Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကယ်လီဖိုးနီးယားမှာ လမ်းစည်းကမ်းဖောက်တဲ့ မောင်းသူမဲ့ကားကို ရဲတွေတားဆီး၊ လူမပါတော့ ဒဏ်ရိုက်လို့မရ

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်ထဲမှာ လမ်းစည်းကမ်းဖောက်တဲ့ ကားတစ်စီးကို ယာဉ်ထိန်းရဲတွေက လိုက်ဖမ်းခဲ့ပေမယ့် ကားပေါ်မှာ ယာဉ်မောင်း ပါမလာလို့ ဒဏ်ရိုက်စရာ လူမရှိဘဲ ဖြစ်ခဲ့ရပါတယ်။

ဓာတ်ပုံ - San Bruno Police Department

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်ထဲမှာ လမ်းစည်းကမ်းဖောက်တဲ့ ကားတစ်စီးကို ယာဉ်ထိန်းရဲတွေက လိုက်ဖမ်းခဲ့ပေမယ့် ကားပေါ်မှာ ယာဉ်မောင်း ပါမလာလို့ ဒဏ်ရိုက်စရာ လူမရှိဘဲ ဖြစ်ခဲ့ရပါတယ်။

အကြောင်းကတော့ မကွေ့ရမယ့် နေရာမှာ ဂငယ်ကွေ့ ကွေ့ခဲ့တာကြောင့် ရဲတွေက အပူတပြင်း လိုက်ဖမ်းခဲ့တာဟာ မောင်းသူမဲ့ကား နည်းပညာ ကုမ္ပဏီ Waymoရဲ့ မောင်းသူမဲ့ကား တစ်စီးဖြစ်တာကြောင့်ပါ။ အဲဒီကားဟာ ရဲကားတွေရှေ့မှာပဲ ခပ်တည်တည် လမ်းစည်းကမ်းဖောက်ပြီး ဂငယ်ကွေ့ ကွေ့သွားခဲ့တာ ဖြစ်ပါတယ်။

စက်တင်ဘာ ၂၈ ရက်နေ့တုန်းက ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဘရူနိုမြို့ ရဲတပ်ဖွဲ့ဟာ လူမပါတဲ့ကားကို တားထားပြီး သူတို့ရဲ့ အရာရှိတွေ သွားရောက် စစ်ဆေးနေပုံကို Facebookပေါ်မှာ ဝေမျှထားခဲ့ပါတယ်။ Waymoဟာ ဆန်ဖရန်ဆစ္စကိုဘေး ဧရိယာ တဝိုက်မှာ မောင်းသူမဲ့ အငှားကားတွေကို ပြေးဆွဲနေတဲ့ နည်းပညာရှေ့ဆောင် ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်။

လူမပါတော့ ဒဏ်ရိုက်လို့လည်း မရတော့ကြောင်း၊ ရဲတပ်ဖွဲ့ လမ်းညွှန်စာအုပ်မှာ စက်ရုပ်ကို ဒဏ်ရိုက်ဖို့ ညွှန်ကြားချက် မပါကြောင်း ရဲတပ်ဖွဲ့ရဲ့ ပို့စ်ထဲမှာ အရွှန်းဖောက်ပြီး ရေးသားထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဉာဏ်ရည်တု (AI) နည်းပညာ အသုံးပြုထားတဲ့ မောင်းသူမဲ့ ကားတွေဟာ ပတ်ဝန်းကျင်က လမ်းအမှတ်အသား ဆိုင်းဘုတ်တွေ၊ မျဉ်းကြားတွေ၊ မီးပွိုင့်တွေကို အချိန်နဲ့ တပြေးညီ ထောက်လှမ်းကြည့်ရှု မှတ်သားပြီး ယာဉ်စည်းကမ်းနဲ့အညီ မောင်းနှင်ဖို့ တီထွင်ထားတာပါ။ ဒါပေမဲ့ အခုကိစ္စမှာတော့ softwareပိုင်း အမှားအယွင်း တစ်ခုခုကြောင့် မကွေ့ရမယ့် နေရာမှာ ကားက ဂငယ်ကွေ့ ပြန်ကွေ့သွားခဲ့တာ ဖြစ်ဟန် ရှိပါတယ်။

