အကိုက်အခဲ ပျောက်ဆေးကြောင့် အော်တစ်ဇင်ရောဂါ ဖြစ်ပွားနိုင်တယ်ဆိုတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စကားဟာ အမှန်တရားကိုအပြင်းအထန် ဆန့်ကျင်တာလို့ ဘာရတ် အိုဘားမားက ဝေဖန်သွားခဲ့ပါတယ်။
ထရမ့်ရဲ့ ပထမ သမ္မတသက်တမ်း မတိုင်ခင်က အမေရိကန်မှာ ၈ နှစ်ကြာ သမ္မတအဖြစ် တာဝန်ယူခဲ့သူ အိုဘားမားဟာ စက်တင်ဘာ ၂၄ ရက်နေ့တုန်းက ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ကို ရောက်ရှိနေချိန်မှာ ထရမ့်ကို ထိုးနှက်သွားခဲ့တာ ဖြစ်ပါတယ်။
အခုသီတင်းပတ် အစောပိုင်းမှာ ထရမ့်က အကိုက်အခဲပျောက်ဆေး ပါရာစီတမော အနွယ် Tylenol ဆေးဝါးကြောင့် ကလေးတွေမှာ လူမှုဆက်ဆံရေး ဖွံ့ဖြိုးမှု ပုံမှန် မဟုတ်တဲ့ အော်တစ်ဇင် ရောဂါ ဖြစ်ပွားနိုင်ကြောင်း ပြောကြားခဲ့ပြီး အဲဒီဆေးကို ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ မွေးကင်းစ ကလေးတွေ မသုံးစွဲသင့်ကြောင်း သတိပေးခဲ့ပါတယ်။
ဒါပေမဲ့ ပါရာစီတမောနဲ့ အော်တစ်ဇင်ကြား ဆက်စပ်မှု ရှိပါတယ်ဆိုတဲ့ သိပ္ပံနည်းကျ အထောက်အထားတွေ မရှိသလို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO) အပါအဝင် နိုင်ငံတကာ ကျန်းမာရေး အစုအဖွဲ့တွေက ပါရာစီတမောကို သတ်မှတ် ပမာဏအတိုင်း အသုံးပြုခြင်းက ဘေးကင်းကြောင်း အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။

Public Service Announcement
လန်ဒန်ရဲ့ O2 အားကစားရုံကြီးထဲမှာ ဒေးဗစ် အိုလူဆိုဂါနဲ့ အင်တာဗျူး လုပ်ခဲ့ရာမှာတော့ အမေရိကန် သမ္မတ တစ်ဦးဖြစ်လျက်နဲ့ ထရမ့်ဟာ သိပ္ပံနည်းကျ မဟုတ်တဲ့ ကောက်ချက်တစ်ခုကို လက်လွတ်စပယ် ပြောခဲ့တယ်ဆိုပြီး အိုဘားမားက ဝေဖန်သွားခဲ့တာပါ။ ထရမ့်ရဲ့ စကားကို ယုံစားမိရင် ကိုယ်ဝန်ဆောင် မိခင်တွေဟာ ဖျားနာနေတဲ့ အချိန်မှာတောင် အဖျားကျ အကိုက်အခဲပျောက်ဆုံး မသောက်ရဲဘဲ ဖြစ်နေတော့မယ်လို့ အိုဘားမားက ဆိုပါတယ်။
အိုဘားမားက ထရမ့်ကို တိုက်ရိုက် နာမည်မတပ်ပေမယ့်လည်း အိမ်ဖြူတော်မှာ သူ့ရဲ့သမ္မတ နေရာကို ဆက်ခံခဲ့တဲ့ ပုဂ္ဂိုလ်ဟာ ဆေးဝါးတစ်မျိုးနဲ့ အော်တစ်ဇင်ရောဂါ ဆက်စပ်ပါတယ်လို့ ချဲ့ကား ပြောဆိုနေကြောင်း၊ ဒါပေမဲ့ အဲဒီ ကောက်ချက်ဟာ မမှန်ကန်ဘူး ဆိုတာ အစဉ်တစိုက် သက်သေ ပြထားကြပြီး ဖြစ်ကြောင်း၊ ဒီလို ပြောဆိုမှုတွေဟာ ပြည်သူ့ ကျန်းမာရေး ကဏ္ဍကို ထိခိုက် အနှောင့်အယှက် ပေးနိုင်ပြီး အမျိုးသမီးတွေအတွက် ဘေးဖြစ်စေနိုင်ကြောင်း ပြောကြားသွားပါတယ်။
