကြောင်း ထရမ့်က ဝေဖန်သွားပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး မိုက်ခ်ဝဲ့လ်ဇ်ကလည်း စက်လှေကား ပြဿနာကို အမေရိကန် သမ္မတရဲ့ အတွင်းစည်း လုံခြုံရေး ယူနစ်ဖြစ်တဲ့ လျှို့ဝှက် အေးဂျင့်တွေ ကိုယ်တိုင် စုံစမ်းနေတယ်လို့ ပြောကြားခဲ့သလို ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်စ်ဆီ တိုင်ကြားစာ ပေးပို့မယ်လို့ ပြောပါတယ်။

နိုင်ငံတကာ အခမ်းအနားတွေ၊ ဖိုရမ်တွေမှာ အမေရိကန် သမ္မတရဲ့ လုံခြုံရေး၊ သိက္ခာတရားတွေကို ထိပါးခြိမ်းခြောက်သလို ဖြစ်စေနိုင်တဲ့ ကိစ္စမှန်သမျှကို အမေရိကန်က နည်းနည်းလေးမှ သည်းခံမှာ မဟုတ်ကြောင်း သူက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားသွားခဲ့ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖယ်ရှားဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် မြန်မာပြည်သူတွေရဲ့ ရဲဝံ့သော ကြိုးပမ်း ဆောင်ရွက်မှုတွေကို အပြည့်အဝပံ့ပိုးကူညီပေးဖို့ ကမ္ဘာ့အသိုက်အဝန်းကို ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။