Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်သင်္ဘော နစ်မြုပ်ပြီး ပတ်ဝန်းကျင် ညစ်နွမ်းခဲ့တဲ့အတွက် ဆမိုအာကို နယူးဇီလန် နစ်နာကြေးပေး

စစ်သင်္ဘော နစ်မြုပ်မှုကြောင့် သဘာဝ ပတ်ဝန်းကျင် ညစ်နွမ်းမှုတွေ ဖြစ်ပေါ်စေခဲ့တဲ့အတွက် ဆမိုအာကို နစ်နာကြေးပေးဖို့ နယူးဇီလန် အစိုးရက သဘောတူခဲ့ပါတယ်။

ဓာတ်ပုံ - Profile Boats

စစ်သင်္ဘော နစ်မြုပ်မှုကြောင့် သဘာဝ ပတ်ဝန်းကျင် ညစ်နွမ်းမှုတွေ ဖြစ်ပေါ်စေခဲ့တဲ့အတွက် ဆမိုအာကို နစ်နာကြေးပေးဖို့ နယူးဇီလန် အစိုးရက သဘောတူခဲ့ပါတယ်။

မနှစ်တုန်းက နယူးဇီလန် ရေတပ်ရဲ့ HMNZS Manawanui သင်္ဘောဟာ ဆမိုအာ ကမ်းလွန်နားက သန္တာကျောက်တန်း တစ်ခုကို ဝင်တိုက်ခဲ့ရာက မီးလောင်ပြီး နောက်တော့ နစ်မြုပ်သွားခဲ့ပါတယ်။

အဲဒီ ဖြစ်စဉ်အပြီး ဆမိုအာ ကမ်းလွန်မှာ ဆီယိုဖိတ်မှုတွေ ကြုံခဲ့ရသလို ကမ်းခြေတွေ ညစ်နွမ်းတာ၊ ပင်လယ်လိပ်တွေ သေဆုံးတာမျိုး အခြေအနေတွေ ပေါ်ပေါက်ခဲ့ပါတယ်။

အခုသီတင်းပတ်မှာတော့ နယူးဇီလန် နိုင်ငံခြားရေး ဝန်ကြီး ဝင်စတန် ပီတာစ်က ဒီဖြစ်ရပ်တွေအတွက် ဆမိုအာကို နစ်နာကြေးအဖြစ် ဆမိုအာ တာလာငွေကြေး ၁၀ သန်း ပေးချေသွားမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါဟာ နယူးဇီလန် ဒေါ်လာ ၆ သန်းလောက်၊ တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ ၃ သန်းခွဲလောက်နဲ့ ညီမျှတဲ့ ပမာဏပါ။ အဲဒီ နစ်နာကြေးကို ဆမိုအာဖက်က ဆုံးဖြတ်ပြီး နယူးဇီလန်က လက်ခံပေးခဲ့ကြောင်း ပီတာစ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

HMNZS Manawanui နစ်မြုပ်မှုဟာ နယူးဇီလန် အတွက်တော့ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ပထမဆုံးအကြိမ် စစ်သင်္ဘော တစ်စီးကို ပင်လယ်ပြင်မှာ ဆုံးရှုံးရမှု ဖြစ်လာပါတယ်။ နယူးဇီလန် ရေတပ်ဟာ သင်္ဘော ၉ စီးထဲနဲ့ ဖွဲ့စည်းထားရာက မနှစ်က ၁ စီး နစ်မြုပ်သွားခဲ့တာ ဖြစ်ပါတယ်။

HMNZS Manawanuiဟာ ဆယ်စုနှစ်တွေနဲ့ချီ မှတ်တမ်း မတင်ဖြစ်တဲ့ ပင်လယ်ကြမ်းပြင် ဇုန်နေရာ တစ်ခုကို ဆန်းစစ် လေ့လာနေရာကနေ သန္တာကျောက်တန်းပေါ် တင်သွားခဲ့တာပါ။ အဲဒီ ဖြစ်စဉ်မှာ နယူးဇီလန် ရေတပ်သား ၇၅ ယောက်စလုံးကိုတော့ ဘေးကင်းကင်းနဲ့ ရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်။

နစ်မြုပ် သင်္ဘော အပျက်အစီးကို ဘာဆက်လုပ်မလဲ ဆိုတာကိုတော့ နယူးဇီလန် အစိုးရက ဆမိုအာ အာဏာပိုင်တွေနဲ့ ဆက်ပြီး ညှိနှိုင်းနေဆဲလို့ ပီတာစ်က ဆိုပါတယ်။ စစ်သင်္ဘော နစ်မြုပ်မှုကြောင့် ဒေသခံ လူ့အဖွဲ့အစည်းတွေမှာ ထိခိုက်မှုတွေ၊ အနှောင့်အယှက်တွေ ဖြစ်ခဲ့တာကို သဘောပေါက်ကြောင်း၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုတွေ လျှော့ချနိုင်ရေးကို ဦးစားပေးအဆင့် ဆောင်ရွက်ဖို့ ကြိုးစားနေကြောင်းလည်း သူက ပြောကြားသွားပါတယ်။

စစ်သင်္ဘော နစ်မြုပ်မှုနဲ့ ပတ်သက်ပြီး စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုတွေတော့ မရှိသေးပါဘူး။ ဒါပေမဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေက နောက်ဆုံးအဆင့် အပြီးသတ်လုနီးပါး အခြေအနေကို ရောက်နေပြီလို့ နယူးဇီလန် ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာထားပါတယ်။

ကိုးကား: 1News

ဆက်စပ်သတင်းများ