ဒီလို စကားမျိုးကြောင့်ပြည်သူ့ကျန်းမာရေးကဏ္ဍ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို ဘယ်လောက်တောင် ထိခိုက်နိုင်သလဲ၊ အော်တစ်ဇင် ရောဂါသည်ကလေးတွေရဲ့မိဘတွေအပေါ် ဘယ်လောက်တောင် စိတ်ဖိစီးသွားစေနိုင်သလဲ ဆိုတာတွေကို တွေးဖို့ လိုကြောင်း၊ အော်တစ်ဇင် ရောဂါဆိုတာဟာ ကျယ်ပြန့်တဲ့ အကြောင်းတရားတွေ၊ ဖြစ်စဉ်တွေ ဆက်နွှယ် ပါဝင်နေတာ ဖြစ်ကြောင်း၊ ဒီအရှိတရားနဲ့ ဆန့်ကျင်တဲ့ ပြောဆိုမှုတွေ ဆိုတာဟာ အမှန်တရားအပေါ် အပြင်းအထန် ဆန်ကျင်တာသာဖြစ်ကြောင်း အိုဘားမားက ဆိုပါတယ်။
အိုဘားမားက လူသားဆန်မှုနဲ့ အမေရိကန်ရဲ့ အနာဂတ်အတွက် လွန်ဆွဲနေတဲ့ အလားအလာ နှစ်ခု အကြောင်းကိုလည်း ဆွေးနွေးခဲ့ပါတယ်။ ပထမ နည်းလမ်းက ဒီမိုကရေစီ ပြည့်ဝတဲ့ လမ်းကြောင်းကနေ အပြုသဘောဆန်စွာ ပြောင်းလဲ တည်ဆောက်မှုတွေဖြစ်ပြီး ဒုတိယ လမ်းကြောင်းကတော့ ထရမ့် လိုချင်နေသလိုမျိုး လူထုကောင်းစားရေး ကြွေးကြော်ပြီး ရှေးရိုးစွဲတဲ့ ကမ္ဘာ့အမြင်မျိုးကို ဆုပ်ကိုင်တာဖြစ်ကြောင်း သူက ထောက်ပြခဲ့ပါတယ်။
သူ့ရဲ့ သမ္မတ အရိုက်အရာ ဆက်ခံသူဟာ ဒီအယူအဆမျိုးနဲ့ ပတ်သက်ရင် ရှက်ရွံ့နေတာမျိုး လုံးဝ မရှိကြောင်း၊ သူက နောက်ကြောင်းပြန် သွားချင်တာနဲ့ ပတ်သက်ရင် အမေရိကန် ပြည်သူတွေအတွက် နည်းလမ်းတစ်ခုကနေ ချဉ်းကပ် စဉ်းစားတယ် ဆိုတာမျိုး အကြောင်းပြလေ့ ရှိကြောင်း၊ ဒါပေမဲ့ သူကြွေးကြော်တဲ့ အမေရိကန် ပြည်သူတွေ ဆိုတာက လူထုတစ်ရပ်လုံး မဟုတ်ဘဲ တချို့တလေကိုသာ ဆိုလိုခြင်းဖြစ်ပြီး အဲဒီစနစ်ထဲမှာလည်း အဆင့်တွေ ခွဲခြားသတ်မှတ် ဆက်ဆံတဲ့ အလေ့အထကို အထင်အရှား တွေ့နိုင်ကြောင်း အိုဘားမားက ပြောကြားသွားပါတယ်။
လန်ဒန်က အင်တာဗျူးမှာ အိုဘားမားဟာ ထရမ့်ရဲ့ နာမည်ကို လုံးဝ မရည်ညွှန်းဘဲ သူ့ရဲ့ အရိုက်အရာကို ဆက်ခံသူ အဖြစ်သာ သုံးနှုန်းသွားခဲ့တာ ဖြစ်ပါတယ်။ အိုဘားမားဟာ ဥရောပမှာ ဆွေးနွေးပွဲတွေ၊ အင်တာဗျူးတွေ ပြုလုပ်မယ့် နယ်လှည့် ခရီးစဉ်အတွက် ရောက်ရှိနေတာပါ။ သူဟာ အိုင်ယာလန်နိုင်ငံ၊ ဒဗ္ဗလင်မြို့ကို သွားရောက်ပြီး ဒဗ္ဗလင် လွတ်လပ်ရေး ဂုဏ်ပြုဆုကိုလည်း လက်ခံယူမယ်လို့ သိရပါတယ်။
ကိုးကား: Guardian


















































