အိန္ဒိယမှာ ရုပ်ရှင်မင်းသား တစ်ယောက်ရဲ့ ရွေးကောက်ပွဲကြို မဲဆွယ်မှုအတွင်း စုဝေးတိုးဝှေ့ခဲ့ရာက လူ ၄၀ နီးပါးလောက် သေဆုံးခဲ့ပါတယ်။
စက်တင်ဘာ ၂၇ ရက်နေ့က ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အခုအခါမှာ အမှုဖွင့် စုံစမ်းမှုတွေ လုပ်ဆောင်နေကြောင်း တမီလ်နာဒူ ပြည်နယ် အုပ်ချုပ်ရေးမှူး မူသူဗယ်လ် ကာရူနန်နစ်ဒ်ဟီ စတာလင်က အဲဒီ မဲဆွယ် ဟောပြောပွဲအတွင်း လူတွေ စုပြုံတိုးကြရင်း အချင်းချင်း နင်းမိကြရာက ၃၉ ဦး သေဆုံးပြီး ၅၁ ဦး အပြင်းအထန် ဒဏ်ရာရခဲ့ကြောင်း ပြောပါတယ်။ သေဆုံးသူတွေထဲမှာ ကလေး ၉ ဦး ပါဝင်ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။
အခင်းဖြစ်ပွားရာ ကာရူရာ ဒေသထဲက မဲဆွယ်ပွဲကိုတော့ ရုပ်ရှင်မင်းသား ဗီဂျေးရဲ့ ပါတီဖြစ်တဲ့ တမီလာဂါ ဗက်ထရီ ကက်ဇာဂမ်က ကြီးမှူး ကျင်းပခဲ့တာပါ။ ဗီဂျေးဟာ ဘောလိဝုဒ်ရဲ့ တမီလ် ရုပ်ရှင်ရပ်ဝန်းမှာ အအောင်မြင်ဆုံး မင်းသားတစ်လက်လည်း ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်မှာတော့ သူ့ရဲ့ ကိုယ်ပိုင် နိုင်ငံရေး ပါတီကို ထူထောင်ခဲ့ပြီး ပြုလုပ်ခဲ့သမျှ မဲဆွယ်ပွဲတွေမှာ ထောင်သောင်းချီ များပြားတဲ့ ထောက်ခံသူတွေ၊ ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ အသက် ၅၁ နှစ်အရွယ် ဗီဂျေးက အိန္ဒိယ နိုင်ငံရေး လောကမှာ လက်ရှိ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီရဲ့ ဘရာရတ်တီယာ ဂျန်နက်တာပါတီက ကြီးစိုးနေမှုကိုပါ ရေရှည်မှာ စိန်ခေါ်သွားဖို့ ရည်ရွယ်ကြောင်း ကြွေးကြော်ထားပါတယ်။

Public Service Announcement
လတ်တလောမှာတော့ သူ့ပါတီဟာ ၂၀၂၆ နှစ်ဆန်းပိုင်းမှာ ကျင်းပမယ့် ပြည်နယ်တွင်း ရွေးကောက်ပွဲတွေအတွက် မဲဆွယ်လှုပ်ရှားနေတာ ဖြစ်ပါတယ်။
မဲဆွယ်ပွဲမှာ အရှုပ်အထွေးတွေ ဖြစ်လာတဲ့ အချိန်မှာ ကားတစ်စီးပေါ် ရှိနေခဲ့တဲ့ ဗီဂျေးဟာ မူးဝေဖျော့တော့နေတဲ့ ထောက်ခံ အားပေးသူတွေဖက် ရေဘူးတွေ ပစ်ပေးနေတာကိုလည်း တွေ့ခဲ့ရပါတယ်။ နောက်တော့ လူအုပ်က ထိန်းမရအောင် ဖြစ်လာတဲ့ အချိန်မှာ သူက ရဲတွေဆီ ဆက်သွယ်ပြီး အကူအညီ တောင်းခံခဲ့ပါတယ်။
ဖြစ်ပျက်သွားခဲ့တဲ့ အခြေအနေတွေအတွက် သူလည်း ရင်ကွဲမတတ် ခံစားခဲ့ရကြောင်း၊ ထိခိုက်သေဆုံးခဲ့သူ အားလုံးအတွက် ကြေကွဲ နာကျင်နေမိကြောင်း ဗီဂျေးက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။ သူက ဒဏ်ရာရသူတွေ အမြန်ဆုံး ပြန်လည် သက်သာလာဖို့လည်း ဆုတောင်းပေးထားပါတယ်။
ပြည်နယ် အုပ်ချုပ်ရေးမှူး စတာလင်ကတော့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အလေးအနက် စုံစမ်းမှုတွေ လုပ်ဆောင်မယ်လို့ ကတိပေးခဲ့ပြီး အဲဒီ အတွက်လည်း အငြိမ်းစား တရားသူကြီး တစ်ဦး ဦးဆောင်တဲ့ ကော်မရှင် တစ်ခုကို ခန့်အပ် တာဝန်ပေးထားကြောင်း ဆိုပါတယ်။ သူက လူနင်းခံရပြီး သေဆုံးခဲ့သူတွေရဲ့ မိသားစုတွေကို ရူပီးငွေ ၁ သန်းဆီ ပေးအပ်သွားမယ်လို့လည်း ပြောပါတယ်။ အဲဒီ ငွေပမာဏဟာ ဒေါ်လာ ၁၁၀၀၀ ကျော်လောက်နဲ့ ညီမျှပါတယ်။
ဗီဂျေးရဲ့ ပါတီက ကျင်းပတဲ့ မဲဆွယ်ပွဲတွေမှာ လုံခြုံရေးဆိုင်ရာ ပြဿနာတွေ ဖြစ်ခဲ့တာ ဒီတစ်ကြိမ်က ပထမဆုံးတော့ မဟုတ်ပါဘူး။ မနှစ်က အောက်တိုဘာလတုန်းကလည်း ပါတီရဲ့ ပထမဆုံး လူထုတွေ့ဆုံပွဲကို ကျင်းပတုန်းက အနည်းဆုံး ၆ ဦး လူပိသေဆုံးခဲ့ကြောင်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
မဲဆွယ်ပွဲတွေမှာ တက်ရောက်ခွင့်ရှိသူ ဦးရေကို ကန့်သတ်တာ အပါအဝင် တခြား လုံခြုံရေး အစီအမံတွေကို ရဲတွေက စည်းကမ်းထုတ်ထားပေမယ့်လည်း ဗီဂျေးရဲ့ ပရိသတ် အင်အားကို ထိန်းဖို့က မလွယ်ကူဘဲ ဖြစ်နေတယ်လို့ စီစဉ်သူတွေက ဝန်ခံပါတယ်။
အိန္ဒိယ ဝန်ကြီးချုပ် မိုဒီကတော့ တမီလ်နာဒူရဲ့ ကာရူရာမြို့မှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စအကြောင်း သတင်းကြားခဲ့ပြီး အထူး ဝမ်းနည်း ကြေကွဲကြောင်း လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။
ကိုးကား: Reuters


















































