Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဒိန်းမတ် စစ်တပ်ရဲ့ ရေယာဉ်၊ ရဟတ်ယာဉ်တွေကို ရုရှားရေတပ်က တမင်တကာ လိုက်နှောင့်ယှက်ခဲ့တယ်လို့ဆို

ဒိန်းမတ် ရေလက်ကြားတဝိုက်မှာ ရုရှားရေတပ်ဟာ ရန်စတဲ့၊ ခြိမ်းခြောက်မှုဆန်တဲ့ အနှောင့်အယှက် ပေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒိန်းမတ် စစ်ထောက်လှမ်းရေး ဌာနက ပြောပါတယ်။

ဓာတ်ပုံ - Reuters

ဒိန်းမတ် ရေလက်ကြားတဝိုက်မှာ ရုရှားရေတပ်ဟာ ရန်စတဲ့၊ ခြိမ်းခြောက်မှုဆန်တဲ့ အနှောင့်အယှက် ပေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒိန်းမတ် စစ်ထောက်လှမ်းရေး ဌာနက ပြောပါတယ်။

အောက်တိုဘာ ၃ ရက်နေ့မှာ ဒိန်းမတ်ဖက်က ထုတ်ပြန်ရာမှာတော့ ဘောလ်တစ် ပင်လယ်နဲ့ မြောက်ပိုင်းပင်လယ်ကို ဆက်သွယ်ထားရာ ဒိန်းမတ် ရေလက်ကြားမှာ ရုရှား စစ်သင်္ဘောတွေဟာ ဒိန်းမတ် ရေတပ် သင်္ဘောတွေဖက် လက်နက်တွေနဲ့ ချိန်ရွယ်တာ၊ ရေကြောင်းသွားလာမှုဆိုင်ရာ စနစ်တွေကို တမင် အနှောင့်အယှက် ပေးတာတွေ လုပ်ဆောင်နေခဲ့တယ်လို့ ဖော်ပြပါရှိပါတယ်။

အဲဒီလို လုပ်ရပ်တွေဟာ မလိုလားအပ်တဲ့ တင်းမာမှုတွေကို မြင့်တက်လာစေနိုင်တယ်လို့လည်း ဒိန်းမတ်က သတိပေးခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာ ရုရှားက ယူကရိန်းကို ကျူးကျော် တိုက်ခိုက်ခဲ့ချိန် နောက်ပိုင်း ဘောလ်တစ် ပင်လယ်ပြင်မှာ ရေအောက် ကေဘယ်လ်ကြိုးတွေ ဖြတ်တောက် ခံရတာ၊ ဓာတ်ငွေ့ပိုက်လိုင်းတွေ နှောင့်ယှက် ဖျက်ဆီး ခံရတာ၊ ရုရှားက လေပိုင်နက် ကျူးကျော်ခဲ့တာတွေအတွက် ဒေသတွင်း နိုင်ငံတွေနဲ့ ရုရှားကြား တင်းမာမှုတွေ တောက်လျှောက် တည်ရှိနေပါတယ်။

ဒိန်းမတ်ဟာ ယူကရိန်း စစ်ပွဲကာလတလျှောက် ယူကရိန်း အစိုးရကို အမာခံ အားပေး ကူညီနေခဲ့တဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် ယူကရိန်း စစ်ပွဲနောက်ပိုင်း နိုင်ငံရဲ့ ကာကွယ်ရေး အသုံးစရိတ်ကို သိသိသာသာ မြှင့်တင်ခဲ့တဲ့အပြင် ရုရှားနိုင်ငံ အတွင်းပိုင်းထိ ပစ်ခတ်နိုင်မယ့် ဒုံးကျည်လက်နက်တွေ ဖြည့်တင်း ဝယ်ယူဖို့ကိုလည်း ပြင်ဆင်နေပါတယ်။