ရဲတွေက ဒဏ်ရိုက်စရာ လူမပါတဲ့ကားကို ဒဏ်မရိုက်တော့ပေမယ့် အဲဒီကိစ္စအကြောင်း Waymo ကုမ္ပဏီဆီ အသိပေးခဲ့ပါတယ်။ ကုမ္ပဏီ အနေနဲ့ အခုလို စည်းကမ်းဖောက်တဲ့ မောင်းနှင်မှုတွေ ထပ်မဖြစ်အောင် softwareပိုင်း ပြန်လည် စစ်ဆေး အဆင့်မြှင့်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ရဲတွေက ပြောပါတယ်။

Waymoကတော့ သူတို့ရဲ့ မောင်းသူမဲ့ကား စနစ်တွေဟာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကို သေချာလိုက်နာအောင် စီစဉ်ဖန်တီးထားတာလို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို ပြန်လည် စစ်ဆေးပြီး လုံခြုံရေးကဏ္ဍမှာ ပိုမို တိုးတက် ကောင်းမွန်လာအောင် ပြင်ဆင် ပြောင်းလဲတာတွေ လုပ်သွားမယ်လို့ ကုမ္ပဏီက ဆိုပါတယ်။

ကယ်လီဖိုးနီးယား ပြည်နယ် အုပ်ချုပ်ရေးမှူး ဂေဗင် နယူဆွမ်က လမ်းပေါ်မှာ စည်းကမ်းချိုးဖောက်တဲ့ မောင်းသူမဲ့ကားတွေ တွေ့ရင် ရဲတွေက သတိပေးပြီး ချလန်ဖြတ်နိုင်ဖို့ ဥပဒေ မူကြမ်းကို တင်သွင်းခဲ့ပြီး နောက်နှစ်မှာ စတင် အသက်ဝင်လာမှာပါ။ ဆန်ဘရူနို ရဲတပ်ဖွဲ့ကတော့ မောင်းသူမဲ့ကားက စည်းကမ်းဖောက်လို့ လိုက်ဖမ်းရတာ ပထမဆုံး အတွေ့အကြုံလို့ ပြောပါတယ်။

အရင်ကလည်း ဆန်ဖရန်ဆစ္စကို တဝိုက်မှာ မောင်းသူမဲ့ကားတွေကြောင့် ပြဿနာတက်ရတဲ့ အခြေအနေတချို့ ရှိခဲ့ဖူးပါတယ်။ အဲဒီဖြစ်စဉ်တွေထဲမှာတော့ ယာဉ်ကြောကျပ်တည်းတဲ့ လမ်းလယ်ခေါင်မှာ မောင်းသူမဲ့ကားက ထိုးရပ်နေတာ၊ လမ်းသွားလမ်းလာတစ်ဦးက ကားနဲ့ ချိတ်ပါသွားတာ၊ မီးသတ်ကားတွေရဲ့ လမ်းကြောင်းကို မောင်းသူမဲ့ကားက နှောင့်ယှက်မိတာ၊ ရာဇဝတ်မှု ဖြစ်ပွားလို့ ပိတ်ထားတဲ့ ဇုန်နေရာ တစ်ခုထဲ မောင်းသူမဲ့ကား တစ်စီးက မောင်းဝင်သွားတာမျိုးတွေ ပါဝင်ခဲ့ပါတယ်။

အသက်ဝင်လာမယ့် ဥပဒေသစ်မှာတော့ မောင်းသူမဲ့ကား ကုမ္ပဏီတွေဟာ အရေးပေါ် အခြေအနေ ကြုံလာရင် ဦးဆုံး တုံ့ပြန်မယ့် ဌာနတွေဆီ ဖုန်းနံပါတ်တွေ ပေးထားရမှာဖြစ်ပြီး သတ်မှတ်ဇုန် တစ်ခုခုထဲကနေ အဲဒီကားတွေကို ဖယ်ရှားပေးဖို့ ဆက်သွယ် တောင်းဆိုခံရရင် ၂ မိနစ်အတွင်း ကုမ္ပဏီဖက်က အဝေးထိန်းစနစ်သုံးပြီး တုံ့ပြန်ကူညီပေးဖို့ ဆိုတာမျိုးလည်း သတ်မှတ်ထားကြောင်း သိရပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