ရုရှားပိုင် ရေနံတင် သင်္ဘောတစ်စီးကို ပြင်သစ် စစ်သားတွေက ကြားဖြတ် စီးနင်း ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
အဲဒီ ရေနံတင် သင်္ဘောဟာ ပြင်သစ်နဲ့ အနောက်မဟာမိတ် နိုင်ငံတွေက သတ်မှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ချိုးဖောက်ပြီး ရုရှားအတွက် ရေနံ သယ်ယူပို့ဆောင်ပေးနေတဲ့ shadow fleetလို့ ခေါ်တဲ့ ရေနံတင် သင်္ဘော အစုအဖွဲ့ရဲ့ အစိတ်အပိုင်းလို့ ယုံကြည်ရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဒိန်းမတ်နိုင်ငံမှာ အမျိုးအမည်မသိ ဒရုန်းတချို့ ဝင်ရောက် ပျံသန်းမှုကြောင့် လေဆိပ်တွေ ပိတ်ခဲ့ရတဲ့ ဖြစ်ရပ်နဲ့လည်း အဲဒီ သင်္ဘောက ဆက်နွှယ်မှု ရှိနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒရုန်းတွေကြောင့် ဒိန်းမတ်မှာ ဗျာများနေခဲ့ရတဲ့ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အဲဒီသင်္ဘောဟာ ဒိန်းမတ်ကမ်းလွန် ရေပြင်မှာ ရှိနေခဲ့ပါတယ်။ ပြီးတော့မှ ပြင်သစ်ကမ်းလွန်မှာ ရက်အနည်းငယ်လောက် ကျောက်ချ ရပ်နားနေခဲ့တယ်လို့ သိရပါတယ်။
ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်က ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့မှာ အောက်တိုဘာ ၁ ရက်နေ့က ကျင်းပတဲ့ ဥရောပ သမဂ္ဂ (EU) ထိပ်သီး ညီလာခံမှာတော့ ပြင်သစ် စစ်တပ်က ရုရှား ရေနံတင် သင်္ဘောကို ကြားဖြတ် ဖမ်းဆီးထားတယ် ဆိုတာကို အတည်ပြုသွားပါတယ်။ သင်္ဘောသားတွေဟာ ကြီးမားတဲ့ ဥပဒေ ချိုးဖောက်မှုတွေကို ကျူးလွန်ထားခဲ့တယ်လို့ မာခရွန်က ဆိုပေမယ့် အသေးစိတ်ကိုတော့ မဆွေးနွေးခဲ့ပါဘူး။

Public Service Announcement
AFP သတင်းဌာနကတော့ ပြင်သစ် စစ်သားတွေရဲ့ သင်္ဘောပေါ် တက်ရောက် စီးနင်းမှုဟာ စက်တင်ဘာ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့တာလို့ ဖော်ပြထားခဲ့ပါတယ်။ အဲဒီသင်္ဘောဟာ ဒိန်းမတ်မှာ ပျံသန်းခဲ့တဲ့ ဒရုန်းတွေကို လွှတ်တင်ဖို့ အခြေစိုက် နေရာအဖြစ် အသုံးပြုခဲ့တာလားဆိုတဲ့ သတင်းထောက်တွေရဲ့ မေးခွန်းကိုတော့ မာခရွန်က ဖြေမသွားခဲ့ပါဘူး။
လောလောဆယ်မှာတော့ သင်္ဘောသားတွေဟာ ပြင်သစ်ရဲ့ ဘရက်စ်မြို့မှာ ထိန်းချုပ်ခံထားရပြီး အာဏာပိုင်တွေရဲ့ တားဆီးမှုကို ငြင်းဆန်တာ၊ ဘယ်နိုင်ငံက သင်္ဘောလဲ ဆိုတာကို တိတိကျကျ မဖြေတာတွေအတွက် စွဲချက်နှစ်ခု အတင်ခံထားရတယ်လို့ သိရပါတယ်။
၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို ရုရှားက ကျူးကျော်စစ် စတင်ခဲ့တဲ့နောက် အနောက်ဥရောပ မဟာမိတ် နိုင်ငံ အများအပြားက ရုရှားရဲ့ ရေနံ တင်ပို့ရောင်းချမှုတွေကို ကန့်သတ်ပိတ်ပင်ဖို့ အရေးယူ ဒဏ်ခတ်မှုတွေကို ကျင့်သုံးခဲ့ကြပါတယ်။ အဲဒီ အခြေအနေကို ကျော်လွှားဖို့လည်း ရုရှားဟာ shadow fleetကို စုဖွဲ့ခဲ့တာလို့ နိုင်ငံရေး သုတေသီတွေက သုံးသပ်ကြပါတယ်။ အဲဒီ ရေယာဉ်အုပ်ထဲမှာ ရေနံတင်သင်္ဘော အစီး ၆၀၀ နဲ့ ၁၀၀၀ ကြားလောက် ရှိမယ်လို့ မာခရွန်က ခန့်မှန်းခဲ့ပြီး ရုရှား မဟုတ်တဲ့ တခြားနိုင်ငံတွေမှာ မှတ်ပုံတင်ထားကြတာ ဖြစ်ပါတယ်။
ကိုးကား: BBC


















































