အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ထောက်ခံသူတွေအတွက် ရည်ရွယ်ထားတဲ့ မေးခွန်းပို့စ် တစ်ခုကို အဆိုတော်မလေး အရီရာနာ ဂရန်ဒေက လူမှုကွန်ရက်ပေါ် တင်ထားခဲ့ပါတယ်။
သူက ထရမ့်အတွက် ရွေးကောက်ပွဲမှာ မဲပေးခဲ့သူတွေဆီ တိုက်ရိုက် လိပ်မူပြီး ထရမ့် သမ္မတ ဖြစ်လာလို့ ဘာတွေ တိုးတက်ပြောင်းလဲ ကောင်းမွန်လာသလဲ ဆိုတာကို မေးခွန်း ထုတ်ထားခဲ့တာ ဖြစ်ပါတယ်။
ထရမ့်အတွက် ထောက်ခံမဲ ပေးခဲ့သူတွေကို သူမေးချင်တာ တစ်ခုရှိကြောင်း၊ အခုဆိုရင် ထရမ့် သမ္မတဖြစ်တာ ရက် ၂၅၀ လောက် ကြာမြင့်လာခဲ့ပြီး အဲဒီအတောအတွင်း ရွှေ့ပြောင်း အခြေချသူတွေဟာ သားတကွဲ မယားတကွဲဖြစ်အောင် အကြမ်းပတမ်း ခွဲခြား ခံနေရပြီး လူ့အဖွဲ့အစည်းတွေက ဖျက်ဆီး ခံနေရကြောင်း၊ လိင်တိမ်းညွှတ်မှု ကွဲပြားသူတွေဟာ ဘာကိစ္စဖြစ်ဖြစ် အပြစ်တင်ခံရနေပြီး အကြောက်တရားနဲ့ နေထိုင်နေရကြောင်း၊ လွတ်လပ်စွာ ပြောဆိုခွင့်ဟာ လုံးဝဥဿုံ ပြိုလဲလုနီးပါး ဖြစ်လာကြောင်း၊ ဒါတွေက ထရမ့်အတွက် မဲပေးသူတွေရဲ့ ဘဝတွေကို ပိုကောင်းလာစေသလားဆိုပြီး သူက မေးထားခဲ့တာပါ။
ပြီးတော့ ကုန်စျေးနှုန်းတွေ သက်သာလာသလား၊ ကျန်းမာရေး အာမခံ စရိတ်တွေ လျော့သွားသလား၊ အလုပ်ခွင်နဲ့ လူနေမှုဘဝ အခြေအနေတွေ တိုးတက်လာသလား၊ အပျော်ခရီးတွေ ထွက်နေကြရသလား၊ ဒါမှမဟုတ် အရင်ကထက် ပိုပျော်ရွှင်လာကြသလား လို့လည်း အရီရာကက ဆက်တိုက် မေးထားပါတယ်။

Public Service Announcement
သူတစ်ပါးရဲ့ ထိခိုက် နာကျင်မှုတွေက ထရမ့် ကတိပေးထားသလို ထရမ့်ထောက်ခံသူတွေအတွက် အကျိုးရှိစေခဲ့သလား၊ ဒါမှမဟုတ် ထရမ့် ထောက်ခံသူတွေက အဲဒီလို ဖြစ်လာမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဆက်စောင့်နေတာလားလို့လည်း သူက ရေးသားထားပါတယ်။
အရီရာနာဟာ တရားမဝင် ရွှေ့ပြောင်း အခြေချသူတွေကို အပြင်းအထန် ဖြိုခွင်းပြီး နယ်နှင်တဲ့ ကိစ္စတွေလိုမျိုး ထရမ့်ရဲ့ မူဝါဒတွေအပေါ် အတိအလင်း ဆန့်ကျင်ရပ်တည်နေသူ ဖြစ်ပါတယ်။
အမေရိကန် ရွေးကောက်ပွဲ မတိုင်ခင် ပြီးခဲ့တဲ့နှစ် အောက်တိုဘာ လကုန်ပိုင်းတုန်းက အရီရာနာက သူ့အနေနဲ့ ရွေးကောက်ပွဲမှာ ထရမ့်ရဲ့ ပြိုင်ဘက်ဖြစ်သူ ကာမာလာ ဟားရစ်ကိုပဲ ကျိန်းသေပေါက် မဲပေးထောက်ခံမယ်လို့ ကြေညာခဲ့ဖူးပါတယ်။
ကိုးကား: Huffington Post


























































