Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်ရဲ့ အစီအမံကို သဘောတူပြီး ဆွေးနွေးမှုတွေ စတင်ဖို့ အစ္စရေးရော၊ ဟားမားစ်ပါ လက်ခံ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အဆိုပြုထားတဲ့ ဂါဇာ ငြိမ်းချမ်းရေး အစီအမံကို သဘောတူ လက်ခံမယ့် အရိပ်အယောင်မျိုးကို အစ္စရေးဖက်ကရော၊ ဟားမားစ် ပြောက်ကျားတွေကပါ ပြသလာခဲ့ပါတယ်။

ဓာတ်ပုံ - The New York Times

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အဆိုပြုထားတဲ့ ဂါဇာ ငြိမ်းချမ်းရေး အစီအမံကို သဘောတူ လက်ခံမယ့် အရိပ်အယောင်မျိုးကို အစ္စရေးဖက်ကရော၊ ဟားမားစ် ပြောက်ကျားတွေကပါ ပြသလာခဲ့ပါတယ်။

အမေရိကန်ရဲ့ မဟာမိတ်ဖြစ်တဲ့ အစ္စရေး အစိုးရက ထရမ့်ရဲ့ ငြိမ်းချမ်းရေး အစီအမံ ပထမအဆင့်တွေကို ချက်ချင်း စတင် အကောင်အထည်ဖော်ဖို့ ပြင်ဆင်နေပြီလို့ အောက်တိုဘာ ၄ ရက် မနက်အစောပိုင်းမှာ ကြေညာခဲ့ပါတယ်။ အလားတူ ဟားမားစ်တွေကလည်း သူတို့ ဖမ်းဆီးထားတဲ့ အစ္စရေး ဓားစာခံ အားလုံးကို လွှတ်ပေးဖို့ဆိုတဲ့ ထရမ့်ရဲ့ အဆိုပြုချက် တစ်စိတ်တစ်ပိုင်းကို အမြန်ဆုံး ဆွေးနွေးဖို့ သဘောတူကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ဒါဟာ ဂါဇာမှာ အပစ်အခတ် ရပ်စဲနိုင်ရေးနဲ့ ပတ်သက်လို့ အလားအလာကောင်းတွေ တွေ့မြင်လာရတာလို့ ယူဆနိုင်ပေမယ့်လည်း ဟားမားစ်တွေက ထရမ့်ရဲ့ တောင်းဆိုချက် အားလုံးကို လိုက်လျောထားတာတော့ မဟုတ်သေးကြောင်း နိုင်ငံရေး အကဲခတ်တွေက ထောက်ပြခဲ့ပါတယ်။ ဥပမာအားဖြင့် ဟားမားစ်တွေ အလုံးစုံ လက်နက်ချရမယ်ဆိုတဲ့ သတ်မှတ်ချက်မျိုးကို ပါလက်စတိုင်း လက်နက်ကိုင် ပြောက်ကျားအဖွဲ့က လက်ခံမယ်လို့ မပြောခဲ့ပါဘူး။

ဟားမားစ်ဖက်က တုံ့ပြန်မှုအရ အစ္စရေးဟာ သမ္မတ ထရမ့်ရဲ့ အစီအမံထဲက ပထမအဆင့်အဖြစ် ဓားစာခံတွေ အားလုံး ချက်ချင်း လွတ်မြောက်ရေး ကိစ္စ အကောင်အထည် ပေါ်လာအောင် စတင် ပြင်ဆင်နေပြီလို့ အစ္စရေး ဝန်ကြီးချုပ်ရုံးက ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ဓားစာခံတွေ လွတ်လာနိုင်တဲ့ အချိန်ကာလကိုတော့ အစ္စရေးက မထုတ်ပြန်ပါဘူး။ နောက်ပြီး အပစ်ရပ် သဘောတူညီမှု ပထမအဆင့်ထဲမှာ ဂါဇာကို အစ္စရေးက ဗုံးကြဲနေတာတွေ ရပ်ရမယ်ဆိုတဲ့ ထရမ့်ရဲ့ တောင်းဆိုချက်ကို လိုက်နာမှာလား ဆိုတာကိုလည်း ထည့်ပြောမထားပါဘူး။

ဟားမားစ်ဖက်က ကြေညာချက် ထွက်လာပြီးတဲ့နောက် သူထူထောင်ထားတဲ့ လူမှုကွန်ရက် မီဒီယာ Truthမှာ ထရမ့်က ခမ်းနားတဲ့ နေ့တစ်နေ့လို့ ရည်ညွှန်း ရေးသားထားပေမယ့် နောက်ဆုံးအဆင့် ရလဒ်တွေက ဘယ်လို ထွက်ပေါ်လာမလဲ ဆိုတာကိုတော့ စောင့်ကြည့်ဖို့ လိုနေသေးကြောင်း၊ နောက်ဆုံး ကတိစကားတွေက ခိုင်မာဖို့တော့ လိုကြောင်း မှတ်ချက်ပေးထားပါတယ်။

ထရမ့်ရဲ့ တောင်းဆိုမှုတွေထဲမှာတော့ ဟားမားစ် လက်ထဲ အသက်ရှင်လျက်ရော၊ ရုပ်အလောင်း အနေနဲ့ပါ ရှိနေတဲ့ အစ္စရေး ဓားစာခံ ၄၈ ဦးကို ၇၂ နာရီအတွင်း လွှဲပြောင်းပေးရမယ် ဆိုတာလည်း ပါဝင်ခဲ့ပါတယ်။ နောက်ထပ် အရေးကြီးတဲ့ ကိစ္စတစ်ခုက ဟားမားစ်တွေဟာ ဂါဇာမှာ ကြီးစိုးအုပ်ချုပ်မှုကို အပြီးတိုင် စွန့်လွှတ်ပေးရမယ် ဆိုတာဖြစ်ပြီး အဲဒါကိုတော့ ပါလက်စတိုင်း ပြောက်ကျားအဖွဲ့က လက်ခံဖွယ် မရှိဘူးလို့ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

ထရမ့်ရဲ့ အချက် ၂၀ ပါ တောင်းဆိုမှုတွေဟာ ဂါဇာ ကမ်းမြှောင်ဒေသရဲ့ အနာဂတ်နဲ့ ပါလက်စတိုင်း ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ထိရောက်တဲ့ အာမခံချက်မျိုး ပေးမထားဘူးလို့ အစောပိုင်းမှာ ဟားမားစ်ဖက်က ဝေဖန်ခဲ့ပေမယ့်လည်း အခုတော့ ဆွေးနွေးမှုတွေ ရှေ့တိုးနိုင်မယ့် အခြေအနေကို စတင် တွေ့မြင်လာရတာ ဖြစ်ပါတယ်။

ထရမ့်ကတော့ ဟားမားစ် အနေနဲ့ အောက်တိုဘာ ၅ ရက်နေ့ထိမှ သူ့ရဲ့ ကမ်းလှမ်းချက်ကို လက်မခံသေးဘူး ဆိုရင်တော့ ဘယ်တုန်းကမှ မကြုံဖူးတဲ့ ငရဲမျိုး လက်တွေ့ မြင်သွားရစေမယ်လို့ ခြိမ်းခြောက်ထားခဲ့ပါတယ်။

ထရမ့်က အချိန်ပေးထားတာဟာ ရက်အတော်လေး တိုပြီး ငြိမ်းချမ်းရေးအတွက် နှစ်ဖက် အပြီးသတ် ဆွေးနွေးကြဖို့ မဖြစ်နိုင်လောက်ပေမယ့်လည်း ဟားမားစ်ရဲ့ တုံ့ပြန်မှုက အပြုသဘော ဆောင်လာတယ်လို့ ဂါဇာစစ်ပွဲ ရပ်ဆိုင်းရေး ကြားဝင် ညှိပေးနေတဲ့ အီဂျစ် အစိုးရက ပြောပါတယ်။

အလားတူ ညှိနှိုင်းမှုတွေမှာ တက်တက်ကြွကြွ ပါဝင်နေတဲ့ ကာတာနိုင်ငံကလည်း ဟားမားစ်ရဲ့ ထုတ်ပြန်ချက်ကို ကြိုဆိုခဲ့ပြီး အမေရိကန်၊ အီဂျစ်တို့နဲ့အတူ စစ်ပွဲ ရပ်ဆိုင်းရေး အစီအမံတွေ အကောင်အထည် ပေါ်လာအောင် အင်တိုက်အားတိုက် လုပ်ဆောင်သွားမယ်လို့ ကြေညာသွားပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လက်ဘနွန်မှာ အစ္စရေးက တိုက်ခိုက်မှုတွေ မရပ်တဲ့အတွက် ဟောမုဇ် ရေလက်ကြားကို ပြန်ပိတ်လိုက်ကြောင်း အီရန်စစ်တပ်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ စီးတော် လေယာဉ် (Air Force One) အသစ်ကို သမ္မတ ဒေါ်နယ်လ်ထရမ့် ကိုယ်တိုင် မိတ်ဆက် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

သူနဲ့အတူတူ ဓာတ်ပုံရိုက်ဖို့ အီတလီ ဝန်ကြီးချုပ်က ခခယယ တောင်းဆိုခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စကားကို ကာယကံရှင်က ပြင်းပြင်းထန်ထန် တုံ့ပြန် ငြင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးစစ်တပ်နဲ့ လက်ဘနွန်နိုင်ငံ အခြေစိုက် ဟစ်ဇ်ဘိုလာ ပြောက်ကျားတပ်တွေကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိသွားပြီလို့ အမေရိကန်က ကြေညာခဲ့ပေမယ့် တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားနေကြောင်း သိရပါတယ်။