Public Service Announcement

Public Service Announcement

လတ်တလော ရုရှားက ရန်စတဲ့ လုပ်ရပ်တွေမှာတော့ ဒိန်းမတ် ရေလက်ကြားမှာ သွားလာနေတဲ့ ဒိန်းမတ် လေတပ် ရဟတ်ယာဉ်တွေ၊ ရေတပ်ရဲ့ ရေယာဉ်တွေကို တမင် အနှောင့်အယှက် ပေးနေတာကို တွေ့နိုင်တယ်လို့ ဒိန်းမတ် စစ်ထောက်လှမ်းရေးက ဆိုပါတယ်။

အဲဒီ လုပ်ရပ်တွေထဲမှာတော့ ရဟတ်ယာဉ်တွေ၊ ရေယာဉ်တွေရဲ့ လှုပ်ရှားမှုကို ပစ်မှတ်ရှာ ရေဒါနဲ့ တမင် ချိန်ရွယ်ထားတာမျိုးတွေ၊ လက်နက်တွေနဲ့ လှမ်းချိန်တာမျိုးတွေ ပါဝင်တယ်လို့ သိရပါတယ်။ ဒါတင် မကသေးဘဲ တချို့ ဖြစ်စဉ်တွေမှာတော့ ရုရှား စစ်သင်္ဘောတွေဟာ ဒိန်းမတ် ရေယာဉ်တွေနဲ့ တည့်တည့်ကြီး ဝင်တိုက်နိုင်တဲ့ လမ်းကြောင်းမျိုးကို တမင် ရွေးပြီး ခုတ်မောင်းတတ်ပြန်တယ်လို့လည်း ဒိန်းမတ် စစ်ထောက်လှမ်းရေးဌာန ဒါရိုက်တာ သောမတ်စ် အာရန်ကီရဲလ်က ပြောပါတယ်။

နောက်ပြီး ရုရှား စစ်သင်္ဘော တစ်စီးဟာ ဒိန်းမတ် ကမ်းလွန်မှာ သီတင်းပတ် တစ်ပတ်ကျော်လောက်ထိ ကျောက်ချ ရပ်နားထားခဲ့ပါသေးတယ်။ ဒါဟာ ရုရှားရဲ့ shadow fleetလို့ခေါ်တဲ့ တရားမဝင် ရေနံတင် သင်္ဘော အုပ်စုကို ဒိန်းမတ်က ကြားဖြတ် ဖမ်းဆီးတာမျိုး တစ်ခုခု လုပ်လာရင် ရုရှားက ငြိမ်ခံမနေဘူးဆိုတဲ့ ခြိမ်းခြောက်မှု သင်္ကေတလည်း ဖြစ်နိုင်ပါတယ်။ အဲဒီ shadow fleet ဆိုတာက ယူကရိန်း စစ်ပွဲကြောင့် အနောက်နိုင်ငံတွေဆီက တင်းမာတဲ့ အရေးယူ ပိတ်ဆို့မှုတွေ ခံနေရတဲ့ ရုရှားဟာ နိုင်ငံရဲ့ ရေနံတွေကို တရားမဝင် လမ်းကြောင်းတွေကနေ တင်ပို့ဖို့ ရေနံတင်သင်္ဘော ၆၀၀ ကနေ ၁၀၀၀ ကြား စုဖွဲ့ထားတဲ့ အုပ်စုကို ဆိုလိုတာ ဖြစ်ပါတယ်။

မေလတုန်းက NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်တဲ့ အက်စ်တိုးနီးယားဟာ shadow fleetရဲ့ အစိတ်အပိုင်းလို့ ယုံကြည်ရပြီး ရုရှားဆီ ဦးတည် ခုတ်မောင်းနေတဲ့ ရေနံတင် သင်္ဘော တစ်စီးကို ကြားဖြတ် တားဆီးခဲ့တဲ့နောက် ရုရှားက အဲဒီနေရာကို တိုက်လေယာဉ် တစ်စီး ခြိမ်းခြောက် စေလွှတ်ခဲ့ပြီး ဒေသတွင်း တင်းမာမှုတွေ သိသိသာသာ မြင့်တက်ခဲ့ဖူးပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