ဂါဇာ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုတွေဟာ သဘောတူညီမှု တစ်ခုခု ရလာဖို့ အရမ်း အလားအလာ ကောင်းနေတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။
ထရမ့်က ကြားဝင် ကမ်းလှမ်းတဲ့ ငြိမ်းချမ်းရေး အဆိုပြုချက်ကို ဆွေးနွေးကြဖို့ အစ္စရေးရော၊ ဟားမားစ်အဖွဲ့ကပါ လက်ခံလိုက်တဲ့နောက် အီဂျစ်နိုင်ငံ၊ ရှမ်အယ်လ်ရှိတ်ခ် မြို့မှာ အောက်တိုဘာ ၆ ရက်နေ့ကစလို့ နှစ်ဖက်ကြား တိုက်ရိုက် မဟုတ်တဲ့ ဆွေးနွေးမှုတွေ စတင်နေပါတယ်။
ဟားမားစ်တွေက အစ္စရေး ဓားစာခံ အားလုံးကို လွှတ်ပေးရေး ညှိနှိုင်းဖို့ကို မူအားဖြင့် လက်ခံထားတဲ့နောက် ဂါဇာမှာ ဗုံးကြဲမှုတွေကို ရပ်ထားဖို့ ထရမ့်ကလည်း မဟာမိတ် အစ္စရေးကို တားထားပါတယ်။ ဒါပေမဲ့ ဂါဇာမှာ အပစ်အခတ် ရပ်စဲထားတာ မဟုတ်သလို ညှိနှိုင်းမှုတွေ လုပ်ဆောင်နေချိန် အတောအတွင်း တိုက်ပွဲတွေကတော့ ဆက်ပြီး ဖြစ်နေဆဲပါ။
အီဂျစ်မှာ ဆွေးနွေးမှုတွေ စတင်လာတဲ့နောက် ထရမ့်က အိမ်ဖြူတော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ အဲဒီ ဆွေးနွေးမှုတွေကနေ အင်မတန် ကောင်းမွန်တဲ့၊ ပြီးတော့ အချိန်ကာလအားဖြင့် အဓွန့်ရှည်မယ့် သဘောတူညီမှု တစ်ခုခု ထွက်ပေါ်လာဖို့ တကယ့်ကို အလားအလာကောင်းတွေ ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

Public Service Announcement
ဟားမားစ်က ထရမ့် အဆိုပြုထားတဲ့ ငြိမ်းချမ်းရေး အစီအမံရဲ့ အစိတ်အပိုင်း တချို့ကို လက်ခံတယ်လို့ ကြေညာထားပေမယ့် တချို့ အပိုင်းတွေနဲ့ ပတ်သက်ရင်တော့ သဘောထား တိတိကျကျ မပြောသေးပါဘူး။ ဥပမာ အလုံးစုံ လက်နက်စွန့်ဖို့နဲ့ အနာဂတ် ဂါဇာနိုင်ငံရေးမှာ ပါဝင်ခွင့် မရှိစေရဘူးဆိုတဲ့ အချက်တွေအပေါ် ဟားမားစ်က ရှင်းရှင်းလင်းလင်း မတုံ့ပြန်သေးပါဘူး။
ပါလက်စတိုင်း အရာရှိ တစ်ဦးကတော့ အောက်တိုဘာ ၆ ရက်နေ့ ညနေပိုင်းထိ ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တဲ့နောက် အောက်တိုဘာ ၇ ရက်နေ့မှာလည်း နောက်ထပ် ဆက်လက် ညှိနှိုင်းသွားဦးမယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီအခါမှာတော့ အီဂျစ်နဲ့ ကာတာ အစိုးရရဲ့ ညှိနှိုင်းရေး အရာရှိတွေဟာ အစ္စရေးနဲ့ရော၊ ဟားမားစ်နဲ့ပါ တံခါးပိတ် ဆွေးနွေးမှုတွေ သီးခြား လုပ်ဆောင်မှာပါ။ အောက်တိုဘာ ၇ ရက်နေ့ဟာ ဂါဇာ စစ်ပွဲကို အစပြုစေတဲ့ ဟားမားစ်ရဲ့ စီးနင်းတိုက်ခိုက်မှု ဒုတိယ နှစ်ပတ်လည်လည်း ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့တုန်းက အစ္စရေး နယ်စပ်ကို ဟားမားစ်တပ်တွေက အလစ်အငိုက် စီးနင်းပြီး အစ္စရေး နိုင်ငံသား ၁၂၀၀ လောက်ကို သတ်ဖြတ်ခဲ့သလို ၂၅၁ ဦးကိုလည်း ဂါဇာပိုင်နက်ထဲ ဓားစာခံတွေအဖြစ် အဓမ္မ ဖမ်းဆီး ခေါ်ဆောင်သွားရာကနေ ဂါဇာစစ်ပွဲကြီး စတင်လာခဲ့တာပါ။ အဲဒီစစ်ပွဲတလျှောက် အစ္စရေးကလည်း ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ပြီး ပါလက်စတိုင်းဖက်က အရပ်သား အများအပြား အပါအဝင် ၆၇၀၀၀ ကျော် သေဆုံးခဲ့ပြီးပါပြီ။
အစ္စရေးရဲ့ ထိပ်တန်း လုံခြုံရေး အရာရှိ တစ်ဦးကတော့ ဆွေးနွေးမှုတွေရဲ့ ပထမအဆင့်မှာ ဓားစာခံအားလုံး လက်လွှဲယူနိုင်ရေး ကိစ္စကိုပဲ ဦးစားပေး အာရုံစိုက်ထားပြီး အဲဒီကိစ္စအတွက် ဟားမားစ်ကို ရက်ပိုင်းလောက်တော့ အချိန်ပေးဖို့ လိုမယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ထရမ့်ကိုယ်တိုင် ကြားဝင် ညှိနှိုင်းပေးထားတဲ့ ငြိမ်းချမ်းရေးအဆို အထမြောက်စေဖို့အတွက် အမေရိကန် အစိုးရဟာ ထရမ့်ရဲ့ သမက်ဖြစ်သူ ဂျရတ်ကူရှ်နာ၊ အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်တို့ ပါဝင်တဲ့ ကိုယ်စားလှယ် အဖွဲ့တစ်ခုကိုပါ လက်ရှိ ဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့ စေလွှတ်ပေးထားကြောင်းလည်း သိရပါတယ်။
ကိုးကား: BBC





















































